Breaking News

လှကျော်ဇော - ဗမာပြည်ကြီးရဲ့ အနာဂတ်

လှကျော်ဇော - ဗမာပြည်ကြီးရဲ့ အနာဂတ်

(မိုးမခ) ဩဂုတ် ၃၀ ၊ ၂၀၂၄

အခုတလော သတင်းမီဒီယာမှာ အတော်အပြောများနေတဲ့ ဗမာပြည်ကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မလားဆိုတဲ့(စိတ်စေတနာရင်းနဲ့ရော၊ မလိုတမာစိတ်နဲ့ရော)စိုးရိမ်ပူပန်မှုတွေကို  လေ့လာကြည့်ရအောင်ပါ။

ဒီအပြောတွေကို ပထမဆုံး စပြောတာက စကစ(ယာယီသမ္မတဦးမြင့်ဆွေ)ပါ။ အခုက သတင်းမီဒီယာတွေမှာ သာမက တချို့အဖွဲ့အစည်းတွေကပါ အံ့သြစဖွယ် လိုက်ပြောလာတာ တွေ့ရပါတယ်။ တကယ်တော့ ဗမာပြည်ကြီး တစည်းတလုံးတည်းမရှိတာ ကြာလှပါပြီ။ အစိတ်အမြွှာမြွှာ ဖြစ်နေတာ ကြာ ကြာလှပေါ့။ (တရားခံက စစ်အုပ်စု)

၁၉၄၈ ခုနှစ် ပြည်တွင်းစစ်စတင်ကတည်းက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အမျိုးမျိုးအနေနဲ့ မိမိတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ မိမိတို့သဘောကျ အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းလာခဲ့ကြတာပါ။

တနိုင်ငံလုံး အချုပ်အခြာပိုင်တဲ့ ဗဟိုအုပ်ချုပ်ရေးစနစ် ဆိုတာ မရှိပါဘူး။

အထူးသဖြင့် ၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပြီးကတည်းက လူမျိုးစုအားလုံးနီးပါးရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ ပေါ်လာပြီး ဗမာပြည်ကြီးကို အဖြူရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အမဲရောင်နယ်မြေ ဆိုပြီး ခွဲခြားသတ်မှတ်ခဲ့ကြတာပါ။ (မဆလခေတ် တိုင်းပြည် ပြိုကွဲနေတာကို သွယ်ဝိုက်စွာ ဖော်ပြနေတဲ့ အချက်။) 

၁၉၈၈ ရှစ်လေးလုံးအေရးတော်ပုံအပြီး နဝတခေတ် ဗိုလ်ခင်ညွန့်ရဲ့ အပစ်အခတ်ရပ်စဲရေးအောက်မှာ လက်နက်ကိုင်အဖွဲ့ အတော်များများ ကိုယ့်နယ်မြေ ကိုယ့်တပ် ထိန်းထားခွင့် ရလိုက်ပါတယ်။ အဓိကရန်သူက ဗကပနဲ့ နောက်ပိုင်းမှာ ဒီချုပ် ဖြစ်နေလို့ပါ။ 

အဖွဲ့အသီးသီးနဲ့ အပစ်အခတ်ရပ်စဲရေး ပုံစံမျိုးစုံလုပ်ပြီး အထူးဒေသတွေ သတ်မှတ်ပေးလိုက်တဲ့ အခါမှာတော့  အရင်က လက်နက်ကိုင်အဖွဲ့အမျိုးမျိုးထဲက တချို့ဟာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရများ ဖြစ်သွားကြပြီး ကိုယ်နယ်မြေကို ကိုယ်အုပ်ချုပ်ခွင့် ရသွားပါတော့တယ်။ တနိုင်ငံတည်း စနစ်ကအမျိုးမျိုး ဖြစ်သွားပါတယ်။

စစ်တပ်က တနပ်စားအကြံနဲ့ လုပ်လိုက်ပေမယ့် အဲဒီ‌ဒေသခံများက ဒါကို အခွင့်ကောင်းအဖြစ် အသုံးပြုလိုက်နိုင်တဲ့အတွက် စစ်အာဏာရှင်လက်အောက်က ဒေသများနဲ့ မတူတဲ့ ဖွံ့ဖြိုးတိုးတက်တည်ငြိမ်တဲ့ လွတ်မြောက်‌ဒေသများ ဖြစ်အောင် ကြိုးစားကြတာတွေ ပေါ်ထွက်လာခဲ့တယ်။ အကုန်အကောင်းချည်းတော့ မဟုတ်ပါဘူး။ တချို့ဒေသတွေမှာတော့ ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့ ရှိဆဲတွေ ရှိပါတယ်။ (ကျားဖြန့်လုပ်ငန်း၊ မူးယစ်ဆေးဝါး၊ သဘာဝပတ်ဝန်းကျင် စသဖြင့်)

ဒါ‌ကြောင့် ဗမာပြည်သူတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့များ နယ်မြေတွေ သိမ်းပြီး အုပ်ချုပ်ရေးတွေ ထူထောင်လာတာဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ကြုံဖူး၊ ဆုံဖူး၊ ကြားဖူးနားဝရှိတဲ့ အဖြစ်အပျက်တွေပါ။ ပြည်ပထွက် အလုပ်လုပ်သူတွေ ရှိသလို အဲဒီဒေသတွေမှာ အလုပ်သွားလုပ်ကြသူတွေလဲ ရှိပါတယ်။

ဒါ့အပြင် (၂၀၁၀-၂၀၂၀) ၁၀ နှစ် (အစိုးရ  ၂ ဆက် ဦးသိန်းစိန်၊ ဒေါ်စု)အတွင်း သင်ခန်းစာ (နိဂုံးချုပ်ချက်) နှစ်ရပ်လည်း ရလိုက်ပါသေးတယ်။

၁။ ဗမာပြည်ကြီး ဘယ်သူတွေကြောင့် ဒီလောက် ဆင်းရဲသွားရတယ်။

၂။ ဒါတွေသာ မရှိရင် ဗမာပြည်ကြီး ဘယ်လောက် ချမ်းသာလာနိုင်တယ် ဆိုတာတွေပါ။

ဒါကြောင့်ပဲ ၂၀၂၁ တတိယအကြိမ် စစ်တပ်ရဲ့ အာဏာသိမ်းမှု ဖြစ်လာပြီး ဒီစစ်တပ်လက်အောက်တော့ ဘယ်တော့မှ ပြန်မသွားတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချပြီးဖြစ်တဲ့ ဗမာပြည်သူတွေ တခဲနက် ပါဝင်ဆင်နွှဲတဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မယ့် နွေဦးတော်လှန်ရေးကြီး ပေါ်ပေါက်လာတာပါ။

ဒီနွေဦးတော်လှန်ရေးအတွင်းမှာလည်း (အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီး) သင်ခန်းစာနှစ်ရပ် ထပ်ရလိုက်ပါတယ်။

၁။ ဒီစစ်တပ်ကို ညီညီညွတ်ညွတ် စုပေါင်းတိုက်ရင် အောင်မြင်နိုင်တယ်။ အထူးသဖြင့် နှစ်ရှည်လများ စစ်အစိုးရအဆက်ဆက်ကို အန်တုတိုက်နေတဲ့ လူမျိုးစုတော်လှန်ရေး တပ်ဖွဲ့များနဲ့ ရရာလက်နက် တနိုင်တပိုင်နဲ့ ထတိုက်တဲ့ မြေပြန့်က တော်လှန် ရေးသမားများအကြား မဟာမိတ်ဖွဲ့လိုက်နိုင်မှုရဲ့ အကျိုးဆက်များကို မြင်တွေ့လိုက်ရတာ။

၂။ ဒီအတွက် ဒီစစ်အာဏာရှင်စနစ်ကို လက်မခံသူအားလုံး(လူမျိုး ဘာသာ မရွေး၊ တောင်ပေါ်မြေပြန့် မရွေး၊ မြေပေါ် မြေအောက်၊ လက်နက်ကိုင် မကိုင်)ပါဝင်တဲ့ တပ်ပေါင်းစုကြီးတရပ် ဖွဲ့ပြီး ဟန်ချက်ညီညီ တိုက်ရမယ်။ ဗမာပြည်ကြီးထဲက အဖိနှိပ်ခံတွေအားလုံး စုစည်းညီညွတ်ဖို့ လိုတယ် ဆိုတာတွေပါပဲ။

ဒီအတွေးအခေါ်တွေအောက်မှာ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်ရရှိလိုက်တဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးအသစ်တွေ စလိုက်တော့ အဲဒီဒေသတွင်းရှိ ပြည်သူလူထုတရပ်လုံးရဲ့ နေရေး ထိုင်ရေး စားရေး သောက်ရေး အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းတာဝန်ယူ ဖြေရှင်းပေးရပါတော့တယ်။

ဒီလိုနည်းနဲ့ တော်လှန်ရေးအောင်ပွဲနဲ့ ပေါ်ပေါက်လာတဲ့ နယ်မြေသစ်တွေ၊ ဒေသသစ်တွေ ပေါ်ပေါက်လာရပြီး အဲဒီဒေသတွင်း ပြည်သူလူထုအပေါ်  တာ၀န်ခံမှု၊ တာဝန်ယူမှုရှိတဲ့ ထင်သာမြင်သာရှိတဲ့ အုပ်ချုပ်ရေးစနစ်သစ် (ဒီမိုကရေစီ အညွန့် အညှောက်ဖြစ်လာနိုင်တဲ့ အလားအလာတချို့) စတင်တွေ့မြင်လာရပါတယ်။ 

ဒီမှာတင် ဗမာပြည်ကြီးရဲ့အနာဂတ်ကို တစေ့တစောင်း လှမ်းမြင်နိုင်တဲ့ မြင်ကွင်းတွေ မြင်လာရပါတယ်။

ဥပမာ- ပြည်သူလူထုကို နှိပ်စက်ခဲ့သူများကို အပြစ်ဒဏ်ပေးတာ၊ သိမ်းပိုက်ရရှိတဲ့ လက်နက်များကို မျှဝေသုံးစွဲတာ၊ CDM လုပ်လာတဲ့ ဆရာဝန်များ စုပေါင်းပြီး ဆေးရုံများ ပြန်ဖွင့်တာ၊ ကျောင်းဆရာများ စုပေါင်းပြီး ကျောင်းများ ပြန်ဖွင့်တာ၊ စစ်တပ်က သုံ့ပန်းများကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သူတို့ကို ပြန်အသုံးပြုတာ၊ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကြား၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကြား ဖြစ်ပွားလာတဲ့ ပဋိပက္ခများကိုလည်း ကိုယ့်အချင်းချင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး  ပြေလည်မှုရရှိအောင်နဲ့ နည်းလမ်းရရှိအောင် ကြိုးပမ်းလာတဲ့လုပ်ဟန် ပေါ်ပေါက်လာပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အဖြစ်အပျက်တွေလည်း ရှိလာတာ... စတာ စတာများ။

အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများဟာ စစ်အာဏာရှင်စနစ်(စစ် သုံးစစ်) ဆန့်ကျင်ရေးတိုက်ပွဲတွင်း တဆင့်တိုး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ ပြည်သူချင်း ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းနိုင်စွမ်းလည်းရှိ ဘုံရန်သူကို ဦးတည်တိုက်နိုင်စွမ်းလည်း ရှိကြောင်း နွေဦးတော်လှန်ရေးက ထုတ်ဖော်ပြသနေပါတယ်။

ဒါတွေက ဗမာပြည်သူတွေဟာ မိမိတို့အကျိုးကို ကိုယ်စားပြုလုပ်ဆောင်ပေးမယ့် ပြည်သူ့အုပ်ချုပ်ရေး အစိုးရတရပ် ဖြစ်လာစေမယ့် အလားအလာတွေနဲ့ ရှေ့ပြေးပုံရိပ် တွေလား။ 

ဒီလိုဆိုရင်ဖြင့် တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ။ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ လို့ မကြာခင် ဆိုနိုင်တော့မယ် ထင်ပါတယ်။ 

လှကျော်ဇော

၂၆-၈-၂၀၂၄




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar