Breaking News

သိမ်းယူပြီး တရက်အတွင်း ပြန်ဆုတ်ခွာရတဲ့ ဒီပဲယင်းမြို့




မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၉ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၄

သိမ်းယူပြီး တရက်အတွင်း ပြန်ဆုတ်ခွာရတဲ့ ဒီပဲယင်းမြို့


စစ်ကိုင်းတိုင်းထဲက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း နဲ့ နာမည်ကြီးတဲ့ ဒီပဲယင်းမြို့ကို စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ စစ်ကိုင်းတိုင်း ရွှေဘို၊ ဒီပဲယင်း နဲ့ ဘုတလင် မြို့နယ်တို့မှာ အခြေစိုက်ကြတဲ့ လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ထက်မနည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြပြီး ၄ ရက်ဝန်းကျင် အကြာမှာ ဒီပဲယင်းမြို့ကို သိမ်းယူနိုင်ခဲ့ပေမယ့် ၂၄ နာရီမပြည့်ခင်မှာပဲ ပြန်ဆုတ်ခွာပေးခဲ့ရတယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရှိရပါတယ်။

ဘီဘီစီ မြန်မာပိုင်း သတင်းအရတော့ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ ရွှေဘိုခရိုင်ထဲက တပ်ရင်းတွေ၊ ရွှေဘို ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒီပဲယင်းမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ 96 Soldiers PDF အညာတပ်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြထားပြီး ဂဠုန် တပ်တော်၊ ဗိုလ်ကျားကြီးတပ် တို့လို မြို့နယ်အမည် မဟုတ်တဲ့ အမည်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေလည်း ပါဝင်ခဲ့တယ်လို့ အခြားသော သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလက ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အချို့နဲ့ စစ်ဗိုလ်ချုပ်အချို့ က စစ်ကိုင်းတိုင်းကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ စည်းရုံးရေး ခရီးစဥ်အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ကြဖို့ ဒီပဲယင်း မြို့နယ်ထဲမှာ စီစဥ်ခဲ့ကြပြီး ဒီပဲယင်းမြို့ နယ်ထဲက ကျေးရွာအချို့ကို အရပ်သား လက်မရွံ့ တွေအဖြစ်ပါဝင်ဖို့ လျှို့ဝှက်စီစဥ်ခဲ့ကြပြီး နှစ် ၂၀ ကျော်အကြာမှာတော့ ဒီပဲယင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းထဲက အချို့သောမြို့နယ်တွေလိုပဲ စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်သူအားကောင်းတဲ့ နယ်မြေတခု အဖြစ်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် မေလက ကြံခိုင်ရေးပါတီ၊ စစ်တပ်ထဲက သီးခြားတာဝန်ပေးထားသူတွေက ညွှန်ကြားမှုနဲ့ ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေက NLD ပါတီ စည်းရုံးရေး ခရီးစဥ်ယာဥ်တန်းကို ဒီပဲယင်းမြို့နယ်ထဲ ဖြတ်သန်းချိန်မှာ တုတ်၊ ဓါးလက်နက်တွေကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်မှာ အကြမ်းဖက် လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့် ကံအားလျော်စွာ လွတ်မြောက်ခဲ့တဲ့ NLD ပါတီခေါင်းဆောင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၁၆ မှာ အစိုးရဖြစ်လာပေမယ့် ၂၀၀၃ ခုနှစ်က အဖြစ်အပျက်နဲ့ ပတ်သက်လို့ ဘယ်သူတွေ တာဝန်ရှိသလဲ၊ ဘယ်လို လုပ်ဆောင်ခဲ့ကြသလဲ ဆိုတဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူ ဖို့ လုပ်ဆောင်ခဲ့ခြင်း မရှိပဲ အတိတ်က နိုင်ငံရေး လုပ်ကြံမှု အဖြစ်အပျက်တခုအနေနဲ့သာ မှတ်သားထားခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီအာဏာရပြီး ဆယ်စုနှစ် တခုနီးပါးအကြာ မှာတော့ ဒီပဲယင်းမြို့နယ်ဟာ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေ အားကောင်းတဲ့ မြို့နယ် တခုအဖြစ် ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီတပ်တွေကို မြို့ကနေ တိုက်ထုတ်ပြီး တရက်နီးပါး သိမ်းယူနိုင်ခဲ့တဲ့ အနေအထားရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

မြို့ကို သိမ်းယူနိုင်ခဲ့ပေမယ့်လည်း မြို့ကနေ ဆုတ်ခွာခြင်းမပြုပဲ ဆက်လက်ထိန်းသိမ်းထားဖို့ ရာမှာ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်ကာကွယ်နိုင်ခြင်းမရှိတဲ့ အချက်နဲ့ လက်နက်ခဲယမ်း မလုံလောက်မှု အခက်အခဲတွေကြောင့် မြို့ကို ဆက်လက်ထိန်းသိမ်းထားဖို့ မစွမ်းသာပဲ နာရီအတန်ကြာမှာ ပြန်လည်ဆုတ်ခွာ ပေးခဲ့ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ မြို့နေလူထု အနေနဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ထားခဲ့ရပြီး စစ်ဘေးတိမ်းရှောင်ရတဲ့ အခက်အခဲ၊ ပြန်လာတဲ့အခါမှာ နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံရတာမျိုးတွေ ကြုံကြရသလို တချို့သောအခြေအနေတွေမှာတော့ မိသားစုဝင်တွေ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးမှုတွေလည်းကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ ဒီလို ဆုံးရှုံးမှုတွေ၊ အရင်းအနှီးတွေ နဲ့ မြို့တွေသိမ်းယူတာ စစ်အာဏာရှင်ဖြုတ်ချရေး ပန်းတိုင်ကို ဘယ်လို အထောက်အကူပြုမလဲလို့ မေးစရာလည်း ရှိကောင်းရှိနေမှာ ဖြစ်ပါတယ်။

96 Soldiers PDF လို့ အမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူ ကိုဇေယျာလွင်ကတော့ မြို့သိမ်းတိုက်ပွဲတွေကို ဖေါ်ဆောင်ရတဲ့ ရည်ရွယ်ချက်က” စစ်ရေးဗျူဟာအရ တဖက်စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်ဖို့ လိုတဲ့အချိန်မှာ မြို့သိမ်းတိုက်ပွဲတွေကို တိုက်ကြရတယ်” လို့ သတင်းဌာနတခုကို ဖြေကြားခဲ့ပြီး လက်နက်ခဲယမ်း မလုံလောက်တဲ့ အကြောင်းကြောင့် မြို့သိမ်းတိုက်ပွဲတွေကို မတိုက်ရဘူးလို့ စဥ်းစားချက်ကို ခွာဖို့ (စွန့်ပယ်ဖို့) လိုတဲ့အကြောင်းလည်း ၄င်းကပဲ သတင်းမီဒီယာကို ဖြေကြားခဲ့ပါတယ်။ အချို့သော နိုင်ငံရေး လေ့လာသူတွေ၊ ဝေဖန်သူတွေ အမြင်မှာတော့ မြို့ကိုသိမ်းယူပြီးနောက် ထိန်းထားနိုင်ဖို့ အစီအစဥ်၊ လုံလောက်တဲ့ လက်နက်ခဲယမ်း မရှိပဲ မြို့သိမ်းတိုက်ပွဲတွေကို မဖေါ်ဆောင်သင့်ဘူးဆိုတဲ့ အမြင်လည်း ရှိနေတာဖြစ်ပြီး မြို့နေလူထု အနေနဲ့ မြို့သိမ်းတိုက်ပွဲ တခုဖြစ်ပွားလာခဲ့ရင် ဆုံးရှုံးကြရတဲ့ ဆုံးရှုံးမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု တွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒီမြို့ခံလူထု အများစုဟာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကို ထောက်ခံအားပေးတဲ့ လူထုဖြစ်တာကြောင့် လူထုအနေနဲ့ ရေရှည် တောင့်ခံနိုင်ရည် ရှိဖို့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကြားထဲမှာပဲ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လုပ်လို့ ရနိုင်သမျှ လုပ်ဆောင်သွားကြမယ့် အနေအထားရောက်နေတာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar