Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၂ )


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၂ )

(မိုးမခ) ဩဂုတ် ၃၀ ၊ ၂၀၂၄

"နေပြည်တော်မှာတော့ စားသောက်ဆိုင်တွေ အကုန်  ဆိုင်ပေါင်း ၂၀၀ ကျော်လောက်ရှိမယ်။ ပျဉ်းမနားရောအပါ စစ်မှုထမ်းဖို့ခေါ်နေပါပြီ။ အမြန်လမ်း မိုင် ၂၀၀ မှာရှိတဲ့ မင်္ဂလာပါ ထမင်းဆိုင်ကို တနေ့ညက ညဘက်ကြီး  စစ်တပ်က ဝင်ဖမ်းပြီး လူငယ်ဝန်ထမ်းတွေ အကုန်ခေါ်သွားတယ်၊ နောက်တော့ ဆိုင်ပိုင်ရှင်က ပိုက်ဆံပေးညှိတော့ ၅ ယောက် ပေးလိုက်ရတယ်။ ကျန်တဲ့ဆိုင်တွေထဲမှာ ဝန်ထမ်းများတဲ့ ဆိုင်တွေကို စစ်မှုထမ်းစာရင်းပေးဖို့ အရင်ဦးစားပေးပြီး စခေါ်နေပြီ။ နေပြည်တော် ဧရာဝတီလမ်းက ဘောမဆိုင်တွေလည်း အကုန် ခေါ်ခံထိတယ်၊ ထွေအုပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစီးပြီး ခေါ်နေတာ" 

"မနေ့ မနက်ပဲ ရပ်ကွက်ထဲမှာရှိတဲ့ လူငယ်တွေကို မျိုးအောင်နဲ့အဖွဲ့က လိုက်ပြီး ဖမ်းဆီးခေါ်တယ်။ စစ်တပ်ထဲပို့ဖို့။ မျိုးအောင်က သူ့အစ်ကိုစစ်ဗိုလ် တပ်ထဲမှာ ရှိတယ်။ ရပ်ကွက်က လူငယ်တွေ ဘာမှ မပူနဲ့ဆိုပြီး ဖမ်းခေါ်ပြီး တပ်ထဲပို့တာ။  ပထမ စစ်မှုထမ်း အပတ်စဉ်ကတည်းက လူငယ်တွေကို ချော့တစ်မျိုး၊ ခြောက်တလှည့် စည်းရုံးပြီး ပို့နေတာ။  ဆင်းရဲတဲ့အိမ်က လူငယ်တွေကိုပဲ သူက ပစ်မှတ်ထားပြီး ဖမ်းတာ။ ငွေကြေးတတ်နိုင်တဲ့သူတွေကိုတော့ ငွေညှစ်တယ်" 

"ကင်းစောင့်ခဆိုပြီး တစ်အိမ်ကို တစ်လ ငွေကျပ် ၅၀၀၀  ကောက်တယ်။ စစ်မှုထမ်းမယ့် လူငယ်တွေကို ထောက်ပံ့ရမယ် ဆိုပြီးတော့လည်း ငွေကောက်တယ်။  မျိုးအောင်ရဲ့ နောက်လိုက်  တင်ထွန်း ဆိုတာလည်း အတော်ဆိုးတယ်။ အခြားနေရာဖြစ်တဲ့ အောင်ဇေယျထဲက လူငယ်တွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့နေတယ်"

ဒါက လယ်ဝေး၊ အမှတ် ၂ ရပ်ကွက် အဖြစ်အပျက်တချို့။ 

စားသောက်ဆိုင်ပြီးတော့ ကေတီဗွီအလှည့်။ ကံကြမ္မာက ရဟတ်ယဉ်နဲ့သယ် ကယ်တင်ခံရတဲ့ကေတီဗွီမယ်ရှိသလို စစ်ဥထမ်းဖို့ ကားနဲ့တင်အခေါ်ခံရတဲ့ကေတီဗွီမယ်လဲရှိရဲ့။

မြောင်းမြမြို့က ကေတီဗွီမယ်လေးတွေကို စစ်ဥထမ်းရမယ်ဆိုပြီး ခြိမ်းခြောက် ငွေတောင်းတယ်။ စစ်ဥထမ်းဥပဒေအရ တဆိုင်မှာ အမျိုးသမီ နှစ်ဦးနှုန်း စစ်ဥထမ်းရမယ်၊ မထမ်းချင်ရင် လူစားထိုးဖို့ တယောက် ငါးသိန်းပေးရမယ်လို့ အုပ်ချုပ်ရေးအဖွဲ့ က တောင်းတယ်။ 

“ဆိုင်က မိန်းကလေးတွေ အားလုံးရဲ့ ဆက်ရှင်ကြေးတွေထဲက အချိုးကျဖြတ်ပြီး ပေးလိုက်ရတယ်။ မပေးလို့ကလဲ အလုပ်က မဖြစ်ဘူးလေ၊ ငွေလာယူတဲ့သူ ပြောတာက တပ်ထဲမှာ ဧည့်ခံပွဲတို့ ဘာတို့တွေအတွက် လိုအပ်လာရင် ကောင်မလေးတွေကို ပို့ပေးရမယ်လို့လည်း ပြောတယ်။ စစ်မတိုက်ခိုင်းပေမယ့် သုံးလို့ရတဲ့နေရာ သုံးမယ်တဲ့” 

“လိုင်းကြေးပေးရပေမယ့် ဖမ်းချင်ရင် အကြောင်းအမျိုးမျိုးပြ ဖမ်းတာပါပဲ။ ဖမ်းတဲ့အခါတိုင်း လိုင်းကြေးလာယူတဲ့သူတွေ ပြောတာက အပေါ် ကလူကြီးက ဖမ်းတာပါ။ သူတို့ မသိဘူး ပြောကြတယ်။ အဲဒီအပေါ် ကလူကြီး ဆိုတာတွေကလည်း ဆိုင်လာပြီး ဆိုကြ သောက်ကြနဲ့ မူးပြီးသောင်းကျန်းတာများ၊ ကောင်မလေးတွေကို အပြင်ခေါ်ဖို့ လုပ်တာမျိုးတောင်ရှိတယ်” လို့ ပုသိမ် နာမည်ကြီးကေတီဗွီဆိုင်က ပြောတယ်။ 

ဧရာဝတီတိုင်းက မြို့ကြီးတွေမှာ ကေတီဗွီ မာဆပ်နဲ့ လိင်လုပ်ငန်းများ ငါးဆိုင်ကနေ ဆိုင် ၂၀ ဝန်းကျင်အထိ ရှိတတ်ပြီး ကေတီဗွီ တဆိုင်မှာ အမျိုးသမီး ၁၅ ဦးကနေ ၃၀ ကျော်အထိ ရှိပါတယ်။ 

ရွှေကျင်မြို့မှာတော့ စစ်တပ်၊ ရဲနဲ့ ပျူ ခွေးသုံးကောင်ပေါင်းပြီး ဆိုင်ကယ်ဖမ်းတယ် အကြောင်းပြ လူကြီး၊ လူငယ်မှန်သမျှကို ဆိုင်ကယ်ရော လူပါ ဖမ်းကာ ၂၅ သိန်းကနေ သိန်း ၃၀ အထိတောင်းတယ်၊ လာမရွေးတဲ့သူတွေကို စစ်ဥထမ်းစာရင်းထဲ ထည့်ပြီး တပ်သားသစ်စုဆောင်းရေးထဲ တန်းထည့်ကာ ခေါ်သွားတယ်။ 

"အရင် စစ်မှုထမ်းအပတ်စဉ်တွေတုန်းက ရွာနားလောက်ပဲ ဖမ်းတာ။ အခုတော့ မြို့ပေါ်ပါ ဝင်ဖမ်းကုန်ပြီ။ ဆိုင်ကယ် ဖမ်းတယ်ဆိုပြီး စီးတဲ့သူပါ ဖမ်းထားတာ။ လာမရွေးနိုင်ရင် လူငယ်တွေ စစ်ထဲ အသွင်းခံရတယ်။ မနေ့မနက် မြို့မစျေးမှာ ဆိုင်ကယ်တွေနဲ့ စီးတဲ့သူတွေကို အကုန်ဖမ်းတယ်။ ကြီးကြီး ငယ်ငယ် အကုန်ဖမ်းတာ။ အခုတော့ လူငယ်တွေက KNU စိုးမိုးတဲ့နယ်မြေတွေနဲ့  ရွာတွေထဲ ထွက်ပြေးနေရတယ်" 

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းက မြို့ပေါ်က ဆယ်ကျော်သက်တွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းနေလို့ လူငယ်တချို့ တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့ နယ်မြေတွေဆီ ထွက်ပြေး ခိုလှုံ‌သွားကြတယ်။ 

"ကျနော်တို့ဆီ ရောက်လာတာတော့ အရင်ရောက်တဲ့ ရဲဘော်တွေနဲ့ ချိတ်ဆက်ပြီး ရောက်လာတာပါ။ သူတို့ကိုတော့ စိစစ်ပြီး ကောင်းမွန်စွာ လက်ခံထားပါတယ်။ နောက်ထပ် လာမယ့်သူတွေလည်း ခေါ်ထုတ်ဖို့ ရှိပါတယ်။ မြို့ပေါ်မှာ နေနေကြတဲ့ လူငယ်တွေကိုပြောချင်တာက အခု သူတို့အနေနဲ့ ရွေးစရာနှစ်လမ်းပဲရှိတယ်။ တော်လှန်ရေးထဲလိုက်ပြီး ဒီစနစ်ဆိုးကို တိုက်ထုတ်မလား။ ဒါမှမဟုတ် စစ်ဖိနပ်အောက်မှာပဲ အဖိနှိပ်ခံ၊ အနင်းခံအဖြစ် တသက်လုံး နေသွားမလားပေါ့။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ လူငယ်တွေ များများပါဝင်လာဖို့ လိုပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တော်လှန်ရေးလုပ်ချင်ကြတဲ့ လူငယ်တွေကို အမြဲတမ်းကြိုဆိုလျက်ပါ" လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဥက္ကဋ္ဌ ရဲဘော်ယောလေးက ပြောပါတယ်။ 

စစ်ဥသာ ထမ်းခိုင်းတာ၊ ထမ်းရင်း သေသွားတော့ အသဘတောင်လုပ်ခွင့်မပေးဘူး။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီဘက်ကနေ ပါဝင်တိုက်ခိုက်နေတဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ဝင်တွေ သေဆုံးတာ ဖမ်းဆီးခံရတာတွေ ရှိတယ်။ သေဆုံးခဲ့တဲ့ PNA တပ်ဖွဲ့ဝင်တွေကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လူကြီးပိုင်းတွေနဲ့ စစ်ကောင်စီတပ်က မိသားစုဝင်တွေကို အကြောင်းကြားပေးတာမျိုး မရှိတဲ့အပြင် သတင်းကို သိတဲ့ မိသားစုဝင်တချို့ကိုလဲ အသုဘလုပ်ခွင့်မပေးခဲ့ဘူး။ 

“အလောင်းပြန်ရဖို့ မပြောနဲ့။ နာရေးလုပ်တာတောင်မှ လူသိလို့ မရဘူး။ သေဆုံးကြောင်းတောင် Facebook ပေါ် မတင်ရဘူး။ ဘယ်သူမှ မသိလိုက်တဲ့ အသုဘပေါ့ဗျာ့”။ 

တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးရုံတက်နေရပေမယ့် ဆေးကုသစရိတ် မရရှိသလို ကိုးကန့်တပ် (MNDAA)က စရိတ်ခံ ပြန်လွှတ်ပေးခဲ့သူတွေကိုတော့ PNA တပ်က ပြန်ခေါ် တာဝန်ထမ်းဆောင်ခိုင်းတယ်။ 

စစ်ပွဲထဲ ပါသွားတဲ့ ပအိုဝ်းတင် မဟုတ်ဘူး။ ကျန်ရစ်တဲ့ပအိုဝ်းတွေကိုလဲ ဒုက္ခအမျိုးမျိုးပေးနေတုန်းပါဘဲ။

တောင်ကြီးမြို့ မြောက်ဘက်ပိုင်းက ရတနာသီရိ၊ ညောင်ဖြူစခန်း၊ စဝ်စံထွန်း၊ ပြည်တော်သာ၊ မင်္ဂလာဦး စတဲ့ ရပ်ကွက်တွေကို ညစဉ် ၁၁ နာရီတိုင်း ကင်းပတ်ပြီး ရှောင်တခင် ဧည့်စာရင်းစစ်နေတာပါ။

“အုပ်ကြီးနဲ့ နယ်မြေမှုးတွေ မပါဘူး ဝင်စစ်တာ။ ပျူစောထီး၊ ရဲနဲ့ စစ်သားတွေ အိမ်ထောင်စုစာရင်းပြခိုင်းတယ်။ တချို့ သံတံခါးအိမ်တွေဆို တဒုန်းဒုန်းနဲ့ထုပြီး အိမ်ရှင်တို့ ဧည့်စာရင်းစစ်မယ်။ တံခါးမဖွင့်မချင်း ဆူညံနေတာနော်။ ဘာမှလဲ မဟုတ်ဘူးဗျာ့။ အလန့်တကြား ကလေးတွေ လူကြီးပိုင်းတွေ အိပ်ရေးပျက်တာဘဲ စောက်ရူးတွေဗျာ” 

“ညအိပ်ကောင်းပြီဆို သူတောင်းစားတွေက ရောက်လာပြီ။ မဖွင့်မချင်း ထုတာနော်။ ကန်လည်း ကန်တယ်။ အုပ်ကြီးရောဆိုတော့ မပါဘူးတဲ့။ ကားပေါ်ကြည့်တော့ အုပ်ကြီးက မျက်မှန်တပ်ပြီး မှန်ချက်ချင်း ချလိုက်တာ။ ဝင်စစ်ဦးမလား ဆိုတော့ လက်ဖက်ရည်ဖိုး ၂ သောင်းပဲပေး ဆိုလို့ ပေးလိုက်ရတယ်”။ 

တောင်ကြီးမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ ဧည့်စာရင်းတိုင်ရာမှာ တစ်ဦးကို ၅ ထောင်ကျပ် ပေးနေရပြီး မတိုင်တဲ့လူတွေကိုလည်း ဧည့်စာရင်းဝင်စစ်တဲ့အချိန်မှ သိရှိတာမျိုးဖြစ်ခဲ့ရင်တော့ ငွေသိန်းဆယ်ချီ ပေးရတယ်။ ဧည့်စာရင်းတိုင်တဲ့ လူတွေဟာလည်း နေရပ်ပြန်ခဲ့ရင် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရပြီး ပြန်လာခဲ့ရင် နောက်တစ်ကြိမ် ပြန်တိုင်ရပြီး ငွေကြေးထပ်ပေးရတာကြောင့် သွားလိုက် ပြန်လိုက် လုပ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ငွေကြေးကုန်ကျမှု များနေတယ်လို့ ဆိုပါတယ်။ 

မြွေပူရာကင်းမှောင့် ဆိုသလို စစ်အာဏာရှင်ကို အသည်းအသန် ရင်ဆိုင်ခုခံနေရတဲ့ ပြည်သူတွေကို ရေနစ်သူဘက်ကနေ ဝါးလုံးနဲ့ဝိုင်းထိုးပေးတာက တရုတ်။ 

တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်တဲ့ အချိန်ကစပြီး ကိုးကန့်ဒေသအပြင် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့တာပါ။ ကွမ်းလုံမြို့နေ ဒေသခံအမျိုး သမီးတဦးက-

"မြို့ထဲကတော့ အရင် လားရှိုး စစ်မဖြစ်ခင်ကတည်းက ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေကိုပဲ အခု ရောင်းနေကြတာ။ တိုက်ပွဲပြီးတော့လည်း လားရှိုးက ပြန်မစည်သေးတော့ မရောင်းရတဲ့ ပစ္စည်းတွေကို ဒီဘက်ကို ပြန်သွင်းကြတယ်။ အခု တရုတ်ဘက်ကလည်း ပိတ်လိုက်ပြီလေ။ လားရှိုးတစ်ခုပဲ ကျန်တာ။ အဲဘက်လည်း မသေချာဘူး။ ရေရှည်ဆိုရင် မလွယ်ဘူး" လို့ ပြောပါတယ်။

တရုတ်ဘက်က ဝ - တရုတ်နယ်စပ်ဂိတ်တွေကို သြဂုတ်လထဲ စတင်ပိတ်ထားပြီး တချို့ကို တင်းကျပ်လာနေတာကြောင့် ကိုးကန့်ဒေသဘက်ကိုလည်း ကုန်ပစ္စည်းတွေ မရောက်နိုင်တော့ဘူးလို့ သူကဆက်ပြောတယ်။ 

"အခု "ဝ" ဘက်ကလည်း ဒီဘက်ကို ဘာမှ ပေးမသယ်လာတော့ဘူး။ အရင်က နမ့်တစ်ကနေ ဓာတ်ဆီတွေ ရောက်လာပေမယ့် အခု မရတော့ဘူး။ ဓာတ်ဆီတွေလဲ စျေး ၂ ဆတက်လာနေပြီ အခု၊ အရင်က ဝယ်စုထားတဲ့ဟာပဲ ပြန်ရောင်းနေကြတာ။ ဈေးတွေလည်း တက်တယ်" လို့ ဟိုပန်မြို့နေ ဒေသခံတဦးကလဲ ပြောပြပါတယ်။ 

တရုတ် - နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ကုန်ပစ္စည်း ရောင်းဝယ်သူတွေအနေနဲ့ ကျိုင်းတုံနဲ့ တာချီလိတ်ဘက်ထိ ကုန်ပစ္စည်းတွေ သွားရောက်ဝယ်ယူနေရတယ်။

"တရုတ်ပိတ်၊ "ဝ" လည်းပိတ်၊ လားရှိုးဘက်လည်း မလွယ်တော့ ရှမ်းရှေ့ဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်ဘက်ကို သွားရတာပေါ့။ အဲ့ဒါလည်း မသေချာဘူး။ ၁၃/ ရစ်တာနဲ့ ကြုံရင်လဲ ဂိတ်မှာ ပြန်သောင်တင်နေတာ" 

တရုတ်က သူ့တပ်ကို ပြည်သူ့ လွတ်မြောက်ရေးတပ် - PLA လို့ သုံးထားတာတောင် ရှက်သင့်ပါပြီ။ ဘယ်ပြည်သူ့လွတ်မြောက်ရေးကိုမှလဲ အားပေးတာ မဟုတ်ဘူးလေ။ လွယ်လွယ်ရရင် သူကြွယ်တောင်မနေဘူး ဆိုသာလို ငွေငတ်တဲ့ ကွန်မြူနစ်ကြီးပေါ့။ နောက်ဆုံးတော့ တရုတ်လဲ ဘောမပါဘဲ။ 

ယနေ့အစားအစာ စစ်ဥ တရုတ်ပြုတ်။ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar