Breaking News

လှကျော်ဇော - ဝမ်ယိ ခရီးစဉ်ရဲ့နောက်ကွယ်မှာ

Photo- Credit
ဝမ်ယိ ခရီးစဉ်ရဲ့နောက်ကွယ်မှာ  
လှကျော်ဇော
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၄

ဗမာပြည်ကြီးမှာ ဩဂုတ်လဆန်းကစလို့ အလှုပ်အခတ်များလှတဲ့ သတင်းပေါင်းစုံပျံ့နှံ့နေပါတယ်။
ဩဂုတ်လ (၃)ရက်နေ့မှာ ... လားရှိုးတော်လှန်ရေးတပ်ဖွဲ့များလက်ကျသွားပါတယ်။
ဩဂုတ်(၅) ... မအလ တနိုင်ငံလုံးကို အသံလွှင့်မိန့်ခွန်းပြောပါတယ်။ တရုတ်ကိုနာမည်မဖော်ဘဲ အကြီးအကျယ်တိုက်ခိုက်ပြောဆိုသွားပါတယ်။
ဩဂုတ်(၆)... စကစရဲ့အားပေးမှုနဲ့ ရန်ကုန်အပါအဝင် မြို့အတော်များများမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ပါတယ်။
ဩဂုတ်(၈) ... တရုတ်ကအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကို မအလက တွေ့ဆုံ။
ဩဂုတ်(၁၃) ... စကစအတွင်းအပြန်အလှန်အာဏာသိမ်းပွဲသတင်းများ တက်။
လူထုအတွင်းစိတ်လှုပ်ရှားမှုတွေ ပြင်းထန်နေစဉ် ဂုတ်(၁၄) ... တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရောက် မအလနဲ့တွေ့။
မအလကို ပြုံးပြုံးရွှင်ရွှင်တွေ့ရ။ (အာဏာသိမ်းသတင်းက ဂျင်းပေါ့။)

... ... တွေ့ဆုံဆွေးနွေးမှုများအပေါ် စကစနဲ့တရုတ်ဆင်ဟွာသတင်းဌာနများအသီးသီးသတင်းများထုတ်ပြန်။ မသိမသာ ကွဲလွဲချက်များတွေ့ရ။ ဘာကြောင့်လဲ။
တကယ်တော့ နှစ်ဉီးနှစ်ဖက်ဆွေးနွေးမှုများပ​ြီးရင် သဘောတူကြေညာချက် (communique)ဆိုတာ ထုတ်ပြန်ရပါတယ်။ ဆွေးနွေးချက်များမှာ သဘောတူညီမှုမရရင်တော့ သီးခြားစီထုတ်ပြန်ပြီး မိမိတို့ဖက်ကပေးချင်တဲ့ သတင်းစကားကို ပေးရတာပါ။ (ဒီတော့ ဆွေးနွေးပွဲကသိပ်အဆင်ချောပုံမရ။)

ဒီတော့ တရုတ်ကပေးချင်တဲ့ သတင်းစကားကဘာလဲ။
၁။ တရုတ်ဆန့်ကျင်ရေးတွေမလုပ်ဖို့။
၂။ စေ့စပ်ဆွေးနွေးအဖြေရှာဖို့။
၃။ လာမယ့်ရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေအားလုံးပါဝင်နိုင်ဖို့။
      စကစကပေးချင်တဲ့ သတင်းစကားကရော၊
၁။ တရုတ်ကမြောက်ပိုင်းအဖွဲ့ကိုမထောက်ခံ။
၂။ စကစလုပ်မဲ့ ရွေးကောက်ပွဲကို တရုတ်ကကူညီမှာ။သဘောက စကစကို ထောက်ခံမှာ။
... ... စတာစတာ များပါ။
   တရုတ်ကတော့ ဗမာပြည်ကြီးအေးချမ်းပြီး မိမိတို့ရဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းရှာစေချင်တာပါ။ သူတို့ရဲ့ ပိုးလမ်းမစီမံကိန်းကိုမှီပြီး အပြန်အလှန်အကျိုးရှိနိုင်မယ့် လမ်းရှာ‌‌စေချင်ပြီး၊ ပူးတွဲလုပ်ဆောင်ချင်နေတာပါ။ပြည်တွင်းမတည်ငြိမ်မှုတွေရက်ရှည်လာရင် တခြားပယောဂတွေဝင်လာမှာစိုးပုံရပါတယ်။

ဒါပေမဲ့ ဗမာပြည်သူတွေအားလုံးကတော့ မိမိတို့ရဲ့အတွေ့အကြုံအရ၊ ဒီစကစ (တနည်း) စစ်အာ ဏာရှင်စနစ်ရှိနေသရွေ့ တိုင်းပြည်ကြီးမငြိမ်းချမ်းနိုင်ဘူး၊ မတိုးတက်နိုင်ဘူးဆိုတာသဘောပေါက်ပြီးသား။ ဒီစစ်တပ်ဟာ ပြည်တွင်းစစ်ရှိနေမှ သူတို့သက်ဆိုးရှည်နိုင်မယ်။ သူတို့သာတိုင်းပြည်ရဲ့အာဏာအရပ်ရပ်ကိုကိုင်စွဲထားနိုင်ပြီး အခွင့်ထူးဟူသမျှရယူထားနိုင်မှာဆိုတော့ တိုင်းပြည်ကြီးကိုမအေးချမ်းစေချင်ဘူးဆိုတာ နားလည်ပြီးသား။တိုင်းပြည်ရဲ့ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာမြစ်ဖျားခံတယ် ဆိုတာမြင်ထားပြီးသား။
ဒါကြောင့်ပဲ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်...ဆိုတဲ့ ပြည်သူတွေရဲ့ကြွေး ကြော်သံပေါ်ထွက်လာပြီး ဒီစစ်တပ်ကို အပြတ်တိုက်ဖို့ဆိုရင် ရနိုင်သမျှအင်းအားအားလုံးစုစည်းပြီး ဟန်ချက်ညီညီလှုပ် ရှားလုပ်ဆောင်ကြရမယ်...လို့ နိဂုံးချုပ်ထားပြီးပါပြီ။

ဝမ်ယိက ဦးသန်းရွှေသွားနှုတ်ဆက်တဲ့ သတင်းထွက်လာတော့လည်း ဂျင်းသတင်းမျိုးစုံ ထွက်လာပါသေးတယ်။ စိတ်ကူးမယဉ်ပါနဲ့။ တရုတ်တွေက ဒီလိုမျိုးလုပ်တတ်ပါတယ်။ သူတို့မိတ်ဟောင်းဆွေဟောင်းတွေကို သွားရောက်တဲ့နိုင်ငံတိုင်းမှာ သွားနှုတ်ဆက်နေကြ။
(စကစ က သတင်းတောင်မထုတ်။)
ဒီတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြရုံပါပဲ။

လှကျော်ဇော
၂၁-၈-၂၀၂၄။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar