Breaking News

ရတနာပုံဆရာမှတ်ကြီး - ကျားဖြန့်နဲ့ ကရင့်ဂုဏ်သိက္ခာ

ရတနာပုံဆရာမှတ်ကြီး - ကျားဖြန့်နဲ့ ကရင့်ဂုဏ်သိက္ခာ

(မိုးမခ) ဩဂုတ် ၂၀ ၊ ၂၀၂၄


မိအောင်လှိုင် ပြာပြာခါခါ ဖြစ်နေသည်။ ‌ရင်မကိုင်မိ ဖင်မကိုင်မိ။ ရင်ဆိုင်အကြည့်မှာတင် အိခနဲကျသွားသည်။

"အကိုဝမ်" ဆိုကာ လက်ကလေးပြေးဆုတ်သည်။

"ငါနဲ့ ဝေးဝေးနေ"

"ပါ ပါဖြစ်လို့လဲ အကိုဝမ်"

"ဘာဖြစ်ရမလဲ၊ နင့်ခွေးတွေ ငါဝင်မလာခင်ကထဲက ဆူညံနေတာ ဘယ်လောက် ကျက်သရေတုံးလဲ"

"နောက် မဖြစ်စေရပါဘူးအကိုဝမ်၊ လက်ဆင်ကောင်းကောင်းမပေးရသေးလို့ဘာ"

"ငါ ပျူသံအူသံ ပေါက်သံဂေါက်သံ ကြောင်သံဟောင်သံတွေ ဘာမှ မကြားချင်ဘူးနော်"

"ရှေ့လျှောက် လေတောင် မလည်စေရပါဘူးအကိုဝမ်၊ ဒီတခါတော့ သူတို့အသက်ကို ချမ်းသာပေးပါ"

"ရှိစေတော့"

"ကဲပါ အကိုဝမ်ရယ်၊ ခွေးကိစ္စ ဘေးချိပ်ထားလိုက်ပါ၊ မိလှိုင်ဆီ လာတာ အဲဒါပြောဖို့ပဲလား" ဆိုပြီး ကြူကြည့်ကြည့်ကာ လက်ကလေးအုပ်ဆွဲ အခန်းထဲ ဆွဲသွင်းသွားတော့သည်။ 

ဤတွင် တခန်းရပ်သတည်း။ 

ရေးလက်စဝတ္ထုကလေးကိုရပ်ပြီး အဖန်ရည် သောက်ရင်း သတင်းပေ့စုံကို ဝင်ဖတ်လိုက်သည်။

အညာမှာ ဒီပရင်္ဂတွေ ထပ်တရာပန်းပွင့်သလို ပွင့်နေသည်။ ဗုံးအကြိမ်ပေါင်း နှစ်ဆယ်နီးပါး ကြဲချတာကို ကြံ့ကြံ့ခံနိုင်လို့ ဒီပဲယင်းမြို့ကို သိမ်းလိုက်နိုင်ခြင်းပင်။ 

သတင်းအများစုက လက်နက်ကြီးထု သတ်ဖြိုတာ၊ ဗုံးကြဲချ သတ်တာ ဖြိုတာချည်းများသည်။ ဘယ်ကမှ အစားပြန်မရနိုင်သည့် တိုင်းပြည့်အရင်းအမြစ်များကို စိတ်ရူးပေါက်သလို ဖျက်ဆီးနေမှုသက်သက်ပင်။ ယင်းလုပ်ဆောင်မှုကြောင့် ကြောက်လဲမသွား၊ ချစ်လာဖို့ဝေး၊ ရဲဆေးပင်တင်ပေးလိုက်သလိုဖြစ်ကာ ဒီစစ်တပ် အမြစ်ဖြတ်ရမည်ဆိုတာ ခိုင်မာသွားတော့သည်။ အမြင့်ဆုံးဒုက္ခဆင်းရဲကို ဖန်တီးပေးပြီး တိုင်းပြည်ကိုအုပ်ချုပ်လို့ရမည်ဟု အဘယ်သူက အကြံပေးလေသည်မသိ၊ ကိုယ်ပိုင်အမြင် ဆိုလျှင်လည်း ထူးထွေတည့်အံ့ရာသော်ပင်။ အကြောက်တရားနဲ့ အုပ်ချုပ်လို့ရခဲ့တဲ့နှစ်ကာလ ကြာရှည်မှုကို အစဉ်အလာ ဓမ္မတာဟု ထင်မှတ်သွားပုံရသည်။ ဤအထင်သည်ပင် တပ်မတော်၏သင်္ချိုင်း ဖြစ်သွားရလေတော့သည်။ 

ပင်လည်ဘူးမြို့နဲ့ အင်းတော်မြို့တွေကို တော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ သုံးရက်မြောက် ရှိလာပြီ။ မြို့တွေကို သူ့ထက်ငါ အပြိုင်သိမ်းလာကြသည်။ မြို့တွေ များများနဲ့ မြန်မြန်သိမ်းနိုင်မှ စစ်မှုထမ်းဥပဒေနဲ့ လူဓားပြတိုက်နေမှုကို ရပ်တန့်နိုင်မည်။ 

ယခုဆိုလျှင် စစ်အုပ်စုကိုယ်တိုင် တာဝန်ကျရာစခန်းတွေထဲ မနေရဲဘဲ ပုန်းရှောင် ရွှေ့အိပ်နေရသည့်အခြေဆိုက်လာပေပြီ။ အနွယ်တော်တွေ တချို့ NON တွေ ပြေးလမ်းပေါ် ရောက်သွားကြပြီ။ ရုံးတွေမှာ စာရွက်စာတမ်း မှတ်တမ်းတွေ ဖျက်ဖို့ ညွှန်ကြားနေရပြီ။ မှတ်ပုံတင်အတု ကိုင်ဆောင်ထားကြပြီ။ စမတ်ကဒ် မကိုင်ရဲတော့။ လာတိုက်လျှင် လက်နက်ချဖို့အသင့်။ ချိတ်ဆက် အလင်းဝင်ကြပြီ။ ကိုယ့်ရှင်လမ်း ကိုယ်ထွင်ရပြီ။ 

လမ်းပိတ်တာ လမ်းဖြတ်တာ လမ်းဖျက်တာ တံတားဖျက်တာ စစ်တပ် အလုပ်ပင် ဖြစ်နေချေပြီ။ ဤသို့ လုပ်ရင်း သူတို့ပါ ပိတ်မိလာသည်။ နေပြည်တော်က ဖောင်ဖျက် အသေခံခိုင်းသည့်သဘော။ ရွာဖျက်မြို့ဖျက်ရင်း သူတို့ကိုယ်တိုင် နေစရာ မဲ့လာသလိုမျိုးပင်။ စိုက်ပျိုးရေးသုံးပစ္စည်းများ ဖျက်ရင်း စိုက်ထားသည်များကို ဖျက်ရင်း သူတို့ကိုယ်တိုင် ရိက္ခာပြတ်လာသလိုမျိုး ကြုံနေရပြီ။ ကိုယ့်သေတွင်း ကိုယ်တူးနေသည်၊ ကိုယ်ထိုင်သည့်ကိုင်း ကိုယ်ခုတ်မိနေသည်ကို တချို့ ယခုမှ စသိလာကြသည်။ အားလုံးက လူမှုစက်ဝန်းတခုထဲ ရှိသည့်အလျောက် သူများကို ရိက္ခာဖြတ်ရင်း ကိုယ်ငတ်လာ၊ သူများကို ခရီးလမ်းဖြတ်ရင်း ကိုယ် သွားစရာ မရှိတော့တာ၊ သူများအိမ် မီးရှို့ရင်း ကိုယ်နေစရာ မဲ့လာပြီ။ 

တိုင်းမှူးအဆင့် ရာထူးတွေပင် တလ မခံတော့။ အရှေ့မြောက်တိုင်းတခုတည်းပင် တလကျော်ကာလအတွင်း တိုင်းမှူး သုံးယောက်၊ ကစထမှူး နှစ်ယောက်။ အလယ်ပိုင်းတိုင်းမှာလည်း တလအတွင်း နှစ်ယောက်။ ဒုတိုင်းမှူးတွေရော ဟောတယောက် ဟောတယောက် ပျောက်သွားကြသည်။ အောက်ခြေတွေ ပြေးကြတာ မဆန်းတော့။ မပြေးရင်သာ ဆန်းတော့သည်။ မပူးပေါင်းရင်သာ အလွန်တရာ ဉာဏ်နည်းသူ ဖြစ်တော့သည်။ စစ်တိုင်းလိုက် ပုန်ကန်ပူးပေါင်းလျှင်သာ လွတ်လမ်းရှိတော့သည်။ 

စစ်တပ်အဖို့ အစစအရာရာ ကိုယ့်ရှူး ကိုယ်ပတ်ချိန် ရောက်လာပြီ။ မဟုတ်တာ လုပ်ခဲ့သည့်ထုထည်ကြီးမားသလောက် ပြန်ဖိစီးလာပြီ။ အွန်လိုင်း လိမ်လည်ကျားဖြန့်လုပ်ငန်းများဖြင့် လက်နက်ကိုင်အဖွဲ့များ ရာသက်ပန် စိုးမိုးလူတွင်ကျယ်ကျရေး လုပ်ခဲ့ကြ ခွင့်ပြုခဲ့ကြသည်။ ယင်းလုပ်ငန်းသည် နိုင်ငံတကာက တိုက်ဖျက်ရမည့်အရာထဲတွင် မူးယစ်ဆေးဝါးထက် ရှေ့တန်းတက်လာသည့်ကိစ္စ ဖြစ်လာခဲ့ပြီ။ အထူးသဖြင့် ကိုယ် ကြောက်ရပါတယ်ဆိုသည့် ကမ္ဘာ့အဆင့်ကြီးတရုတ်နိုင်ငံကို ငပါမွှားနိုင်ငံလေးက ထိုးလှန်ပစ်သည့်လုပ်ငန်း ဖြစ်သွားခြင်းပင်။ ဤတွင် ကျားဖြန့်တိုက်ဖျက်ရေးနှင့် လက်နက်ကိုင် အာဏာရှင်အမြစ်ဖြုတ်ရေးသည် 2 in 1ဖြစ်သွားတော့သည်။ သူ့နိုင်ငံရေးသဘာဝအရ လက်နက်ကိုင် အာဏာရှင်ကို ချီးမြှောက်ရသည့် တရုတ်ကိုယ်တိုင်ပင် အဲဒီ လက်နက် ကိုင်အာဏာရှင်ကို ရှင်းထုတ်ရသည့် အခြေဆိုက်သွားတော့သည်။ 

ယခုပင် မြဝတီကျားဖြန့်လုပ်ငန်းမှာ အင်ဒိုနီးရှားနိုင်ငံသား ၄၄ ယောက် ပိတ်မိနေကြောင်းထုတ်ပြန်လာသည်။ အဲဒီထဲက တယောက်ဆိုလျှင် ရူပီယာ ၄၇၈ သန်းပေးမှ ထုတ်ပေးမည်ဟု ကမ်းလှမ်းထားပုံကိုကြည့်လျှင် နိုင်ငံတနိုင်ငံချင်းကို စိန်ခေါ်ရုံသာမကဘဲ လူ့အဖွဲ့အစည်းတခုလုံးကိုပါခြိမ်းခြောက်လာသည့် ဘယ်လောက်ကြီးမားကျယ်ပြန့်သည့် ရာဇဝတ်လုပ်ငန်းဆိုတာ သိနိုင်ပါသည်။ 

မြန်မာပြည် လွတ်မြောက်ရေးလှုပ်ရှားမှုတွင် အရေးအပါဆုံးလက်နက်ဖြစ်သည့် စတားလင့်အင်တာနက် ရရှိရေးတွင်လည်း ကျားဖြန့်သည် အကြီးမားဆုံး အဟန့်အတားပင်။ ယခုဆိုလျှင် မြဝတီကျားဖြန့်သည် KNU ၏ တော်လှန်ရေးပုံရိပ်ကိုပင် ခြိမ်းခြောက်လျက် ရှိနေပြီ။ ဖားစည်သံ၏ သာယာနာပျော်မှုကို နှောင့်ယှက်နေသည့် သံကြောင်သံဆိုးတခု ဖြစ်လာသည်။ 

ထိုင်းနိုင်ငံရေးခေါင်းဆောင် ဖိထာကပင် ရွေးကောက်ပွဲစည်းရုံးရေးဆင်းရာမှာ ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆို ဝတ်ဆင်ရသည့် အိတ်မပါသော ကရင်တို့၏ အဝတ်အဆင် ရိုးရှင်းမှုကို မြဝတီကျားဖြန့်က ပြက်ရယ်ပြုနေပြီ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar