Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၉ )

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၉ )

(မိုးမခ) ဩဂုတ် ၂၁ ၊ ၂၀၂၄


လပခ တိုင်းမှူးသစ်က ပြုတ်ပြီး စောက်ရှက်ကွဲမှာ ကြောက်တော့ လုပ်မိလုပ်ရာလုပ်ပြီ။ လုပ်မိလုပ်ရာဆိုတာ ဖြတ်လေးဖြတ်ပေါ့လေ။ တခြားလဲ ဘာမှမလုပ်တတ်။ ကိုယ့်အတတ်ကိုယ့်စူး သူ့ရှူးသူပတ်မယ့်ဟာတွေပေါ့။ စစ်က မြို့ကြီးတွေပေါ်  ခွထိုင်နေပြီလို့ သူကိုယ်တိုင် မောင်းခတ်ပြီး မြို့မေတ္တာခံယူပြီပေါ့လေ။ 

မန္တလေးမြို့ အဝင်အထွက်ဂိတ်တွေမှာ ကား ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေး ငွေညှစ်နေပြီး စားသောက်ကုန်နဲ့ လောင်စာဆီကိုလည်း သယ်ယူခွင့်မပြုဘဲ ကန့်သတ် ပိတ်ဆို့ထားတယ်။ မတ္တရာက ဈေးသည်တွေ ဈေးဝယ်မယ့်စာရင်းကို အုပ်ကြီးဆီ ထောက်ခံစာလုပ်ရပြီး ထောက်ခံစာ မပါရင် ရေသန့်ဘူးတောင် သယ်မရလို့ဆိုတယ်။ ဒါဟာ အုပ်ကြီးမယားနဲ့ သားသမီးတွေကို ဈေးဆိုင်ထောင်ပေးတဲ့အထာပေါ့။ 

အရင်က စစ်ကိုင်းဘက်အထွက်ကိုသာ အဓိကစစ်ဆေးရာက အခု မတ္တရာဘက်အထွက် ရွှေကျင်ဂိတ်မှာလည်း ပိတ်ဆို့ စစ်ဆေးနေပြီး စားသောက်ကုန်နဲ့ လောင်စာဆီ သယ်ယူလာပါက ကားပေါ်က ဆွဲချ သိမ်းယူတယ်လို့ ဆိုပါတယ်။

"ရွှေကျင်ဂိတ်မှာ ဖြစ်နေတာက ဒီဘက် (မန္တလေး - မတ္တရာ ကားလမ်း) တလျှောက် ရွာတွေက ဈေးချိုကနေပြီး ဈေးဝယ်ပြီး အိမ်ဆိုင်လေးတွေမှာ ပြန်ရောင်းကြတယ်။ အခု တော်တော်များများ ဈေးဝယ်ပြန်လာတဲ့ သူတွေကို တားပြီး ကုန်တွေများတယ်ဆိုပြီး သိမ်းတယ်။ သိမ်းခံရတဲ့သူတွေ တော်တော်များတယ်။ အဲဒါကြောင့် အခုဆိုရင် ရွာတွေက လူတွေ ဈေးဝယ်သွားမယ်ဆိုရင် အုပ်ကြီးဆီကနေ ဘာပစ္စည်း ဘယ်လောက်ဝယ်မယ်ဆိုတဲ့ ထောက်ခံစာ လုပ်ရတယ်။ အဲ့ဒါ မပါရင် သိမ်းတယ်။ PDF ထောက်ပို့ လုပ်မှာမို့ဆိုတဲ့ အကြောင်းပြချက် ပေးတယ်။ ရေသန့်ကတ် တစ်ကတ်တောင် ထောက်ခံစာ မပါဘဲ သယ်လို့မရဘူး" တဲ့။

စစ်အုပ်စု အစစ်အဆေးလွတ်ဖို့ ရွှေကျင်ဂိတ်က မဖြတ်ဘဲ ရှောင်ကွင်းလမ်းတွေကနေ သွားလာကြပေမယ့် လက်ရှိမှာ ရှောင်ကွင်းလမ်းတွေကိုလည်း စစ်အုပ်စုက ပျူတွေကို ချကာ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဇူလိုင်လက စလို့ မန္တလေးမြို့ကနေ စစ်ကိုင်းတိုင်းဘက် ပြေးဆွဲနေတဲ့ လိုင်းကားတွေကို စစ်ဆေးပြီး ကားပေါ်ပါ စားသောက်ကုန်တွေကို လက်နက်ပြ မိုက်ကြေးခွဲ လုယူတာ၊ စားသောက်ကုန်နဲ့ လောင်စာဆီ သယ်ယူခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။ ဆန်အိတ်နဲ့ ဓာတ်ဆီတွေ သယ်ခွင့် မပေးပါဘူး။ ခရီးသည် တစ်ယောက်ကို ကြက်ဥ ငါးလုံးပဲ သယ်ခွင့်ပေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျင့်သုံးရတဲ့ မအလရဲ့ သမဝါယမစနစ်ဆန်းကြီးပေါ့လေ။ 

စစ်အုပ်စုဟာ မန္တလေးကနေ စစ်ကိုင်း၊ ဆားတောင်၊ ဝက်လက်နဲ့ ရွှေဘိုနယ်ဘက် ပြေးဆွဲတဲ့ကားတွေကို ဂိတ်ထိုးရာနေရာဖြစ်တဲ့ အိမ်တော်ရာဘုရားဝင်းကိုလဲ ဩဂုတ်လ ၅ ရက်က စတင်ကာ စီးနင်းပြီး ကားနဲ့ လူတချို့ကို ဖမ်းဆီးငွေညှစ်တာ၊ စားသောက်ကုန်နဲ့ လောင်စာဆီတွေ သိမ်းယူတာအပြင် လက်ရှိအချိန်ထိ ဘုရားဝင်းထဲမှာ အထိုင်ချ တပ်စွဲပြီး စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မှောင်ခိုခေတ်တခေတ် ဆန်းသစ်ပြီပေါ့လေ။ စစ်ဗိုလ် စစ်သားတွေက ငါးပါးသီလ မြဲတော့ လုပ်ရဲတာပေါ့။ ယာယီတာဝန်သမ္မတခမျာ သူ့ရဲ့ ချစ်လှစွာသော ပြည်သူတွေကို အလုပ်အကိုင်မရှိတဲ့အပြင် ကျပ်တန်ဖိုးထိုးကျ ကုန်ဈေးနှုန်းတွေ ကြွချင်တိုင်း ကြွနေတဲ့ကြားမှာ ဗျာများမပူ အေးအေးလူလူ ယပ်ခပ်နေရအောင် အသုံးအစွဲ ကျစ်လျစ်ပေးရှာတာ။ 

အင်း တိုင်းမှူး ကြောက်ပြီး ပြာမယ်ဆိုလဲ ပြာလောက်တာကိုး။

မိုးမောက်မြို့က နောက်ဆုံး လက်ကျန်ဖြစ်တဲ့ ၄၃၇တပ်ရင်းကို KIAက ဇူလိုင် ၂၄ ရက်နေ့က တကျော့ပြန်ထိုးစစ်စတင်တိုက်ခိုက်ခဲ့တာ တစ်လနီးပါးအကြာ ဩဂုတ်၁၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။

အဲဒီတပ်ရင်းဟာ ဗန်းမော်မြို့မှာ အခြေစိုက်ထားတဲ့ စကခ-၂၁ ရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ တပ်စခန်းပေါ့။ အနီးကပ် ကွပ်ကဲနေတဲ့ စကခ-၂၁ က ဒုတိယစကခမှူးလည်း ထွက်ပြေးသွားတယ်။ မိုးမောက်မြို့နဲ့ ဗန်းမော်မြို့ဟာ ခုနစ်မိုင်သာ ဝေးတာမို့ စကခ-၂၁ အခြေ စိုက်တဲ့ ဗန်းမော်မြို့လဲ တိုက်ပွဲတွေ ဆက်နိုင်တယ်လေ။ စစ်ကူလာတဲ့ တင့်ကား ၁ စီးပါ ယာဉ်တန်းကို ဗန်းမော်မြို့အထွက် ၆ မိုင်နှင့် ၇ မိုင်အနီးမှာ KIA ပူးပေါင်းတပ်များ ကြားဖြတ်ချေမှုန်း အတုံးရုံးဖြစ်သွားတော့ ဗန်းမော်စကခလဲ အတော်ပျော့နေရောပေါ့။ တင့်ကား ၁ စီးနဲ့ လက်နက်ခဲယမ်း အများကြီး သိမ်းဆည်းရရှိခဲ့တာကလဲ ရေတွက်ကုန်နိုင်ဘွယ်ဆိုဘဲ။ အင်အား ၇၀၀ ကျော်ရှိတာ တိုက်ပွဲမှာ ၃၀၀ ဆန့်၊ ကျန် ၄၀၀ မနန့်နိုင်တော့ဘူးလို့ စစ်သုံ့ပန်းအရာရှိက ထွက်ဆိုထားတယ်။

သပိတ်ကျဉ်းကျရင် ကချင်ကနေ မန်းကို ထုတ်ချင်း ပေါက်ဆိုတော့ နန်းတွင်းက နွားကျစ်သိုး ကြောက်မယ်ဆိုလဲ ကြောက်လောက်ပါတယ်လေ။ 

ဧရာဝတီကတော့ စကစရဲ့ငယ်နိုင်တိုင်း။ ပြင်စလူမြို့၊ တရုတ်ကုန်းကျေးရွာအုပ်စုအတွင်းက ကျေးရွာခွဲများမှာ စစ်မှုထမ်းအပတ်စဥ်အလိုက် ထောက်ပံ့ကြေးဆိုပြီး လစဉ် တအိမ် တသောင်းခွဲ ကောက်ခံနေယ်။ အုပ်ကြီး နုတ်ထွက်ထားလို့ အကြမ်းဖက်စခတွေ ကိုယ်တိုင် လာတောင်းပြီး လက်လုပ်လက်စားတွေကို ဒုက္ခပေးနေတာ။

လေးမျက်နှာမြို့နယ်၊ ကွင်းကြီးအုပ်စု အုပ်မှူးစိုးလင်း အပိုင် အောင်ဇံကွင်း၊ ကွင်းကြီးရွာ၊ လဲခုံကျေးရွာ၊ ဇီးပင်ကွင်း၊ မှန်စီရွာတို့မှာလဲ စစ်မှုထမ်း အပတ်စဉ် (၁) အတွက် တအုပ်စု  ၂ ဦး ‌ပေးရပြီး စစ်မှုထမ်းထောက်ပံ့ဖို့လဲ တစ်အိမ်ထောင် တသောင်းခွဲကောက်ခံနေတယ်။ အပတ်စဉ် (၂) အတွက်တော့ ကျေးရွာအတွင်း မဲနှိုက်ရွေးချယ်မှာဖြစ်ပြီး မဲမနှိုက်ချင်ရင် တစ်အိမ် တသိန်းခွဲ ထည့်ဝင်ရမယ်လို့ ပျူဆင်းလေးတွေက အမိန့်ထုတ်ထားတယ်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာမှာလဲ အုပ်ကြီးမြင့်ဇော်၊ သူ့တူ ကျော်ဆန်း၀င်းနဲ့ ကျေးရွာပြည်သူ့စစ်အောင်ကိုတို့က ကျေးရွာအုပ်စုအတွင်းက လူငယ်ရှိတဲ့အိမ်တွေကို စစ်မှုထမ်းမလိုက်ချင်ရင် တစ်အိမ် ခြောက်သိန်း တောင်းတယ်။ တောင်းတာတိုင်ရင်လဲ စုံစမ်းပြီး ဖမ်းမယ်လို့ ပြောထားသေးတယ်။ 

စစ်ဘောထမ်းဈေးက ပါးစပ်လုပ် ပါးစပ်စားကျ တဈေး၊ လက်လုပ်လက်စားဈေးနဲ့ မတူပြန်ဘူး။ သြဂုတ် ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်က ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များမှာ စစ်ဥမထမ်းဆောင်ချင်ရင် သိန်း ၃၀ ပေးရမယ်လို့ ပေါက်ဈေးသတ်မှတ်တယ်။

သိန်း ၃၀ ပေးထားသူတွေဟာ လတ်တလော ဘောထမ်းလွတ်မယ်။ ဘယ်လောက်ကြာအောင် ကင်းလွတ်ခွင့်ရမလဲ ဆိုတာတော့ မသိဘူးတဲ့။ မအလလို ခြောက်လ တခါ သက်တမ်းတိုးရမယ့်သဘောပေါ့လေ။

တကယ်တော့ စစ်ဗိုလ်တွေကလဲ စစ်သား ရချင်တာမဟုတ်ဘူး။ ငွေရချင်တာ။ ငွေရမှ စစ်ရှုံးရင် လွတ်ရာကျွတ်ရာ ပြေးလို့ အဆင် ပြေမှာကိုး။ မအလ အလွန်မှာ ရှင်သန်ရေးစရိတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြရတာပေါ့လေ။ သူတို့က မအလ စစ်ရှုံးချိန် ပိုတွက်တတ်တယ်။ 

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ အရှေ့ကမ်းမှာ အုပ်ချုပ်ရေးမှူးအိမ်ရယ်၊ ပြည်သူ့စစ်အဖွဲ့ဝင် အိမ်ရယ်၊ သတင်းပေးအိမ်ရယ် ၇ အိမ်ကို တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က မီးရှို့ခဲ့တယ်တဲ့။ ဒီအိမ်တွေကို ဒေသအရင်းအမြစ်ကနေ ထုတ်နုတ်ဆောက်ထားရတာဖြစ်လို့ မီးရှို့ ဖျက်ဆီးမပစ်ဘဲ ဖွံ့ဖြိုးရေး အုပ်ချုပ်စီမံရေး အိမ်မဲ့တွေ နေဖို့ဘာညာ ရပ်ရွာအတွက် ပြန်အသုံးပြုရင် ပိုအဆင်ပြေမယ် ထင်ရဲ့။ 

ဒီကာလမှာတော့ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသူတွေပဲ အဆင်ပြေတယ်။ ငွေအလုံးလိုက်အထည်လိုက်နဲ့ လွတ်မြောက်လုံခြုံရာအရပ်မှာ နှပ်ခွင့်ရတာ သူတို့ပဲ ရှိတယ်။ လက်နက်ခဲယမ်းတော့ ရှယ်မ ခဲ့ဖို့ လိုတာတာပေါ့။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF ထံ လက် နက်ခဲယမ်းယူလာကာ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဖလမ်းမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ (၂၆၈) က တပ်သားတဦးဟာ သြဂုတ် ၁၉ ရက်နေ့မှာ MA–1  တစ်လက်၊ ကျည်ဆံအတောင့် ၁၅၀၊ အီနာဂါဗုံးသီး လေးလုံး ယူလာကာ ရောက်လာတာပါ။ 

လမ်းပေါက်သာလျှက် အပြေးခက် လမ်းတွက် မဟုတ်ချေ ရဲဘော်တို့။ 

ပျူတွေတောင် ခေတ်မီနေပြီ။ လောင်းလုံးမြို့ပေါ်က လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် လှမျိုးဟာ ဇနီး၊ ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့အတူ အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာလို့ ဇူလိုင်လ ၁၀ ရက်နေ့က သွားရောက်ခေါ်ယူခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောတယ်။ လှမျိုးဟာ မနက်ပိုင်း ကင်းစောင့်တာဝန်ကျနေချိန် မိသားစုလိုက် ထွက်ပြေးလာပြီး နွေဦးပြောက်ကျား တပ်ဖွဲ့ဆီ ခိုလှုံခဲ့တာ။ သူ့မိန်းမကနေတစ်ဆင့် အလင်းဝင်ချင်တယ်လို့ ဆက်သွယ်လာလို့ သွားခေါ်ထုတ်ပေးပြီး လုံခြုံတဲ့နေရာပို့ပေးပြီးမှ သတင်းထုတ်ပြန်တာပါတဲ့ဗျာ။ မိန်းမရိုသေ အသက်ရှည်ပါတယ်နော်။ သိပ်လဲ ပူမနေပါနဲ့၊ ရဲရဲသာလာခဲ့ပါ။  မအလလဲ ဘာမှ လိုက်မလုပ်နိုင်ပါဘူး။ သူ့ဟာသူ တိုင်ပတ်နေတာတောင် ရပ်မရ။ 

အဲဒီပျူစောထီးက အေကေအမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် ၁၁၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး ယူလာလို့ သူ့ကို နွေဦးပြောက်ကျား တပ်ဖွဲ့က ဆုငွေ ကျပ် ၄၅ သိန်းပေးအပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီ့ထက်ဟန်ကျတာတောင် ဒီလောက်ဟန်မကျနိုင်ဘူး မဟုတ်လား။ ဒီလိုကိစ္စမျိုးတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကို စိတ်ချလက်ချ ခံယူပါလေ။ 

ခုလို မအလ ယဲ့ယဲ့ကျန်နေချိန်မှာတောင် လက်ကျန်အချိန်လေး ဒုက္ခသည် ပြည်သူ့လည်မျိုကို ရသလောက် ညှစ်ထုတ်သွားမယ်ဆိုတဲ့သူကလဲ သပ်သပ်ကို ရှိတတ်တာ။ နန်းခွေးတွေပေါ့လေ။ အခြေအနေအရ နန်းရတဲ့ ရိုးရိုးနန်းတော့ မဟုတ်ဘူး။ 

ပုသိမ်မြို့ (အ.ထ.က-၂) ကျောင်းအုပ် ကျော်ဝင်းဟာ ထင်သလို လာဘ်စားပြီး စကစ လုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ကျောင်းသူ/သား ကလေးများကို ပို့ပေးပြီး ဘောမနေသတဲ့။ သူ့လိုပဲ အ.ထ.က (၂ )ကျောင်းက ချိုသက်မွန် ၊ အေးချမ်းငြိမ်း၊ ခင်မာရီ ဆိုတဲ့ ဘောမပညာ ငါဆရာမတွေကလဲ ကျောင်းသားနဲ့ကျောင်းသားမိဘတွေကို စစ်တပ်ထောက်ခံဖို့၊ မထောက်ခံရင် ဘာဖြစ်မယ် ညာဖြစ်မယ် ခြိမ်းခြောက်တာတွေ လုပ်နေသတဲ့။

ဩဂုတ် ၁၆ ရက်နေ့က ပုသိမ်မြို့ထဲ သေနတ်သံတွေ ကြားပြီး မငြိမ်မသက်ဖြစ်နေချိန် မိဘတွေကစိတ်မချလို့ သားသမီးတွေကို ပြန်လာခေါ်တော့လဲ မင်းတို့ သားသမီးတွေ မသေစေရဘူးလို့ ပြောပြီး ကျောင်းအုပ် ကျော်ဝင်းက ဆဲဆိုခြိမ်းခြောက်သတဲ့။ စကစ စစ်ရေးရှုံးနိမ့်နေတဲ့နယ်မြေတွေကနေ ကျောင်းပြောင်းလာတဲ့ စစ်ဘေးရှောင် ကျောင်းသူ/သားတွေဆီကနေ ကျောင်းပြောင်းလက်ခံငွေ ၁ သိန်း ကောက်သတဲ့။ အခန်းပြောင်းတာ‌တွေကိုလည်း အခကြေးငွေ သိန်းချီယူပြီး A B အခန်းတင်ပေးတာတွေ လုပ်နေသတဲ့။ ဒါက တနိုင်ငံလုံးက နန်းခွေးရှိတဲ့ကျောင်းတွေမှာ ဒီလိုဖြစ်နေတာတွေပါပဲ။ 

နောက်တနိုင်ငံလုံးက ထောင်တွေမှာ သခင်အားရ ကျွန်ပါးဝ လုပ်နေတဲ့ ထောင်ဝန်ထမ်းတွေ အများကြီး ရှိပါတယ်။

သာယာဝတီထောင်ကို အပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်လို့ ခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရရှိပြီး တိုက်ပိတ်တာ၊ ခြေချင်းခတ်တာတွေလဲ ခံနေရသတဲ့။

ဇူလိုင် ၂၁ ရက်နေ့က အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို နိုင်ငံရေးအကျဉ်းသားအများစုပါဝင်တဲ့ အကျဉ်းသား ၃၀၀ ကို ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက် တစုံတရာမရှိဘဲ ဦးချိုးတဲ့အနေနဲ့ ထောင်အဝင်နဲ့ ထောင်ဘူးဝမှာ ရိုက်နှက်မှုတွေ စတင်ပြုလုပ်ခဲ့တာတဲ့။ 

ဒီကာလမှာ အဆိုးဆုံးစာရင်းဝင်တာကတော့ ဒိုက်ဦးထောင်။

ဒိုက်ဦးထောင်မှာ ထောင်အရာရှိ စန်းနွယ်ဦး နဲ့ ဝန်ထမ်းတွေက အကြမ်းဖက်ရိုက်နှက်လို့ နိုင်ငံ‌ရေးအကျဉ်းသူတွေ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နဲ့ လုံခြုံရေး အထူးစိုးရိမ်နေရသတဲ့။ ကျိုက်မရောထောင်က ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို အတင်းအဓမ္မ အင်အားသုံး ခေါ်ဆောင်တာကို အကျဉ်းသူက မလိုက်နိုင်ဘူးဆိုတာ ရှင်းပြနေတုန်း ထောင်အရာရှိ စန်းနွယ်ဦးက အမျိုးသမီးအဆောင်အခန်းထဲအထိ ဝင်ပြီး အကျဉ်းသူကို ဆံပင်ကိုဆွဲ ရိုက်နှက်ခဲ့တာ။ ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူမှာ တရားမဝင်ပစ္စည်း သယ်ဆောင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတင်းအဓမ္မ အင်အားသုံး ခေါ်ဆောင်တာတဲ့။ 

အဲဒါက ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်းအမျိုးသားအင်အား ၅၀ နဲ့ အမျိုးသမီးဝန်ထမ်း ၇ ဦးတို့က အမျိုးသမီးအဆောင်ထဲ လေးခွ၊ ရော်ဘာတုတ်၊ ကျဉ်စက်တွေကိုင် ဝင်ရောက်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသူကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုအပေါ် တခြား နိုင်ငံရေးအကျဉ်းသူများက ကန့်ကွက်ခဲ့ကြပြီး ဝိုင်းဝန်းကာကွယ်ပေးခဲ့လို့ သူတို့ကိုပါ ထောင်ဝန်ထမ်း ၅၀ က ဝိုင်းဝန်းရိုက်နှက်ခဲ့သတဲ့။

အမျိုးသမီးတွေအပေါ် အခုလို အမျိုးသားဝန်ထမ်းတွေကပါ ဝင်ရိုက်တာ ဒီနှစ်ထဲ နှစ်ကြိမ်ရှိပါပြီ။ နိုင်ငံရေးအကျဉ်းသူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နဲ့ လုံခြုံရေး အထူးစိုးရိမ်နေရပါတယ်တဲ့။ 

ဒီကနေ့ နိုင်ငံတော် မနက်စာကတော့ ထောင်ထမင်း ထောင်ဟင်းသာ ဖြစ်ကြောင်းပါခင်ဗျား။ 


👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar