သတင်းတွေမှာ မတွေ့ရတဲ့ အချို့သော ပကတိအခြေအနေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၇ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၄
သတင်းတွေမှာ မတွေ့ရတဲ့ အချို့သော ပကတိအခြေအနေ
မြန်မာနိုင်ငံမှာ နေ့စဥ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေရဲ့ အကြောင်းတွေကို သတင်းတွေမှာ အားလုံးဖတ်ရှု၊ နားဆင်ရလိမ့်မယ်လို့ ယေဘုယျအားဖြင့် အများက ယူဆထားကြတာ ဖြစ်ပါတယ်။ စစ်ဖြစ်ပွားခြင်းမရှိတဲ့ ပုံမှန် အခြေအနေ မျိုးမှာတောင် သတင်းတွေမှာ ဒေသအသီးသီးက လူအများသိသင့်တဲ့ အကြောင်းအရာတွေကို ပြည့်စုံအောင် ဖေါ်ပြနိုင်ခြင်း မရှိခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ ဖော်ပြခြင်း မရှိတဲ့ အကြောင်းရင်းကို ဆန်းစစ်ရင် အကြောင်းတချက်ထည်း မဟုတ်ဘဲ အမျိုးမျိုးသော အကြောင်းအချက်တွေ ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ သတင်းမီဒီယာတွေ အနေနဲ့ နကိုရှိရင်းစွဲ အမြင်၊ ရပ်တည်ချက်လို အကြောင်းရင်း၊ လူကြိုက်များမယ့် အကြောင်းအရာ၊ ရပ်တည်မှုကို ရွေးချယ်ဖော်ပြခြင်း၊ အများပြည်သူလို့ ဆိုရာမှာ မိမိတို့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မိမိတို့ ဖွင့်ဆိုသတ်မှတ်တဲ့ အများပြည်သူ ဆိုတဲ့ ဖွင့်ဆိုချက်နဲ့ ရပ်တည် ဖော်ပြကြတာ၊ နောက်တချက်က သတင်းဌာနရဲ့ အကျိုးစီးပွား ထိခိုက်နိုင်ခြေ၊ ဆက်သွယ်ရေး ကွန်ရက်ဖြတ်တောက်မှုနဲ့ ဒီအကြောင်းအရာကို ဖော်ပြပြီးနောက် ကျရောက်နိုင်တဲ့ အန္တရာယ် စတာတွေက လူအများဆီ ရှုထောင့်စုံ၊ နေရာစုံက သတင်းတွေ မရောက်ရှိနိုင်တဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေ ဖော်ပြနိုင်တဲ့ အတိုင်းအတာကို ရာခိုင်နှုန်းအားဖြင့် ဆိုရရင် ပုံမှန်အခြေအနေမျိုးမှာ အများသိသင့်တဲ့ အကြောင်းအရာရဲ့ ၈၀ ရာနှုန်းအထိ ဖော်ပြနိုင်တယ်ဆိုနိုင်ပြီး အခုလို စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာတော့ ကန့်သတ် ပိတ်ပင်မှု၊ အန္တရာယ်ကျရောက်နိုင်ခြေ၊ အကျိုးစီးပွားထိခိုက်မယ့် အရေးကြောင့် သတင်းသမားတွေကို ဝင်ခွင့်မပြုတာ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာတွေကြောင့် သတင်းရရှိမှု အတိုင်းအတာက သိသိသာသာ လျော့နည်းလာပြီး အချို့ဒေသတွေဆို သီတင်းပတ် သို့မဟုတ် လနဲ့ချီပြီး သတင်းအချက်အလက် မရတော့တဲ့ အနေအထားမျိုးလည်း ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါမှာ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သတင်းမီဒီယာကို ၄င်းတို့ ကျူးလွန်တဲ့ ပြစ်မှုတွေကို ဖုံးကွယ်ပေးဖို့၊ ၄င်းတို့အပေါ် ကောင်းတဲ့အမြင် ဖြစ်ထွန်းလာအောင် ဝါဒဖြန့်ရာမှာ ပါဝင်ကူညီပေးဖို့ လိုလားကြတာ ဖြစ်ပြီး လွတ်လပ်တဲ့ သတင်းမီဒီယာ၊ လွတ်လပ်တဲ့ သတင်းသမား ပိုမိုရှားပါးလာနေတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာခေတ်မှာ ဘယ်အရာမဆို ကြာကြာ ဖုံးကွယ်ထားလို့မရဘူးဆိုတဲ့ ခေတ်သစ်ဆိုရိုးစကားလည်း ရှိပါတယ်။ သို့ပေမဲ့ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်တာ သို့မဟုတ် အင်တာနက် ခလုတ်ကို ပိတ်ပစ်တာ၊ အလုံးစုံသော အင်တာနက်ကို ဖြတ်တောက်တာတွေကို ရက်သတ္တပတ် သို့မဟုတ် လ၊ နှစ်ပေါက်တဲ့အထိ လုပ်ဆောင်လေ့ရှိကြပြီး စစ်မြေပြင်က အဖြစ်အပျက်တွေ ကျူးလွန်မှုတွေ ပေါ်ထွက်မလာအောင် တားဆီးကြတာလည်း ဖြစ်ပါတယ်။
ခု လတ်တလော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေမှာလည်း တစုံတရာသော အတိုင်းအတာ ထိသာ လူအများသိရှိခွင့် ရကြတာ ဖြစ်ပြီး လူအများသိခွင့်မရတဲ့ ဖြစ်ရပ်တွေအများအပြား သတင်းမီဒီယာတွေ အနေနဲ့ ဖေါ်ပြနိုင်ခြင်း မရှိပဲ ဖုံးကွယ်နေတဲ့ အဖြစ်အပျက်တွေ၊ ကျူးလွန်မှုတွေ ဖြစ်နေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ စစ်ပွဲတွေ ဖြစ်လာတာနဲ့ အမျှ လက်နက်ကိုင် တပ်တွေအနေနဲ့ ၄င်းတို့ လုံခြုံရေးအတွက် အင်တာနက်ကွန်ရက်တွေကို ပင်မနေရာက ပိတ်လိုက်တာ၊ နယ်မြေအလိုက် ပိတ်ပင်တာ၊ ဖုန်း၊ တက်ဘလက် ဆက်သွယ်ရေး ကိရိယာတွေ သိမ်းဆည်း ကန့်သတ်တာတွေ လုပ်ဆောင်ကြပြီး သတင်းအချက်အလက်တွေ ပေါ်ထွက်မလာအောင် အမှောင်ချလေ့ရှိတာ ဖြစ်ပါတယ်။
စစ်ရေးလျှို့ဝှက်ချက်ဖြစ်တဲ့ တပ်အင်အား၊ တည်နေရာ၊ လှုပ်ရှားမှုလို အကြောင်းအရာတွေကို အများမသိစေချင်တဲ့ ရည်ရွယ်ချက်က သဘာဝကျ ပေမယ့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနဲ့ ဒိထက်ဆိုးရွားတဲ့ အဆင့်ဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို မှတ်တမ်းတင်တာ၊ ဖြန့်ချိတာ၊ ဆက်သွယ် အသိပေးတာတွေ မလုပ်နိုင်အောင် သတင်းဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် စုံစမ်း မေးမြန်းတာတွေကို အကြောက်တရားသွင်းပြီး တင်းတင်းကြပ်ကြပ် လုပ်ဆောင်လေ့ ရှိကြတာကြောင့်လည်း ဆိုရှယ်မီဒီယာတွေ မှာ အချို့သော ကိစ္စရပ်တွေက ပေါ်ထွက်မလာတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ၄င်းတို့ရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်မှာ၊ ဖြန့်ဝေမှာကို စိုးရိမ်တာကြောင့် အစဥ်အမြဲ တားဆီးပိတ်ပင်လေ့ ရှိသလို၊ စစ်ကောင်စီနဲ့ အတိုင်းအတာအားဖြင့် မနှိုင်းသာသော်လည်း အချို့သော လက်နက်ကိုင် အဖွဲ့တွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုလိုမျိုးတွေကို ကျူးလွန်တာတွေ ရှိသလို လူမှုကွန်ရက် သုံးစွဲသူတွေနဲ့ သတင်းမီဒီယာ သမားတွေကို ပိတ်ပင်တာ၊ ခြိမ်းခြောက်တာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေက စစ်ရေး အသာရရေး၊ အနိုင်ရရေးသာလျင် ပထမထားပြီး အခြားသော ဘယ်လို ကိစ္စကိုမှ အရေးမထားတဲ့ အခါမျိုးမှာ ကျူးလွန်လေ့ရှိကြတာ မျိုးဖြစ်ပါတယ်။ လူတိုင်း လက်ဝယ်မှာ ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးနိုင်တဲ့ စမတ်မိုဘိုင်းဖုန်းတွေ ရှိတဲ့ခေတ်မှာ ကျူးလွန်မှု သက်သေ အထောက်အထားတိုင်းကို ဖျောက်ဖျက်ဖို့ ခက်ခဲတာ အမှန်ပဲ ဖြစ်ပါတယ်။ အချိန်ကာလတခုထိသာ ပိတ်ပင်တားဆီးနိုင်ပေမယ့် တချိန်ချိန်မှာ အသံနဲ့ ရုပ်နဲ့ တည်နေရာနဲ့ သက်သေအထောက်အထားတွေက ထွက်ပေါ်လာမယ့် သဘောဖြစ်ပါတယ်။ လတ်တလောမှာတော့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေကို ဝါဒဖြန့်မှုတွေနဲ့ ဖုံးကွယ်ထားနိုင်ပေမယ့်လည်း သိပ်မဝေးတဲ့အချိန်မှာ ဖုံးကွယ်ထားတာကို ဖွင့်ချမယ့်သူတွေ ၊ ခရာတွတ်သူတွေ ပေါ်ထွက်လာတာ သဘာဝပဲ ဖြစ်ပါတယ်။
အခုလို အခြေအနေမျိုးမှာ သတင်းမီဒီယာတွေ အနေနဲ့ စစ်ပွဲသတင်းတွေကို ရယူတင်ဆက်တဲ့အခါ ကိုယ်တိုင် သွားရောက်ယူနိုင်တဲ့ အနေအထားမရှိတာက အများစုဖြစ်ပါတယ်။ အနည်းငယ်မျှသော သတင်းမီဒီယာတွေမှာသာ စစ်မြေပြင်လို၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နေရာတွေဆီ စေလွှတ်နိုင်ကြပြီး စေလွှတ်ကြရာမှာလည်း လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ လိုက်ပြီး သတင်းရယူရတဲ့ အနေအထားမျိုးမှာတော့ ဝေဖန်ဆန်းစစ်တဲ့ တင်ပြမှုတွေ ဆုံးရှုံးနိုင်ခြေရှိနေပြီး တခါတရံမှာ စစ်ပွဲတွေကို မှန်ကန်ကြောင်း သက်သေလိုက်ပေးတဲ့ တင်ပြမှုမျိုး၊ ဝါဒဖြန့် တင်ပြမှုမျိုးတွေ အဖြစ်ပုံသွင်းခံလိုက်ရတဲ့ အခြေအနေလည်း ကျရောက်သွားလေ့ ရှိပါတယ်။ လက်နက်ကိုင်တပ်နဲ့ လိုက်လံ သတင်းယူတဲ့ စစ်သတင်းထောက်တွေ အနေနဲ့ မိမိတို့ရဲ့ သတင်းလွတ်လပ်မှုကို ထိန်းသိမ်းနိုင်ဖို့ အတွက်ဆိုရင် လိုက်ပါမယ့် လက်နက်ကိုင်တပ်က လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း တွေအတည်တကျ ရှိတဲ့ လက်နက်ကိုင် တပ်ဖြစ်ဖို့လိုသလို၊ သတင်းသမားအနေနဲ့ လုံလောက်တဲ့ စစ်ပွဲသတင်းယူမှု အတွေ့အကြုံ၊ သတင်းသမားတာဝန်၊ လွတ်လပ်တဲ့ ရပ်တည်ချက်ကို နားလည်မှု၊ ကိုင်စွဲမှုတွေက မရှိမဖြစ်လိုအပ်တဲ့ အချက်တွေ ဖြစ်ပါတယ်။ အဲအချက်တွေ မပြည့်စုံခဲ့ရင်တော့ သတင်းသမားက လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဝါဒဖြန့်မှုကို ကူညီပေးသူ အဖြစ်ကို လွယ်ကူစွာ ကျဆင်းသွားနိုင်တာဖြစ်ပါတယ်။
အခုလို ကာလမှာ သတင်းမီဒီယာတွေမှာ အများတင်ပြကြလို့ နောက်ကလိုက်တင်ပြကြတဲ့ အကြောင်းအရာ၊ အများတင်ပြကြတဲ့ ရှုထောင့်၊ ရပ်တည်ချက်မျိုး နဲ့ လူအများကို အသိပေးတင်ပြတာထက် အများပြည်သူသိအောင် တင်ပြသင့်တဲ့ အကြောင်းအရာ၊ နောက်ကွယ်က ဆက်နွယ်မှု အကြောင်းတရားတွေပါ တင်ပြနိုင်ဖို့က အရေးကြီးလိုအပ်ချက် တရပ်ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar