Breaking News

ရဲဘော်တေး - တပ်မတော် စစ်ရှုံးရသည့် အကြောင်းဇာစ်မြစ်

ရဲဘော်တေး - တပ်မတော် စစ်ရှုံးရသည့် အကြောင်းဇာစ်မြစ်

(မိုးမခ) ဩဂုတ် ၂၀ ၊ ၂၀၂၄


တပ်မတော် စစ်ရှုံးရသည့်အကြောင်းရင်းစစ်စစ်မှာ ပြဋ္ဌာန်းစာတအုပ်ကြောင့် ဖြစ်ချေသည်တမုံ့။

ယင်းကား အခြားမဟုတ်၊ ဆွန်ဇုရဲ့ စစ်သေနင်္ဂဗျူဟာ အတတ်ပညာစာအုပ် ဖြစ်ပေသတည်း။ ယင်းသို့ဆိုသဖြင့် ဆွန်ဇု မစွံ၊ ရွှီးဖောဟု မထင်စေလိုပေ။ သေနင်္ဂ ဆိုသည့်အတိုင်း သေချင်လှတာသေမှာပေါ့ဟုလည်း မပြောရာ။ ဆွန်ဇုရဲ့ ဗျူဟာက ချူချာလို့ဟုလည်း မတွေးပါနှင့်။ ဆွန်ဇု၏ စာမှာ စစ်မြေပြင်တိုက်ပွဲမဆိုထားဘိ၊ ဘဝတိုက်ပွဲမှာပါ အသုံးချတတ်လျှင် အောင်ပွဲအလီလီဆင်မည့်ဗျူဟာပင် ဖြစ်လေချေသည်တကား။

ဆွန်ဇုရဲ့ စစ်ပညာဗျူဟာများကို အတိုင်းတိုင်းအပြည်ပြည် စစ်သည်တို့နှင့် ကုမ္ပဏီများစွာက အားထားလေ့လာ သင်ယူ အောင်လံထူ စစ်သူကြီးပွဲ ဖြစ်နေလင့်ကစား မြန်ပြည်တလွှားက စစ်တိုင်းမှူးများမှာတော့ ခါးသီးသော ရလဒ်နှင့် လက်ထပ်ထိမ်းမြားရချေတော့သည်။ အကြောင်းဇာစ်မြစ်မှာ  မြန်မာစစ်ဗိုလ်ချုပ်များ စာတတ်ချင်ယောင် ဆောင်ခြင်းကြောင့်ပင်။ စာမတတ်တော့ ဘာသာပြန်စာအုပ်များ၏ စာအမှားကို မသိမြင်နိုင်ချေ။ စာတတ်ချင်ယောင်ဆောင်ပါ များလာတော့ ဘာသာပြန်စာအုပ်များ၏ အမှားကို သိမြင်သူများက ထောက်ပြသော်လည်း မသိကျိုးကျွံ ပြုရချေတော့သည်။ မဟုတ်လျှင် ကိုယ့်အသိုင်းအဝန်းမတတ်တာ၊ ကိုယ် မတတ်တာ ပေါ်သွားချေတော့မည်။ ပေါ်သွားလျှင် ဘာမဆို တပ်မတော်သာ သဗ္ဗညုတ တပ်သိလုပ်ထားသမျှ ထုတ်ပြသလိုဖြစ်ချေတော့မည်။ တပ်မတော်အရာရှိကြီးများ ရာထူးတက်ရေး တင်သွင်းခဲ့ရသည့် အင်္ဂလိပ်လိုစာတမ်းမှန်သမျှ ရှဲဒိုးများနှင့် ရေးသားခဲ့ခြင်းသာ ဖြစ်သည်။ အင်္ဂလိပ်စာ အရေးအသားတင် မဟုတ်၊ အကြောင်းအရာကိုပါ နားလည်တတ်ကျွမ်းမှု မရှိပေ။ စာရေးဆရာကျော်ဝင်းသည်ပင် ရေးသားပေးသူတွေထဲက တယောက် ဖြစ်ချေသည်။

အနို့သို့မို့ကြောင့် ဦးတင်ဦး(ကျူရှင်) ဆိုသော အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ကြီးက ဆွန်ဇု၏ သေင်္နဂဗျူဟာ အတတ်ပညာ စာအုပ်မှာ ဘာသာပြန်မှားနေကြောင်း၊ ဘာသာပြန်ဆရာမှာ အိတ်ဆောင်ဒေရှင်နရီစာအုပ်ကလေးနှင့် ပြန်ပုံရကြောင်း၊ မည်မျှ မှားသနည်းဟူမူ ဆပ်ဘဂျက်နှင့် အော့ဘဂျက်ပင် မမှန်သည့်အတွက် အခြားဟာများ မထောက်ပြလိုတော့ကြောင်း၊ ဘာ့ကြောင့် ဤအမှားကို ထောက်ပြရသနည်းဟူမူ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်များ၏ ပြဋ္ဌာန်းစာအုပ်ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းစာအုပ်ပါ သဘောတရားများ နည်းနာများနှင့် စစ်တိုက်လျှင် မြန်မာ့တပ်မတော် ပြုတ်ပြုတ်ပြုန်းမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပေသည်။

ယင်းစာအုပ်ကို ဘာသာပြန်သူမှာ ချစ်နိုင်(စိတ်ပညာ) ဖြစ်သည်။ သူ့စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဝယ်ယူ၍ တနိုင်ငံလုံး၏ စာကြည့်တိုက်များသို့ ဖြန့်ဝေပေးခဲ့ရသည်။ အကြောင်းမှာ သူသည် ထိုစဉ်က ပြန်ကြားရေးဌာ၏အကြီးဆုံးပုဂ္ဂိုလ် ဖြစ်နေ၊ ဖြစ်ခဲ့သောကြောင့်လတည်း။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar