မြို့ကြီးတွေမှာ လူငယ်တွေ အဓမ္မ ဖမ်းဆီးခံနေရ၊ လူငယ်တွေ နိုင်ငံက ထွက်ခွာနေကြတဲ့ မြန်မာပြည်
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၉ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၄
မြို့ကြီးတွေမှာ လူငယ်တွေ အဓမ္မ ဖမ်းဆီးခံနေရ၊ လူငယ်တွေ နိုင်ငံက ထွက်ခွာနေကြတဲ့ မြန်မာပြည်
ဖေဖော်ဝါရီလ စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး တို့လိုမြို့ကြီးတွေမှာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံနေရတဲ့ သတင်းတွေမကြာခဏ ကြားသိနေရတာ ဖြစ်ပါတယ်။
ယခု သီတင်းပတ်တွေမှာတော့ ရန်ကုန်၊ မန္တလေး တို့သာမကပဲ မုံရွာလိုမြို့တွေမှာပါ နေ့စား အလုပ်သမားတွေကိုလည်း ဖမ်းဆီးတာတွေ ရှိလာတယ်လို့ သတင်းတွေမှာ တွေ့လာရပါတယ်။ ရန်ကုန်၊ မန္တလေးမြို့တွေမှာ အထူးသဖြင့် ညဘက်တွေမှာ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိပေမယ့် မုံရွာလိုမြို့မှာတော့ နေ့ခင်းမှာတင် ဖမ်းဆီးတာ စစ်သားစုဆောင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာတွေလို့ ယူဆရပါတယ်။ ဖမ်းဆီးခံရသူတိုင်း စုဆောင်းတဲ့သဘော မဟုတ်ဘဲ ငွေကြေးယူပြီး ပြန်လွှတ်တာတွေလည်း ရှိနေတဲ့ သဘောလို့ ယူဆရပါတယ်။
ပြည်တွင်းစစ် အရှိန်ပြင်းထန်လာတာ ၂ နှစ်ကျော် ၃ နှစ်ထဲရောက်လာချိန်မှာ စစ်ကောင်စီ အနေနဲ့ ပြုန်းတီး လျော့နည်းလာတဲ့ စစ်အင်အားကို ဖြည့်ဆည်းဖို့ စစ်မှုမထမ်း မနေရဥပဒေကို အသက်သွင်းခဲ့သလို အခုလို ဥပဒေမဲ့ ဖမ်းဆီး စုဆောင်းတာတွေလည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က လူထုအများစုရဲ့ ဆန့်ကျင်မုန်းတီးမှုကို ခံယူနေရတဲ့ စစ်တပ်အနေနဲ့ စစ်မှုမထမ်း မနေရ ဥပဒေလို၊ ပြည်သူ့စစ် မဝင်မနေရ ဥပဒေလိုမျိုးတွေ ဖော်ဆောင်ရဲမှာ မဟုတ်ဘူးလို့ မှတ်ယူခဲ့ကြတာပါ။ အကယ်၍ အဲလို ဖော်ဆောင်ခဲ့ရင် ပေးတဲ့ လက်နက်က သူတို့ကိုပြန်ပြီး ပြောင်းလှည့်မယ့် လက်နက် ဖြစ်ကုန်မယ်၊ သူတို့စုဆောင်းတဲ့အထဲဝင်ပြီး အတွင်းကနေ ဆန့်ကျင်ပုန်ကန်တာတွေ လုပ်ရင်ဆိုတဲ့ ယူဆချက်နဲ့ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေလိုမျိုး မလုပ်ရဲဘူးလို့ ယူဆထားခဲ့ကြပေမယ့် အကျပ်အတည်း ကျရောက်လာတဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက အခုလို ဥပဒေနဲ့တသွယ် ဥပဒေမဲ့ တမျိုး စစ်သားစုဆောင်းလာတာ ကြုံတွေ့နေကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်တပ်ထဲဝင်ပြီး သူ့လက်နက်ကို ကိုယ့်လက်နက် လုပ်မယ်ဆိုတဲ့ စိတ်ကူးအယူအဆမျိုးက စနစ်ကျတဲ့ စည်းရုံးမှု၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုတွေ မရှိဘဲ သူ့အလိုလို ပေါ်ပေါက်လာစရာ မရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အရင် စစ်အစိုးရ၊ ဆိုရှယ်လစ် နာမည်ခံခဲ့တဲ့ စစ်အစိုးရ ဖြစ်တဲ့ မဆလ ခေတ်တွေက ပေါ်တာဆွဲတယ်ဆိုတဲ့ ထမ်းပိုးဖို့ ၊ လူသားဒိုင်းသဖွယ် လုပ်ဖို့ ခေါ်ယူတာတွေ ရှိခဲ့ပေမယ့် အခုကာလမှာ စစ်မှုမထမ်း မနေရ ဥပဒေအသက်ဝင်စေပြီး စုဆောင်းတာနဲ့ သဘောသဘာဝချင်းလည်း မတူကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်မှုမထမ်း မနေရ ဥပဒေ အသက်ဝင်ခြင်း အခုလို လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းခြင်းတွေက လူငယ်တွေ တရားဝင် ဖြစ်စေ တရားမဝင်ဖြစ်စေ နိုင်ငံထဲက ထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့တာတွေ့ရပါတယ်။ ငွေကြေးတတ်နိုင်တဲ လူလတ်တန်းစား အလွှာကတော့ စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်တဲ့ သားသမီး တွေကို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာစေပြီး အချိန်ကာလတခုထိ တိမ်းရှောင်ဖို့ တတ်နိုင်ကြပေမယ့် သာမန် လူတန်းစားအဖို့ မတတ်နိုင်တဲ့ အနေအထားမှာ အိမ်နီးချင်းနိုင်ငံတွေဆီ တရားမဝင် သွားရောက်တာတွေ ဖေဖော်ဝါရီလ နှောင်းပိုင်းလောက်ကတည်းက ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား သိန်းဂဏန်းအထိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းတွေလည်း ဖတ်ရှုနေရသလို အချို့က ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနိုင်ငံဆီ တရားမဝင် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
သတင်းတပုဒ်မှာ ၂၀၂၄ ခုနှစ် ၈ လခန့်ကာလအတွင်း ထိုင်းနိုင်ငံထဲမှာ တရားမဝင် နေထိုင်သူ၊ တရားမဝင် အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၁ သိန်းခွဲခန့် ဖမ်းဆီးခဲ့တယ်ဆိုတာ တွေ့ရပြီး စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာ သိသိသာသာ မြင့်တက်လာတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်မှုမထမ်း မနေရဥပဒေက စစ်ကောင်စီ အဖို့ စစ်ရေး ရှုထောင့်တခုကကြည့်ရင် အမြတ်ထွက်တယ်လို့ ယူဆကောင်း ယူဆနေလိမ့်မှာ ဖြစ်ပေမယ့် လူမှုရေး၊ စီးပွားရေး နဲ့ အခြားသော ပြဿနာ အများအပြားကို ထပ်မံ ဖြစ်ပေါ်စေခဲ့တာ အသေအချာဖြစ်ပါတယ်။ ဒီဥပဒေ ကြေညာပြီးနောက် ပြည်ပကို ရွှေ့ပြောင်း နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူတွေ များလာတဲ့ အနေအထားက မြန်မာငွေ တန်ဖိုးကျဆင်းဖို့ အကြောင်းဖြစ်စေတာလည်း တွေ့ရမှာပါ။
စစ်မှုထမ်းဆင့်ခေါ်ခံရခြင်းကနေ ရှောင်ဖို့အတွက် ပြည်ပမှာ အလုပ်မလုပ်ဘဲ နေထိုင်နေသူတွေ အများအပြားရှိလာသလို ပိုင်ဆိုင်မှုတွေ ရောင်းချပြီး မိသားစုအလိုက် ပြည်ပမှာ ကာလအတိုင်းအတာ တခု သွားရောက်နေထိုင်ကြတာကလည်း မြန်မာကျပ်ငွေကို နိုင်ငံခြားငွေ လဲလှယ်လိုတဲ့ ပမာဏ မြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးကျဆင်းတာတွေက ပြီးခဲ့တဲ့ လပိုင်းတွေမှာ အရှိန်ပြင်းထန်ခဲ့တာပါ၊
ကျပ်ငွေတန်ဖိုးကျဆင်းတာက တဖန် နိုင်ငံရေး၊ စစ်ရေး နဲ့ ပြည်တွင်းက စားဝတ်နေရေး လူနေမှုစရိတ် မြင့်တက်မှုတွေကို ထပ်မံဆိုးရွားစေပြီး လောင်စာဆီ ပြတ်တောက်မှုလို ကြီးမားတဲ့ သက်ရောက်မှုတွေကိုပါ ထပ်ဆင့်ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လူငယ်တွေကို စစ်မီးတောက်ထဲ အတင်းအဓမ္မ ဆွဲသွင်းခြင်းက လူငယ် သောင်းနဲ့ သိန်းနဲ့ချီ တိုင်းပြည်ကနေ ထွက်ခွာနေကြရသလို အခြားပြဿနာများစွာကိုလည်း ထပ်ဆင့်ပေါ်ပေါက်စေခဲ့တာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar