Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၇ )

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၇ )

(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၄

"အခုက ကျန်းမာရေးနဲ့  မြို့သန့်ရှင်းရေးကို အဓိကလုပ်နေပါတယ်။ ပညာရေးကတော့ ကျွန်တော်တို့ ဖက်ဒရယ်ဘက်ကိုသွားဖို့ ရှိပါတယ်။ CDM တွေကို ဦးစားပေး စားရင်းသွင်းဖို့ စတင်ကောက်ခံနေကြပါပြီ။ Non CDM တွေကိုတော့ သီးသန့်ကြီးအရေးယူဆောင်ရွက်တာတွေမလုပ်တော့ပေမယ့် စကစနဲ့သက်ဆိုင်တဲ့သူတွေ စာရွက်စာတမ်းတွေတော့ ကျွန်တော်တို့ဘက်က လိုက်လံစစ်ဆေးနေပါတယ်။ ဥပဒေပိုင်းလည်း အပြောင်းအလဲ ရှိပါတယ်"

အဲသလို လားရှိုးမှာ အုပ်ချုပ်ရေးအတွက် MNDAA အလုပ်များနေချိန် စောက်ပုလဲ မိုင်းရယ်မှာ SSPP တဲကို အဖီဆွဲပြီး ရမခစစ်ဌာနချုပ်ရုံးဖွင့်ဖို့ လုပ်နေလေရဲ့။ 

"ကျန်းမာရေးထဲ အခု CDM ဆရာဝန်တွေနဲ့ အရင် Run နေပါတယ်။ ပညာရေးတို့လည်း စာရင်းတွေ ကောက်နေပါပြီ။ အချိန်တစ်ခု ရောက်တဲ့အခါ အချိန်မှီဖွင့်နိုင်အောင် ဆောင်ရွက်နေပါတယ်" တဲ့။

လက်ရှိ ကိုးကန့်တပ်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထဲမှာ NUG အဖွဲ့ဝင်တွေနဲ့ နိုင်ကျဥ်းတွေလည်းပါပါတယ်။

"ကျွန်တော်တို့က အရင်နိုင်ကျဥ်းတွေပါပဲ။ လုံခြုံရေးအရ ကိုးကန့်ယူနီဖောင်း ဝတ်ဆင်ကြပါတယ်။ ပြန်ကြားရေးတို့ ပညာရေးတို့အပိုင်းမှာ နိုင်ကျဥ်းနဲ့ PDF တွေ အများကြီးပါ" ဆိုပြီး နိုင်ကျဉ်းတစ်ဦးက ပြောပါတယ်။ 

လားရှိုးပြီးမူဆယ်ဆိုတော့ မူဆယ်က ပြည်သူ့စစ်ခေါင်း ရှောင်တွေလဲ မန်းကို ပြေးကြပြီ၊ သူတို့မရှိပေမယ့် ကျားဖြန်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချတာကတော့ အရှိန်ကျ မသွားသေးဘူးပေါ့လေ။ စစ်တပ်နဲ့ ပြည်သူ့စစ်မရှိရင် မူးယစ်နဲ့ကျားဖြန့်လဲ တဖြည်းဖြည်းကင်းစင်သွားရမှာပေါ့။ 

ပြည်သူ့စစ်တွေကို လက်နက်ချဖို့ စာထုတ်ထားပေမယ့် ဟိုNLDလက်ထက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးပေးခဲ့တဲ့ကြံ့ဖွတ်မာဖီးယားတီခွန်မြတ်တပ်ကတော့ လက်နက်ချမယ့်ပုံမပေါ်သေးဘူး။ သူက နေ ပြည်တော်မှာမို့။ နေပြည်တော်မဟန်လို့ ပြန်ရရင်တော့ လာပေါင်းမှာ။

မူဆယ်မှာ ပြည်သူ့စစ်အဖွဲ့ပေါင်း (၃၅)ဖွဲ့ရှိပြီး အဲထဲမှာထုမနော်နဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်ဇော်ယော်ဦးဆောင်တဲ့ ကောင်းခါးပြည်သူ့စစ်နဲ့ ကျော်မြင့် ဦးဆောင်တဲ့ ပန်ဆေးပြည်သူ့စစ်တို့က အင်အားအကြီးဆုံး။ အိုက်စမ် ဦးဆောင်တဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်၊ တီခွန်မြတ်ဦးဆောင်တဲ့ ကွတ်ခိုင်အထူးပြည်သူ့စစ်၊ ဟုန်ရှူပန်ရဲ့ တာမိုးညဲပြည်သူ့စစ်၊ ဗိုလ်မွန်သားအဖတို့ ဦးဆောင်တဲ့ မန်ပန်ပြည်သူ့စစ်တွေကတော့ ဒုတိယအကြီးဆုံးအဖွဲ့တွေပေါ့။ အခုအကုန်လုံး မန္တလေးဘက် ပြေးပြီ။ အဲကောင်တွေက စက်တင်ဘာလကတည်းက ထွက်ပြေးသွားခဲ့ကြပြီး ကျားဖြန့်နဲ့ ဆေးပြားဆက်လုပ်ဖို့ အုပ်ချုပ်ရေးတာဝန်ခံတွေကို ထားခဲ့တယ်။ မန်းမှာလဲ လက်ခွဲတွေရှိတာပေါ့လေ။ 

ဒီလိုအခြေအနေမှာ သူတို့ချင်း သူခိုးပေါ်သူဝှက်လုတဲ့ ရာဇဝတ်မှုတွေကလဲ ဒုနဲ့ဒေးပေါ့လေ။ မူဆယ်မှာ ကျားဖြန့်လုပ်ကိုင်သူ ၃ ဦးကို အစောင့်က ပစ်သတ်ပြီး သိန်းရှစ်ထောင် ယူသွားတယ်။ လူပါး ပုလင်းရှသွားတာပေါ့။ သူတို့ထက် ငွေရှာတတ်တယ်ပြောရမလား။ ကျားဖြန့်ကို ကြောင်ဖြန့်သွားတာ။ မူဆယ်မှာက ကျားဖြန့်ကုမ္ပဏီတွေနဲ့ လောင်းကစားရုံတွေ အများကြီးရှိပြီး အဲဒီကုမ္ပဏီ‌တွေကို လုံခြုံရေးယူပေးဖို့အတွက် ပြည်သူ့စစ်တွေကို ငှားရမ်းလေ့ရှိသလို ပြန်‌ပေးဆွဲတာနဲ့ ဓားပြတိုက်မှုတွေမှာလည်း ပြည်သူ့စစ်အဖွဲ့တွေပဲ လုပ်ကြတာများပါတယ်။ ပြည်သူ့စစ်ရှိသ‌၍ နယ်မြေအေးချမ်းဖို့မဖြစ်နိုင်ပါဘူး။ 

နေရာတိုင်းမှာ အခြေအနေတွေကတော့ ပြောင်းပြန်ဖြစ်သွားပါပြီလေ။ မန္တလေးတိုင်း မြင်းခြံ တောင်သာ နွားထိုး မလှိုင် ကျောက်ပန်းတောင်းတို့လိုဘဲ ရှမ်းတောင် ရပ်စောက်မြို့ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA က ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြားလို့ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်နဲ့ နီးစပ်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ရပ်စောက်မြို့ကနေ ဆိုင်ကယ်နဲ့ ၂ နာရီလောက်သာ သွားရတဲ့ အင်တော၊ ကျောက်ဂူတလျှောက်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်က အင်အားတစ်ထောင်ခန့် ဖြန့်ကြက်ထားသလို ရပ်စောက်တောင်ဘက် ကောင်းဘို့ရွာတကြောမှာလည်း RCSS ရောက်လို့ ရိက္ခာအတွက်တအိမ်တသိန်းကောက်နေပြီ။

ရှမ်းစစ်ရေးကတော့ နန်းအချစ်ကလေးလို လှပတော့မှာပေါ့။ 

ရမခမှာ စိုးတင့်ကို ဖြုတ်ပြီး စိုးလှိုင်ကို တိုင်းမှူးအသစ် ခန့်တယ်။ နေပူတော်က ကောင်တွေ ဘယ်မှမခွာသလို အဟောင်းစိုးတင့်ကလဲ တိုင်းစစ်ဌာနချုပ်ထဲမှာ၊ အသစ်စိုးလှိုင်ကလဲ မူဆယ် သူ့တပ်မထဲမှာဘဲနေတာ။ အဲဒါကို ဇော်မဲလုံးက ရွပ်ရွပ်ချွံချွံ အစွမ်းကုန် ခုခံတယ် ဘာညာလုပ်တော့ ဟိုက အင်္ကျီဖြူဝတ် လက်နက် ချဗီဒီယိုလေး ထုတ်ရှိုးပေးလိုက်တယ်။ စိုးတင့်ကဖြင့် ကြွတယ် ချတယ်ဆိုပြီးအမှတ်ကလေးနဲ့ လှမ်းလာသလားတောင်‌ ထင်ရ။ သူ့အလုပ်ဖြုတ် ဖမ်းထားတဲ့ ကောင်တွေအတွက် ဘာမှခုခံစရာ အကြောင်းမရှိဘူးလေ။ စိုးတင့်မှ မဟုတ်ဘူး၊ ဘယ်သူ ဘယ်တပ်ဖြစ်ဖြစ် ဝင်တိုက်တာနဲ့ လက်နက်ချမှာ။ နေပြည်တော်က စောက်ရူးတသိုက်ကို သူတို့ကိုယ်တိုင် မီးမြှိုက်လို့ရရင်တောင် မြှိုက်ချင်နေကြတာ။ 

တနိုင်ငံလုံး ကျောင်းကန်ဘုရား ဇရပ် တက္ကသိုလ် ကောလိပ် မူလတန်းကျောင်းဆေးရုံ တောင်ကုန်းမြောက်ကုန်း ဘာကုန်းမှမချန် ခပ်တည်တည်နဲ့ စစ်စခန်းတွေ ချထားပြီး ခံစစ်လုံလောက်အောင် အားမဖြည့်နိုင် ဝ ကိုပါ ထိုင်ရှိခိုး‌နေရတဲ့ မအလ စစ်တပ်ဟာ မြို့ထဲ ရွာထဲ အလုပ်ခွင်ထဲထိ လူလိုက်ဆွဲပြီး စစ်သင်တန်းကျောင်း စွတ်ပို့နေကြတယ်။ သူတို့ နိုင်တာဆိုလို့ လက်နက်မဲ့ပြည်သူပဲ ရှိတော့သကိုး။ ခု တံတားဦးမြို့နယ်နဲ့ ချောက်မြို့နယ်ဘက်မှာ လူငယ် ၂၀၀ ကျော် စစ်ဥထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးထားတယ်။ မြို့တွေမှာ ဆီပြတ်လို့ စက်ရုံတွေ  အလုပ်အကိုင်တွေရပ်သွားပြီး ယောင်ချာချာဖြစ်နေတဲ့လူငယ်တွေရယ်၊ ကျောင်းတွေပိတ်လို့ ပြန်လာရတဲ့ လူငယ်တွေရယ်ဟာလဲ သူတို့ပစ်မှတ်ဖြစ်လာတယ်။ ပီဒက်တွေ လွှမ်းမိုးတဲ့ နေရာတွေတော့ မျက်စမပစ်ရဲဘူးလေ။

ဒီတပ်အမိုက်နဲ့ ကပ်ဆိုက်နေတုန်းမှာ စစ်ဥထမ်းဥပဒေနဲ့ အုက်ကြီးတွေ စီးပွားဖြစ် သောင်းကျန်းနေကြသလို ထောင်တွေကလဲ စီးပွားဖြစ် သောင်းကျန်း‌နေကြတယ်။ အဲဒီထဲမှာ ဒိုက်ဦးထောင်အဆိုးဆုံး။ ငွေညှစ်တာတင်မက နှိပ်စက်တာမှာပါ နာမည်ကြီးတာ။ သူတို့ ကံကောင်းနေတာက အုပ်ကြီးတွေလို ရှင်းဖို့မလွယ်သေးတာ။ မြို့သိမ်းနိုင်မှ ထောင်ဒုက္ခက ဝေးကြမှာ။ ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံကြေးငွေ ခြိမ်းခြောက်တောင်းခံနေပြီး မပေးရင် ညှဉ်းပန်းနှိပ်စက်ဖိနှိပ်မှုတွေလုပ်နေသတဲ့။  ၂ ပွင့်အဆင့်ရှိ ၁ ဆောင် အဆောင်မှူးနဲ့ တပ်ကြပ်ကြီး (ဘေးကြယ်) သီဟအောင် ခေါ်  မျိုးသီဟအောင်တို့က ရာဇဝတ်အကျဉ်းသားတွေနဲ့ပေါင်းပြီး ထောင်ပြောင်း ရောက်လာတဲ့ နိုင်ကျဉ်းတွေကို ပုံစံကြေးဆိုပြီး တစ်ဦး တသိန်း တောင်းနေသတဲ့။ 

အနက်ရောင်‌ သေမင်းတမန်အဖွဲ့ ဆိုပြီး စစ်ခွေးတွေ၊ ရဲခွေးတွေ၊ ပျူတွေက ပုံစံတမျိုးနဲ့လှုပ်ရှားလာတယ်။

ပေါက်ခေါင်းမြို့နယ်မှာ လူနှစ်ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်တယ်။ တယောက်က ဆိုင်ကယ်လိုင်စင်လာလုပ်တဲ့သူ။ အုပ်ကြီးကို သတ်ရင် တွေ့တဲ့အရပ်သား ပြန်သတ်ပြမယ်ဆိုပြီး လုပ်တာ။ တကယ့် PDF ရှိတဲ့ဘက်တော့ သေးတောင်လှည့်ပေါက်ရဲတာ မဟုတ်။ ထောင်ထဲက အကျဉ်းသားတောင် ထုတ်သတ်တာမျိုးပါ ရှိတော့ လက်ရှိ အာဏာပိုင်အဖွဲ့အစည်းကဘဲ တဖက်လှည့်နဲ့ ဖွဲ့ လုပ်နေတာပါဘဲ။ 

ပဲခူးတိုင်းတကြောမှာ အမျိုးမျိုး ဖြောနေကြတာတွေလဲ တပုံကြီးနော်။ 

ပေါင်းတည်မြို့နယ်က သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်ဖို့ မှတ္တိုင်ဘက်မှထွက်လာတဲ့  ၂၆ ကောင်ပါ စစ်ကြောင်းကို ညောင်နီပင်ရွာနဲ့ သစ်ပုတ်ရွာ ကြားမှာ တော်လှန်ရေးတပ်ဖွဲ့များက Sniper၊ လက် နက်ကြီး၊ လက်နက်ငယ်များနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီခန့် ကြာမြင့်ကာ ၁၄ ကောင်သေပြီး ၆ ကောင် ဟောင်သံဖျောက်ပေးလိုက်တယ်။ 

ဖြူးဘက်မလဲ ထူးကဲတာတွေရှိ။ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ရွာလယ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ရာဇဝတ်ကောင်တွေကို ဒရုန်းနဲ့ ဗုံးကျဲချောင်းမြောင်းပစ်ခတ်တိုက်ခိုက်တာ ၄ ကောင်သေ၊ ‌၄ ကောင်မအူနိုင်တော့ဘူးတဲ့။ တဖြည်းဖြည်း ခွေးမျိုးတုံးနေတာ။ 

မန်းတောင်လက်ျာကလဲ ဆက်နွှာနေတုန်း။

"မြင်းခြံ သံမဏိ စက်ရုံကနေပြီးတော့ စကစရဲ့ Non CDM တွေရဲ့ တည်းခိုစရာနေရာကြီးတစ်ခုလို ဖြစ်နေတာ။ အဓိက ကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအနေနဲ့ အခုကာလအတွင်းမှာ အသွားအလာလေးတွေ ဆင်ခြင်ကြဖို့၊ နောက်ပိုင်းကျတော့ ကျွန်တော်တို့ဘက် မန္တလေးတိုင်း မြင်းခြံဆိုတာက မြင်းခြံခရိုင်ဆိုတဲ့ အနေ အထားတစ်ခုက စစ်အုပ်စုရဲ့ခါးရိုးလို့ ပြောရင်လည်း ရပါတယ်။ အခုအချိန်ကတော့ ကျွန်တော်တို့ ခါးရိုးကို ရိုက်ချိုးနေတဲ့အချိန်ပေါ့နော်။  ခါးရိုးကိုရိုက်ချိုးနေတဲ့ အချိန်မှာလည်း ပြည်သူလူထုအနေနဲ့ နိုင်ရာဘက်ကနေ ပါဝင်ပေးကြဖို့။ ငွေရေးကြေးရေးမှ မဟုတ်ဘူး ကျွန်တော်တို့ သတင်းပိုင်းဆိုင်ရာက အစ ကျွန်တော်တို့တွေကို ကူညီပေးကြဖို့ အဘက်ဘက်ကနေ ပါဝင်ပေးကြဖို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီးတော့ နိုင်တဲ့ဘက်က ပါဝင်ပြီး စစ်ကောင်စီကို အမြစ်ဖြုတ်ဖို့ မေတ္တာရပ်ခံပါတယ်" တဲ့။ 

အတင်းနှံတဲ့ မြင်းခြံက ငြင်းဆန်သူတွေ အခြေအနေပါဘဲ။ မြို့ပြင်စက်ရုံမှာ ခံစစ်ထိုင်နေရရှာသလေ။ 

မန်းတိုင်းမှာ ငါန်းဇွန်ကလဲ ထွန်ချက်နော်။ တပွဲထဲနဲ့ သုံးဆယ်တောင်။

ငါန်းဇွန်-ငါန်းမြာ လမ်းပိုင်းက တောင်ရွာဘိုကျေးရွာ စစ်တပ်စခန်းကို ကိုယ်ပိုင်လေတပ်နဲ့ ဗုံးသီးမိုး စရွာပေး လိုက်တော့ စစ်ရာဇဝတ်ကောင်တွေ ကြောက်လန့် တကြား အော်ဟစ်ပြေးလွှားနေတုန်း မြေပြင်ရဲဘော်တွေက မီတာတရာအတွင်းကအုံးတာ မိနစ်သုံးဆယ် ခွေးသုံးဆယ်ရတာ။ 

စစ်ကိုင်းအထက်ကလဲ ကသိုဏ်းမပျက်ပါဘူး။ တဆုံးဗျင်းတဲ့ ဟုမ္မလင်းလို့ ပြောရမလိုဘဲ။ မြေပြင်မှာ တိုက်ပွဲဆင်နေသလို ရေပြင်မှာလဲ သေချင်လာဆိုပြီး ကင်နေတာ။

ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာနား ရောက်လာတဲ့ စစ်ရေယာဉ် ၁၅ စီးကို ခရိုင်တပ်ရင်း ၁၊  ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၊ သောင်သွပ်ကျေးရွာကို ဖြတ်ကျော်ပြီးနောက် စစ်သင်္ဘောအုပ်စုဟာ ရွှေပြည်အေးမြို့နား ရောက်နေ၊ ရွှေပြည်အေးမြို့ အထက်ဘက်ကျရင် ဟုမ္မလင်းခရိုင်တပ်ရင်း၂ အဖွဲ့ ကဆက်လက်တိုက်ခိုက်ဖို့စောင့်နေတာလေ။

"စစ်ခွေးတွေက စစ်ရေယာဉ်ကနေ ကျေးရွာတွေနဲ့ စိုးမိုးကုန်းနေရာတွေကို လက်နက်ကြီးတွေ၊ .5 တွေနဲ့ မနား တမ်းလှမ်းပစ်တယ်။ တော်လှန်ရေးတပ်တွေကလည်း ရှော့တိုက်ဒုံး၊ 89 တွေနဲ့ ပြန်ပစ်တာ ဖလပ်တစ်စီး စက်ပျက်ပြီး ရပ်သွားလို့ အခြား စစ်ရေယာဉ်တွေနဲ့ တွဲခေါ်သွားတယ်။ ကိုယ့်ဘက်က ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး" တဲ့။ 

စစ်အုပ်စုလဲ ယတြာလုပ်ပေမယ့် မုဆိုးမထုတ်လုပ်ရေး အားကောင်းနေတော့ မယ်တော် ကယ်တော်မူပါဆိုပြီး တောင်ကုတ်မှာ အပြောင်သုတ်မခံရရေး နတ်ကနားနဲ့ တပ်အားတင်းနေရရှာသလေ။ စကခ (၅) က တပ်မမှုး ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ တပ်ရင်းမှူးကျော်ထက်ဦးဆောင်ပြီး တောင်ကုတ်မြို့ရဲ့ တပ်ရင်း ၂ ခုက တပ် ရင်းမှူးတွေဟာ  ခမရ (၃၄၆) နားက တပ်ဦးတောင်စေတီတောင်ပေါ်မှာ တောင်ကုတ်မယ်တော် ရုပ်တုကို နတ်ကနားပွဲပြုလုပ်ကာ ပူဇော်ပသနေရရှာသတဲ့ကွယ်။ 

လပခတိုင်းမှူးလဲ ဖျင်ကလေးတရမ်းရမ်းနဲ့ အားကျမခံ တောင်ပြုံးပွဲ နွှဲနေရှာပြီလေ။ 

ဒီကနေ့ အကောင်းဆုံး အစားအသောက်ကတော့ နတ်အုန်းနဲ့ ဖီးကြမ်းကို အာမီရမ်းရေစင်နဲ့ လုပ်တဲ့ကော့တေးဖြစ်ပါကြောင်း။ 

👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar