ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၅)
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၅)
(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၄
ကျနော် အပိုင်း ( ၁ ) ကနေ အပိုင်း ( ၄ ) အထိမှာ အာဏာအကြောင်း၊ ပဋိပက္ခအကြောင်းတွေကို အတတ်နိုင်ဆုံး နားလည် သဘောပေါက်နိုင်အောင် မိတ်ဆက်ပေးခဲ့ပါတယ်။ အဓိက ကျနော် တင်ပြလိုတာက ‘‘ပြည်သူ့ပြောက်ကျားစစ်သေနင်္ဂဗျူဟာ’’ အပိုင်းကို တင်ပြလိုတာ ဖြစ်ပါတယ်။
အာဏာရဲ့ သဘောသဘာဝနဲ့ ပဋိပက္ခဖြစ်စဥ်အတွင်း တွန်းတိုက်မှုတွေ၊ ထပ်တူဖြစ်မှုတွ၊ အနှံ့အပြားဖြစ်မှုတွေဟာ စစ်နိုင်ရေးတရားကို ဖြစ်ထွန်းတိုးတက်စေဖို့ တွန်းဆော်မှုတွေပဲ ဖြစ်ပါတယ်။ စစ်ယဥ်ကျေးမှုလို့ သတ်မှတ်ပြောဆိုတာကိုလည်း တွေ့ရပါတယ်။ လေးနက်ပြီး နက်ရှိုင်းကျယ်ဝန်းတယ်ဆိုတဲ့ သဘောသဘာဝကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
စိတ်ဆန္ဒနဲ့ လက်တွေ့ ရုပ်ဘဝကြား ထပ်တူမဖြစ်မှုတွေဟာ စစ်အောင်နိုင်ရေးတရားတွေကို ပြဋ္ဌာန်းလေ့ရှိတာကို စစ်ကိုဦးစီးဆောင်ရွက်နေသူတွေအတွက် သတိထားလုပ်ဆောင်ရမယ့် လမ်းညွှန်ဖြစ်ကြောင်း ကမ္ဘာ့စစ်သမိုင်းမှာ အခိုင်အမာ တွေ့ကြရပါတယ်။
စစ်ပွဲတွေ ဘာကြောင့် ဖြစ်ရသလဲ။ လူ့အဖွဲ့အစည်းမှာ စစ်ပွဲတွေ ဘယ်အချိန်က စတင်ခဲ့သလဲ။
သမိုင်းဦးဘုံမြေခေတ် (Prehistoric period) မှာ စစ်ပွဲတွေ စတင်ပွားလာခြင်း ဖြစ်ပြီး လူသားတွေရဲ့ ပိုင်ဆိုင်မှုတွေကြောင့် ဖြစ်လာခဲ့တယ်လို့ သိပ္ပံပညာရှင်များက ယူဆကြတာ တွေ့ရပါတယ်။ ချုပ်ပြောရရင် စစ်ပွဲဆိုတာ အကျိုးစီးပွားပြဿနာလို့ ရိုးရိုးရှင်းရှင်း ကြည့်မြင်နိုင်မှာ ဖြစ်ပါတယ်။
စစ်ပွဲဆိုတာ စတင်စဥ်ကတည်းက အကျိုးစီးပွားပြဿနာနဲ့ စခဲ့တာဖြစ်ပြီး လက်ရှိခေတ်အထိတိုင်အောင် အကျိုးစီးပွား ပြဿနာတွေဟာ စစ်ကို ဖန်တီးလေ့ရှိတယ်ဆိုတာကို တရားတခုအနေနဲ့ အခိုင်အမာ ရှုမြင်ဖို့ လိုပါတယ်။
အတိအကျပြောရမယ်ဆိုရင် အစောပိုင်းကာလများမှာ လူသားတွေဟာ လယ်ယာစိုက်ပျိုးရေးစနစ်ကို စတင်တွေ့ရှိ အသုံးပြုလာကြပြီး အစားအစာထုတ်လုပ်မှုများ ရရှိလာခဲ့ကြပါတယ်။ စားဝတ်နေရေး လုံလောက်မှုရှိတဲ့ စနစ်တကျ လူ့အဖွဲ့အစည်းတွေနဲ့ ကျေးရွာတွေကို စတင်တည်ထောင်ခဲ့ကြပါတယ်။
ကာလတခုရောက်တဲ့အခါမှာ ဒီစနစ်တွေအနေဖြင့် စိန်ခေါ်မှုတွေ၊ ရင်ဆိုင်မှုတွေနဲ့ ရင်းမြစ်တွေအပေါ်မှာ သက်ရောက်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြပါတယ်။ စနစ်အရ စိန်ခေါ်မှုတွေဟာ ခေတ်အဆက်ဆက် ကနေ့တိုင်အောင် ရင်ဆိုင်နေရဆဲလို့ ဆိုချင်ပါတယ်။
အဓိကအားဖြင့် ပိုင်ဆိုင်မှု၊ သဘာဝရင်းမြစ်များ၊ နယ်မြေ စတဲ့ ဖြစ်တည်မှုတွေအရ အခြေအနေ အကြောင်းတရားများဟာ အကျိုးအမြတ်ပေးနိုင်တဲ့ အခွင့်အလမ်းများပေါ် မူတည်ပြီး လူ့အဖွဲ့အစည်းတွေအကြား အငြင်းပွားမှုတွေ ပဋိပက္ခတွေဟာ ပိုမိုထူးထူးခြားခြား ဖြစ်လာခဲ့ပါတယ်။ ဒီအခြေ အကြောင်းတရားတွေဟာ အကြမ်းဖက်တဲ့ စစ်ပွဲတွေအဖြစ် လူ့အဖွဲ့အစည်းတွေအကြား စစ်ပွဲတွေအဖြစ် စတင် မွေးဖွားဖြစ်ပေါ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်က သမိုင်းဦးဘုံမြေခေတ် ဆိုတာ လူသားတို့ရဲ့ သမိုင်းအစဖြစ်တဲ့အတွက် စာပေနဲ့မှတ်တမ်းတင်လို့ မရခင်ခေတ်ကို ရည်ရွယ်တာဖြစ်ပါတယ်။
ပညာရှင်တွေကတော့ သမိုင်းဦးဘုံမြေခေတ်ကို ကာလကြီး ၃ မျိုးနဲ့ ပိုင်းခြားချဥ်းကပ်ကြလေ့ရှိပါတယ်။
၁။ ကျောက်ခေတ် (Stone age)
လူသားများဟာ လူအဖွဲ့အစည်းတိုးတက်မှုအတွက် အစောဆုံး ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ ခေတ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ကျောက်တုံးကျောက်ခဲတွေကို အသုံးပြုပြီး လက်နက်များနှင့် နေ့စဉ် အသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီခေတ်မှာ လူသားများဟာ သစ်သား၊ ကျောက်တုံး ကျောက်ခဲများကို ကိုင်တွယ်ဖြတ်တောက်ကာ လက်နက်များ၊ ကာကွယ်ရေးပစ္စည်းများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျောက်ခေတ် Stone Age ကို ခရစ်သက်မတိုင်မီ နှစ်သန်း ၃ နှစ်ဝန်းကျင် အစောပိုင်းမှ စတင်ခဲ့ပြီး ကြေးခေတ် (Bronze Age) အစပြုသည်အထိ ကြာမြင့်ခဲ့ပါတယ်။
ကျောက်ခေတ် Stone Age ကို သုံးခု ခွဲခြားထားပြီး အချိန်ကာလအလိုက် Paleolithic Age (ကျောက်ခေတ်ဟောင်း ), Mesolithic Age (ကျောက်ခေတ်လယ်) နှင့် Neolithic Age (ကျောက်ခေတ်နှောင်း) တို့ ဖြစ်ကြပါတယ်။
ဒီခေတ်မှာ ကျောက်ဖြတ်တောက်ပစ္စည်းတွေကို သစ်ပင်တချို့ရဲ့ ပင်စည် အမြစ်များနဲ့ တွဲဖက်ပြီး လက်နက်များအဖြစ် ဖန်တီးကာ ငါးဖမ်းခြင်း၊ တိရစ္ဆာန်များကို လိုက်လံဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်းတို့တွင် အသုံးပြုခဲ့ကြတာ တွေ့ကြရပါတယ်။
၂။ ကြေးခတ် (Bronze Age)
ကြေးခေတ်ဟာ လူ့သမိုင်းမှာ အရေးပါသော ကာလတခု ဖြစ်ပြီး လူသားများအနေဖြင့် ကြေးနီ (Copper) နဲ့ သံဖြူ (Tin) တို့ကို ရောစပ်ပြီး ကိရိယာတန်ဆာပလာများ၊ လက်နက်များနဲ့ အခြားရှေးဟောင်းပစ္စည်းများကို ဖန်တီးနိုင်တဲ့အဆင့်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ သတ္တုလုပ်ငန်းနည်းပညာများ ပထမဦးဆုံး ထွန်းကားလာခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ပြောရပါလိမ့်မယ်။
ကြေးခေတ်ရဲ့ အဓိကလက္ခဏာများမှာ—
သတ္တုလုပ်ငန်း (Metalworking)
ကြေးဝါကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းလာနိုင်ခြင်း ဖြစ်ပါတယ်။ ပစ္စည်းအသစ်တွေဟာ ကျောက်ခေတ်ကပစ္စည်းတွေထက် ပိုမိုခိုင်ခံ့ပြီး တာရှည်ခံလာတဲ့အတွက် ထုတ်လုပ်ရေးကိရိယာများ၊လက်နက်များနဲ့ လက်မှုပညာရပ်ဆိုင်ရာ လုပ်ငန်းများမှာ များ စွာသုံးစွဲလာကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မြို့ပြလက္ခဏာဆောင်ခြင်း (Urbanization)
ကြေးခေတ်မှာ မြို့ပြနိုင်ငံများ ထွန်းကားလာပြီး လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးကြီးထွားလာကြပါတယ်။ သတ္တုလုပ်ငန်း ပိုမိုအဆင့်မြင့်လာတာနဲ့အမျှ လူ့အဖွဲ့အစည်းအတွင်း ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်လာနိုင်ကာ ကုန်သွယ်မှုလုပ်ငန်းများ၊ကျွမ်းကျင် အလုပ်သမားများနဲ့ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်လာစေခဲ့ပါတယ်။
ကုန်သွယ်မှု (Trade)
ကြေးနီနဲ့ သံဖြူတို့ ပေါင်းစပ်ပြီး ကြေးဝါကို ထုပ်လုပ်နိုင်ခြင်းဟာ ရေရှည် ကုန်သွယ်မှုကွန်ရက်များဆီသို့ ဦးတည်စေခဲ့ပါတယ်။
ဒီကုန်သွယ်မှုလမ်းကြောင်းများဟာ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ကူးလူးဆက်ဆံ ဖလှယ်တာတွေ အတွေးအခေါ်တွေ ဖလှယ်တာတွေနဲ့ နည်းပညာတွေ ဖလှယ်တာတွေကို အနှံ့အပြား ပျံ့နှံ့ ဖွံ့ဖြိုးစေခဲ့ပါတယ်။
အရေးအသားဖြင့် မှတ်တမ်းတင်ခြင်း (Writing and Record-Keeping)
ကြေးခေတ်ရဲ့ ယဉ်ကျေးမှုများစွာဟာ အရောင်းအဝယ်တွေ၊ ဥပဒေတွေနဲ့ ဘာသာရေးဆိုင်ရာစာပေတွေကို စနစ်တကျ မှတ်တမ်းတင်နိုင်ဖို့အတွက် အရေးအသားစနစ်တွေကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဥပမာ- မက်ဆိုပိုတေးမီးယား Mesopotamia ရှိ ဆူမားရီးယန်း Sumerians များဟာ ကျူနီဖောင်းအက္ခရာ Cuneiform script ကို ဖန်တီးခဲ့ကြပြီး အီဂျစ်လူမျိုးများက ယေရိုးဂလစ်ဖ်များ ( ပုံသဏ္ဌာန်ရေးစနစ်များ ) hieroglyphs ကို တီထွင်ခဲ့ကြပါတယ်။
ကြေးခေတ်စစ်ပွဲ (Bronze Age Warfare)
ဓား၊ လှံနှင့် သံချပ်ကာကဲ့သို့သော ကြေးခေတ် လက်နက်များကြောင့် စစ်ပွဲတွေဟာ အသွင်သဏ္ဌာန်တွေ ပြောင်းလဲလာခဲ့ပါတယ်။ ဂရိ Greece မှာ ရှိတဲ့ မိုက်စင်နီးယက် Mycenaeans နဲ့ အန်နဲတိုးလီယာ Anatolia မှာရှိတဲ့ ဟိတိုက် Hittites လူမျိုး တွေဟာ ကြေးခေတ်အတွင်း သူတို့ရဲ့ စစ်ရေးစွမ်းရည်ကြောင့် လူသိများလာခဲ့ပါတယ်။
ကြေးခေတ်ကို ကမ္ဘာ့အရှေ့ခြမ်း ဒေသတဝိုက်မှာ ဘီစီ ၃၃၀၀ ခန့်၊ ဥရောပမှာ ဘီစီ ၃၂၀၀၊ တရုတ်မှာ ဘီစီ ၂၀၀၀ ဝန်းကျင်လောက်မှာ ထွန်းကားဖြစ်ပေါ်ခဲ့ကြပြီး ကြေးခေတ်ဟာ နည်းပညာ၊ လူမှုရေး၊ ယဥ်ကျေးမှု၊ စစ်ရေးဗျူဟာများ ပြောင်းလဲ ဖြစ်ပေါ်လာမှုရဲ့ အရေးပါတဲ့ကာလ ဖြစ်ပါတယ်။ ဖြစ်ထွန်းတိုးတက်မှုတွေအတွက် အုတ်မြစ်ချပေးတဲ့ ကာလလို့လဲ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
၃။ သံခေတ် (Iron Age)
သံခေတ်ဟာ ကြေးခေတ်ပြီးနောက် လူ့သမိုင်းမှာ အဓိကကျတဲ့ ကာလတခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကိရိယာများ၊ လက်နက်များနဲ့ အခြားပစ္စည်းများစွာ အတွက် သံကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီခေတ်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်ပေးခဲ့ပြီ သိသာထင်ရှားတဲ့ နည်းပညာ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုများကို သယ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။
သံခေတ်ရဲ့ အဓိကလက္ခဏာများမှာ—
သံ၏ အသုံးချမှု (Use for Iron)
သံခေတ်တွင် သံလက်နက်များ၊ သံယန္တရားများ၊ သံထည်ပစ္စည်းများကို အသုံးပြုပြီး စက်မှုလုပ်ငန်းများ၊ စစ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ စသဖြင့် အဖက်ဖက်မှာ ကြေးခတ်ထက် တိုးတက်လာပါတယ်။
နည်းပညာတိုးတက်မှု (Technological Advances)
သံရောစပ်ခြင်းနည်းပညာ မြင့်မားလာတဲ့အတွက် လူ့အဖွဲ့အစည်းကို ပိုမိုထိရောက်သော ကိရိယာများ ဖန်တီးနိုင်စေခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကိရိယာတန်ဆာပလာတွေ အသုံးပြုနိုင်တဲ့အတွက် ပိုမိုများပြားတဲ့ လူဦးရေနဲ့ မြို့ကြီးများကို တည်ဆောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
သံခေတ်စစ်ပွဲ (Iron Age Warfare)
သံခေတ်မှာ လူမှုအဖွဲ့အစည်းတွေဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ လူမှုအဖွဲ့အစည်းတွေအတွင်း လုပ်ငန်းခွဲတွေ များစွာထွက်ပေါ်လာပြီး စက်မှုလုပ်ငန်းများနဲ့ စစ်ရေးလုပ်ငန်းများအပေါ် အာရုံစိုက်လာကြတာ တွေ့ရပါတယ်။ စစ်ရေးခေါင်းဆောင်များနဲ့အတူ ပိုမိုကြီးမားတဲ့ဧရိယာကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ နိုင်ငံများ ပေါ်ပေါက်လာတာ တွေ့ ရပါတယ်။
လူမှုရေးနဲ့ နိုင်ငံရေး အပြောင်းအလဲများ (Social and Political Change)
သံလက်နက်များ၊ သံထည်ပစ္စည်းများဟာ ဒေသတခုနဲ့ အခြားဒေသများစွာကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများစွာ မှာ ဆက်ဆံရေးဆိုင်ရာ အလှည့်အပြောင်း များစွာ ဖြစ်စေခဲ့ပါတယ်။ သံပစ္စည်းများကို အဓိကထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ ဖွံ့ဖြိုးရှင်သန်လာခဲ့ပါတယ်။
ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာမှုများ (Cultural Developments)
နယ်ပယ်များကြား စစ်ပွဲများနဲ့ အစိုးရအုပ်ချုပ်မှုစနစ်များ ပိုမိုမြင့်မားလာတာနဲ့အမျှ ဘာသာရေး၊ ယဉ်ကျေးမှုများ ပိုမိုအခိုင်အမာ ဖြစ်လာပါတယ်။
သံခေတ်မှာ ယဉ်ကျေးမှု အယူအဆသစ်များနဲ့ အလေ့အထများ ပျံ့နှံ့မှုကိုလည်း မြင်တွေ့ခဲ့ပါတယ်။ ဒေသများစွာမှာ စာရေးစနစ်၊ ဘာသာရေးအလေ့အကျင့်များနဲ့ အနုပညာပုံစံများ ဖွံ့ဖြိုးတိုးတက်လာကာ အနာဂတ်ယဉ်ကျေးမှုများအတွက် အခြေခံအုတ်မြစ်များ ဖြစ်ထွန်းလာခဲ့ပါတယ်။
သံခေတ်ကို ကမ္ဘာ့အရှေ့ခြမ်းဒေသတွေတဝိုက်မှာ ဘီစီ ၁၂၀၀ ခန့်၊ ဥရောပမှာ ဘီစီ ၁၀၀၀ ခန့်၊ တောင်အာရှမှာ ဘီစီ ၁၂၀၀ ခန့် တရုတ်မှာ ဘီစီ ၆၀၀ ခန့်လောက်မှာ ထွန်းကားဖြစ်ပေါ်လာခဲ့ကြပြီး သံခေတ်ဟာ အနောက်တိုင်းမှာရှိတဲ့ ဂန္ထဝင်ရှေးဟောင်းကာလရဲ့ အစနဲ့ ရောမကဲ့သို့ အင်ပါယာကြီးတွေ ဖြစ်ပေါ်လာခဲ့တဲ့အထိ ချီတက်သွားခဲ့တာ ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ သံခေတ်ဟာ သမိုင်းမတိုင်မီ အချိန်ကာလရဲ့ နိဂုံးပိုင်းအဖြစ် မှတ်တမ်းတင်ကြတာ တွေ့ရပါတယ်။
သံခေတ်ကို နည်းပညာနဲ့ စစ်ပွဲတွေမှာ အုပ်ချုပ်ရေး လူမှုရေး၊ ယဥ်ကျေးမှုကနေ စစ်နည်းဗျူဟာများအထိ ခေတ်မီလူ့အဖွဲ့အစည်း ပြောင်းလဲဖြစ်ပေါ်ရန် အခြေခံများ အုတ်မြစ်ချပေးခဲ့တဲ့ အသွင်ပြောင်းကာလအဖြစ် သတ်မှတ်ပြောဆိုလေ့ရှိပါတယ်။
စစ်ပွဲတွေဟာ မြောက်အာဖရိကတိုက်အတွင်း စတင်ဖြစ်ပွားခဲ့ပြီး ခန့်မှန်းချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၄၃၀၀ ကျော်နှစ်မတိုင်မီက ဖြစ်ပွားခဲ့တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ကျနော် ပြောလိုတာက စစ်ပွဲတွေဟာ လူ့သမိုင်းကြောင်း စတင်စဥ်ကတည်းက ဖြစ်ပေါ်လာခဲ့တာလို့ ပြောရမှာ ဖြစ်ပါတယ်။ လူ့သမိုင်းတလျှောက် ယဥ်ကျေးမှုများ ထွန်းကားလာခြင်းဟာ စစ်အတတ်ပညာတွေ၊ စစ်သဘောတရားတွေကိုပါ ပြောင်းလဲလာစေခဲ့ တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပရပ်ရှားစစ်ပါရဂူ ကာလ်ဗွန် ကလော့စ်ဝစ် Carl von Clausewitz ရဲ့ “ On War “ (Vom Kriege) စစ်ပွဲဆိုင်ရာ သဘောသဘာဝ၊ ဗျူဟာအခင်းအကျင်းနဲ့ အတွေးအခေါ်တို့ကို လေ့လာတင် ပြထားတာတွေထဲက ကောက်နုတ်ချက်အချို့ကို တင်ပြလိုက်ပါတယ်။
၁။ "စစ်ပွဲဆိုတာ နိုင်ငံရေးကို အခြားနည်းလမ်းနဲ့ ဆက်လုပ်တာပဲ ဖြစ်တယ်။"
ဒီအဆိုအမိန့်က Clausewitz ရဲ့ အထင်ရှားဆုံး အဆိုပါ။ စစ်ပွဲဟာ တစ်ခုပဲ ဖြစ်တာမဟုတ်ဘဲ နိုင်ငံရေးရဲ့ ရည်မှန်းချက်တွေကို ပြည့်မီစေဖို့ အသုံးပြုတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်တယ်ဆိုတာကို အလေးပေးဖော်ပြထားပါတယ်။
၂။ "စစ်ပွဲမှာ အရာအားလုံးက ရိုးရှင်းပေမယ့် အရိုးရှင်းဆုံးအရာက ခက်ခဲပါတယ်။"
ဒီအဆိုအမိန့်က အခြေခံမူများတွေဟာ ရိုးရိုးရှင်းရှင်းလို့ထင်ရပေမဲ့ စစ်ပွဲရဲ့ ရှုပ်ထွေးမှုကို မှန်းဆမရနိုင်ပါ။
၃။ "စစ်ပွဲရဲ့ ရလဒ်ဟာ ဘယ်တော့မှ နောက်ဆုံးမဟုတ်ဘူး။"
စစ်ပွဲရဲ့ ရလဒ်တွေဟာ အကြွင်းမဲ့မဟုတ်၊ အနာဂတ် ပဋိပက္ခတွေအတွက် ဆက်လက်တိုက်ခိုက်နိုင်ဖို့ ဖြစ်ပေါ်စေမယ့် အခြေခံလမ်းစတွေ ဖြစ်တယ်။
၄။ "ရဲရင့်မှုဟာ အရေးကြီးတဲ့ အချက်တွေထဲမှာ အဓိက အရည်အချင်းဖြစ်တယ်။"
စစ်ပွဲထဲမှာ ရဲရင့်မှုဟာ လုပ်ရပ်ပိုင်းနဲ့ စိတ်ပိုင်းမှာ အလွန်အရေးကြီးကြောင်း ဖော်ပြထားတယ်။
၅။ "စစ်ပွဲဆိုတာ အင်အားသုံးခြင်းဖြစ်ပြီး၊ အင်အားကို အသုံးပြုရာမှာ ကန့်သတ်ချက်မရှိပါ။"
စစ်ပွဲဟာ အင်အားသုံးခြင်းကို အခြေခံပြီး၊ အဲဒီအင်အားဟာ အကန့်အသတ်မရှိ ပိုမိုပြင်းထန်လာနိုင်ကြောင်း ပြသထားပါတယ်။
၆။ "တိုက်ပွဲတွေမှာ မိမိရည်ရွယ်ထားတဲ့ အစီအစဉ်အတိုင်း ဖြစ်လေ့မရှိတတ်ပါ။"
စစ်ပွဲတွေမှာ မိမိ မျှော်လင့်ထားတဲ့ အခြေအနေတွေက ပြောင်းလဲနိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြထားတာပါ။ မိမိဗျူဟာတွေကို ပြောင်းလွယ် ပြင်လွယ်ရှိဖို့ ရည်ရွယ်တယ်လို့ ယူဆပါတယ်။
၇။ "The best strategy is always to be very strong; first in general, and then at
the decisive point." ဆိုတဲ့ စကားလုံးက စစ်ရေးဗျူဟာတွေမှာ အင်အားစုဆောင်းတာနဲ့ အဓိက အ ရေးကြီးတဲ့ အချက်အချာတွေအပေါ် အာရုံစိုက်ဖို့ အရေးကြီးကြောင်းကို ဦးစားပေး ပြောထားတာပါ။
ဒီမှာ နားလည်ဖို့ အချက်တွေက—
1. "first in general" (ပထမဆုံး အနှစ်ချုပ်အရ) - တိုက်ပွဲတစ်ခုအတွက်
အစီအစဉ်ချတဲ့အခါမှာ စစ်တပ်ရဲ့ အင်အားစု၊ အရင်းအမြစ်တွေကို သုံးသပ်ပြီး အားနည်းချက်မရှိတဲ့အတိုင်း ထိန်းသိမ်းထားဖို့ လိုတယ်။
2. "then at the decisive point" (အဲဒီနောက် အရေးကြီးတဲ့ အချက်အချာမှာ) - အဓိက
အချိန်အခါမှာ (ဉပမာ - အရေးကြီးတဲ့တိုက်ပွဲ၊ မဟာဗျူဟာပန်းတိုင်) အင်အားစုကို အပြည့်အဝ တိုက်ခိုက်ရန် အသုံးချပါ။ အဲဒီနေရာမှာ အင်အားကို စုပေါင်းပြီး တိုက်ပွဲအောင်နိုင်ဖို့ အရေးကြီးတာပါ။
နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။
👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar