Breaking News

ကြံထူး - ပုပ္ပါးတိမ်ခြုံ အိမ်လုံပါ့မလား

Image- Credit
ပုပ္ပါးတိမ်ခြုံ အိမ်လုံပါ့မလား
ကြံထူး
(မိုးမခ) ဩဂုတ် ၂၀၂၃

ကျွန်တော်တို့ရွာရဲ့ အရှေ့စူးစူးကိုမျှော်ကြည့်လိုက်ရင် မှိုင်းညို့ညို့အကြည့်တွေနဲ့ နွေးနွေးထွေးထွေး အမြဲထွေးပိုက်ပေးထားတတ်တဲ့ တောင်တန်းပြာကြီးတစ်ခုရှိတယ်။ 

ဒီတောင်တန်းပြာကြီးက ကျွန်တော်တို့ကို ခွန်အားတွေ မွေးဖွားပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မိုးလင်းဖော် မိုးဖက်ဆိုလည်း မမှားဘူးပေါ့။ မနက်စောစော အရှေ့အရပ်က ယာတောတွေဆီကိုသွားတဲ့အခါ တအိအိရွေ့ လျားနေတဲ့ နွားလှည်းပေါ်မှာ တငေးငေး၊ တဆွေးဆွေးထိုင်းရင်း ငိုက်မြည်းစိတ်နဲ့ယိုင်နဲ့လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ခေါင်းကလေးဆတ်ကနဲ မော့ကြည့်လိုက်တိုင်း တောင်တန်းပြာကြီးက ကျွန်တော့်ရှေ့မှာ အမြဲရှိနေတတ်တယ်။ ကျွန်တော်ဟာ တောင်တန်းပြာကြီးကို ကြည့်လိုက်တိုင်းအားပေးဖော်တစ်ယောက်လို ခံစားချက်မျိုးကို အမြဲတမ်းရရှိခဲ့တယ်။ “ယာတောဆီကို အမြန်လာခဲ့ပါ။ မင်းရှေ့မှာ ငါစောင့်နေတယ်” လို့ လက် ယက်ခေါ်နေသလိုမျိုးပေါ့။ ကျွန်တော်ကသာ တောင်တန်းပြာကြီးကို ခဏခဏ ကျောခိုင်းခဲ့ရတာ။ တောင်တန်းပြာကြီးကတော့ ကျွန်တော်လှည့်ကြည့်လိုက်တိုင်းမှာကျွန်တော့်ဆီကို အမြဲတမ်း မျက်နှာမူလျက်ပေါ့။ ကျွန်တော် ဘယ်အရပ်ကပဲ ပြန်လာပြန်လာ သူက အမြဲတမ်း စောင့်ကြိုလျှက်။ အောင်မြင်မှုတွေနဲ့ ပြန်လာတဲ့အခါ ဂုဏ်ပြုအပြုံးလေး မြင်ရသလို ဘဝအမောတွေနဲ့ ပြန်လာတဲ့အခါ နှစ်သိမ့်အနမ်းနဲ့ ကြိုဆိုနေတတ်ပါတယ်။ 

သူဟာ ကျွန်တော်တို့အညာရဲ့ အိုအေစစ်ပေါ့။ ဟုတ်ပါတယ်။ နေ့လယ်၊ နေ့ခင်း အညာနွေပြင်းပြင်းအောက်မှာ သူဟာ ကျွန်တော်တို့ကို အေးမြစေတယ်။ ပူပြင်းရက်စက်တဲ့ နေရောင်ခြည်တွေ အောက်မှာ ချွေးအလိမ်းလိမ်းနဲ့ မောပမ်းလာတဲ့ အခါတိုင်း ပုပ္ပါးတောင်ထိပ်က တိမ်ရိပ်တွေကို ကြည့်ရင်း အခါခါ အမောဖြေခဲ့ဖူးတာပေါ့။ “တောင်တော် ရွှေပုပ္ပါး” သီချင်းကို လေချွန်သံ တမြမြနဲ့ စီးမြောရင်း ကျွန်တော်တို့ရဲ့ နေ့လယ်ခင်းတွေကို ဂီတစီးချက်တွေထဲမှာ နှစ်မြှုပ်ထားခဲ့ဖူးတယ်။ လေယူရာ ယိမ်းကတတ်တဲ့ ပဲစဉ်းငုံခင်းကြီးတွေထက်မှာ ထီးထီးကြီး အုပ်မိုးကြည့်နေတတ်တဲ့ သူ့ကို ငေးရင်း တည်ငြိမ်မှု အလင်္ကာတွေ တစ်ပွင့်ပြီး တစ်ပွင့် စီရရီပွင့်လို့ပေါ့။ 

ဧရာဝတီက ရာဇဝင်များရဲ့ သတို့သမီးဆိုရင် သူဟာ ကျွန်တော်တို့ အညာသူ၊ အညာသားတွေအတွက်တော့ ရာဇဝင်များရဲ့ ဧကရီတစ်ပါးပါပဲ။ မယ်ဝဏ္ဏစံပျော်ခဲ့ရာ အတိတ်သမိုင်းရဲ့ ပုံရိပ်တွေက ပန်းရောင်စုံတို့နဲ့အတူ ယိမ်းကလို့။ စကားဝါပန်းရနံ့ တွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေလေညှင်းလေးတွေက ရာဇဝင် သမိုင်းကြောင်းတွေကို တစ်လွှာချင်းထမ်းပိုးယူဆောင်လာသလိုလို။

ကျွန်တော်တို့ အညာဒေသလေးဟာ အမြဲလိုလို မိုးကို မျှော်နေရတတ်တဲ့ ဒေသတစ်ခုပေါ့။ ခရီးဝေးက ပြန်လာမဲ့ချစ်သူကို မျှော်နေရသလိုမျှော်နေရတာမျိုးပါ။ တိမ်တိုက်တွေကလည်း မာယာများတဲ့ ချစ်သူလိုပါပဲ။ “ တောင်ဆီလာမှမိုး၊ ဒေါင်ဒေါင်မြည်မှအိုး” လို့ဆိုရိုးဘယ်လိုပဲရှိပါစေ။ ဘယ်အရပ်က လာတဲ့မိုးပဲဖြစ်ဖြစ်ကျွန် တော်တို့ အညာမှာတော့ လက်တစ်ကမ်းရောက်မှ အဝေးကို ပြေးသွားတဲ့ မိုးတွေက ဖြစ်စ်ရိုးဖြစ်စဉ် တစ်ခုမျှသာ။

ဒီလိုအခြေအနေတွေကြား ပုပ္ပါးတောင်မကြီးဆီမှာ တိမ်ရိပ်တိမ်ငွေ့တွေ သမ်းလာပြီဆိုရင် ကျွန်​တော်တို့ အညာ က တောင်သူတွေရဲ့ ရင်မှာလည်း မျှော်လင့်ချက် ရောင်ခြည်တွေ သမ်းလာတဲ့ အချိန်ပါပဲ။ “ပုပ္ပါးတိမ်ခြုံ၊ အိမ်လုံပါ့မလား” လို့ ဆိုစမှတ်ရှိခဲ့တယ်မဟုတ်လား။ ပုပ္ပါးတောင်ကို တိမ်ပုဝါတွေခြုံလွှမ်းလာတဲ့အခါ မကြာခင် မိုးရွာတော့မဲ့ ရှေ့ပြေးလက္ခဏာပဲလို့ ယုံကြည်ကြတယ်လေ။ နောက်တစ်နည်း အိမ်တွေလုံအောင် ပြင်ထားကြပါဆိုတဲ့ သတိပေးခေါင်းလောင်းထိုးချက်ဆိုရင်လည်း မမှားပါဘူး။ သက်ကယ်/ ထန်းရွက်တွေနဲ့ အုပ်မိုးထားတဲ့ အိမ်တွေရှိရာ ကျွန်တော်တို့အညာမှာ မိုးကြီးရင် အိမ်မလုံတာ အဆန်းတော့မဟုတ်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တောင်သူတွေအတွက်တော့ အိမ်မိုးမလုံတဲ့ သောကအမှောင်ထက် မိုးရွာတော့မယ်ဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်က ပိုပြီးတောက်ပပါတယ်။ မိုးလေမှန်မှ ပျိုးတွေသန်မယ် မဟုတ်ပါလား။ 

“ပုပ္ပါးတိမ်ခြုံ၊ အိမ်လုံပါ့မလား” ဆိုတဲ့ အမေးကိုမဖြေခင် ဖက်ဆေးလိပ်တစ်ဖွာလောက်တော့ ရှိုက်ချင်တဲ့ အာ သီသလေးက ခေါင်းပြူလာသေးရဲ့။ ဆေးလိပ်မသောက်တာကြာခဲ့ပြီဆိုပေမဲ့ပေါ့။ အညာမိုးအေးအေးမှာ သောက်ခဲ့ဖူးတဲ့ ဆေးလိပ်တစ်ဖွာက ငယ်ချစ်ဦးရဲ့ အနမ်းတစ်ပွင့်လို နှလုံးသားရဲ့ တစ်ထောင့်တစ်ရာမှာ အမြစ်တွယ်ကျန်ရစ်နေဆဲ မဟုတ်လား။

ပုပ္ပါးတောင်ကြီးရေ။ အညာမြေကို တချိန်ကလိုပဲ ပျော်ရွှင်မှုတွေနဲ့ ပြန်ပြီး ထွေးပွေ့ထားပေးပါ။ တောင်ထိပ်ဆီက တိမ်လွှာတိမ်ရိပ်တွေကို အရပ်ရှစ်မျက်နှာအနှံ့ ဖြန့်ကျက်ပေးရင်း ငြိမ်းချမ်းမှုတွေ ရွာသွန်းပေးပါ။ ရာဇဝင်ထဲက အညာလို ပြန်ဖြစ်အောင် မုတ်သုန်ဂီတတွေနဲ့ တီးခတ်ဖျော်ဖြေပေးပါ။ အညာကို အညာမမိအောင် ထိန်းကျောင်းပြုပြင်ပေးပါ။  အညာရဲ့ ဘဝအမောတွေကို ဖြေဖျောက်ဖို့ စကားဝါရနံ့တွေကြားမှာ ရယ်ရွှင်စရာတွေ သီကုံးပန်ဆင်ပေးပါ။

ကြံထူး
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar