ရဲဘော်တေး - ကျားဖြန့်ကာကွယ်ရေးတပ်တွေကို ချေမှုန်းမှ အားလုံး အင်တာနက် လက်လှမ်းမီပေလိမ့်
ရဲဘော်တေး - ကျားဖြန့်ကာကွယ်ရေးတပ်တွေကို ချေမှုန်းမှ အားလုံး အင်တာနက် လက်လှမ်းမီပေလိမ့်
(မိုးမခ) ဩဂုတ် ၃၀ ၊ ၂၀၂၄
"ပထမအနေနဲ့ ပညာရေးအပိုင်းကို တော်တော်လေး ထိခိုက်ပါတယ်။ CDM လုပ်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပြီးတော့ ကျောင်းတော်တော်များများက တချို့နေရာတွေ အင်တာနက်လိုင်းသာ ရှိမယ်ဆိုရင် အိမ်ကနေ online class တွေ၊ online education တွေ သူတို့ တက်လို့ရတယ်။ ဒါပေမဲ့ ချင်းပြည်နယ်မှာ အင်တာနက် မရှိတဲ့အခါမှာ ပညာရေး တခုလုံးနီးပါးကို ရိုက်ခတ်သွားတာပေါ့လေ။ ပြီးတော့ ကျန်းမာရေးဖြစ်ဖြစ် ထိခိုက်မှု တော်တော်များပါတယ်၊ စီးပွားရေးဖြစ်ဖြစ်။ နောက်တခုက နိုင်ငံခြားမှာနေတဲ့သူတွေက ကိုယ့်ရဲ့ မိသားစုဝင်တွေကို ပိုက်ဆံတွေ ပို့ကြတယ်၊ အင်တာနက် မရှိတဲ့အခါမှာ ဒါတွေက တော်တော်လေး ခက်ခဲလာတာကို တွေ့ရတယ်။ တရွာနဲ့တရွာ ချိတ်ဆက်မှုတွေမှာ မြို့တခုနဲ့တခု သူတို့ ဆွေမျိုး အသိုင်းအဝန်းတွေကြား ဆက်သွယ်တဲ့အခါမှာ၊ တခြားကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်လိုက်သလိုမျိုးအထိကို ဖြစ်သွားတယ်ပေါ့လေ။"
အခုနှစ် ဩဂုတ်လ ၂၀ ရက်အထိ စာရင်းအရဆိုရင် မြန်မာပြည်တွင်းမှာ အင်တာနက် ဖြတ်တောက်ခံရတဲ့ နေရာပေါင်း ၃၀၀ ကျော်အထိ ရှိလာကြောင်း မြန်မာအင်တာနက်အဖွဲ့ကို ကိုးကားပြီး သတင်းတချို့မှာ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေကတော့ အင်တာနက်နဲ့ သတင်းအချက်အလက် ပြတ်တောက်မှုက ဒေသခံတွေရဲ့ အသက်၊ အိုးအိမ် အမြောက်အမြားကို ပျက်စီး ဆုံးရှုံးစေတယ်လို့ ပြောပါတယ်။
ဒါက ဗွီအိုအေမှာ အင်တာနက်ပြတ်တောက်မှုရဲ့ ဆိုးကျိုးတချို့ကို ပြောပြထားတာပါ။
စပိတ်တုန်းကတော့ အင်တာနက်က စစ်ကောင်စီလက်ထဲမှာဆိုတော့ သူ ပြုသမျှ နုရတာပေါ့လေ။ ဒါပေမဲ့ စတားလင့် ပေါ်လာတော့ အင်တာနက်ဟာ သူ့လက်ခုပ်ထဲကရေ မဟုတ်တော့ဘူး။ သူလက်လှမ်းမမီတဲ့ အဆင့်ကို ဖြစ်သွားတော့တာပါ။ မြန်မာပြည်မှာ စတားလင့်အင်တာနက် ရလာတော့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖို့ ချိတ်ဆက်လုပ်ဆောင်ဖို့အပြင် ကြားကာလအုပ်ချုပ်ရေးလုပ်ငန်းအတွက်ပါ အများကြီးအဆင်ပြေလာပါတယ်။ အရေးအကြီးဆုံးက ရှေ့တန်းမှာ ထိခိုက်ဒဏ်ရာရသူတွေ လက်နက်ကြီးဒဏ် ဗုံးဒဏ်ခံရသူတွေကို အင်တာနက်ကတဆင့် ကျွမ်းကျင်သမားတော်တွေက ဝိုင်းကုသစောင့်ရှောက်ပေးနိုင်တာပါ။ တခြားရောဂါတွေလည်း ဆိုင်ရာသမားတော်ကြီးတွေက အဝေးက လှမ်းကုသပေးကြပါတယ်။ ခု စတားလင့်မီနီ ပေါ်လာပြီဆိုတော့ ရှေ့တန်းတပ်မှူးဆီတောင် ထည့်ပေးလိုက်လို့ ရပါတယ်။ စတားလင့်တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးရဖို့ လုပ်ဆောင်နေတုန်းမှာပဲ ကံကြမ္မာဆိုးစွာ စတားလင့်ဟာ ကျားဖြန့်ရဲ့ အဓိကအသုံးအဆောင်ဖြစ်နေတာပါပဲ။ အဲဒီတော့ ထိုင်းနယ်စပ်က စတားလင့်ကို တရားမဝင်ပစ္စည်းသဖွယ် ဖမ်းဆီးအရေးယူလာတာပါပဲ။ အဲဒါဟာ ပြည်သူ့ တောင့်ခံနိုင်အားကို တိုက်ရိုက်ထိပါးလာတဲ့ အခြေထိ ရောက်လာတာပါဘဲ။ စစ်အုပ်စုနဲ့အတူ ကျားဖြန့်အုပ်စုကို တချိန်တည်း တိုက်ခိုက်ဖျက်ဆီးဖို့ဟာ တော်လှန်ရေးရဲ့ တာဝန်တရပ်လို့ သဘောမထားရင် တော်လှန်ရေးဟာ ဒီ့ထက် ပိုခက်ခဲလာဖို့ပဲ ရှိပါတယ်။ ပြန်လည်ထူထောင်ရေးမှာလည်း အလွန်တရာ အနှောင့်အယှက်ဖြစ်မယ့်ကိစ္စပါ။ သူတကာတိုင်းပြည်လွတ်မြောက်ရေး လုပ်နေချိန်မှာ ဒီကမ္ဘာဖျက်ပိုး ကျားဖြန့်သမားတွေကို တော်လှန်သူတွေကပဲ ခေါင်းပေါ် ထမ်းတင်ထားရတဲ့ အခြေအနေတရပ် ဖြစ်လာတာဟာ အတော့်ကို ကျက်သရေယုတ် စက်ဆုပ်စရာကောင်းလှပါတယ်။
လမ်းပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေ ဆိုသလို တကယ်တော့ အင်တာနက်ရဖို့ဟာ ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ငှက်ပျောသီး အခွံနွှာ စားရသလောက်ကို လွယ်တာပါ။ စတားလင့်စက် ရှိဖို့ပါပဲ။ ဒီစက်ကလည်း ဖုန်းလိုပါပဲ၊ ဘာမှ တရားမဝင်ပစ္စည်း မဟုတ်ပါဘူး။ တရားမဝင်တာက ကျားဖြန့်ပါ။ အဲဒီကျားဖြန့်က စတားလင့်နဲ့ လုပ်နေကြတာပါ။ အဲဒါကြောင့် စတားလင့်စက်ကို ဖမ်းနေကြတာပါ။ အဲဒီတော့ ကျားဖြန့်မရှိရင် စတားလင့် ရှိပါမယ်။ စတားလင့် ရှိရင် အင်တာနက်ရပါပြီ။ အင်တာနက်ရရင် တော်လှန်ရေးခရီး တိုသွားပါပြီ။ ကျန်းမာရေး ပညာရေး ရန်ပုံငွေ အထောက်အပံ့ အကုန်လက်လှမ်းမီသွားပါပြီ။
စစ်ကောင်စီနဲ့ ကျားဖြန့်ဟာ ပြည်သူ့ရန်သူ လူ့ရန်သူ ဖြစ်တဲ့အပြင် သူတို့ဟာ အပြန်အလှန်အမှီသဟဲဖြစ်နေလို့ တပြိုင်နက်တည်း ချေမှုန်းမျိုးဖြုတ် အမြစ်က နုတ်ပစ်ရပါမယ်။ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဆိုတဲ့ ကျားဖြန့်ကာကွယ်ရေးတပ်တွေကို အမြစ်ဖြတ်ရမည်ဖြစ်ပါကြောင်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar