Breaking News

စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲနဲ့ လူထုရဲ့ ရှင်သန်နေထိုင်ဖို့ ရုန်းကန်မှု

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၈ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၄


စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲနဲ့ လူထုရဲ့ ရှင်သန်နေထိုင်ဖို့ ရုန်းကန်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက အစပျိုးလိုက်တဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး လှုပ်ရှားမှု နောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေး၊ နိုင်ငံရေးမှာ အစဥ်အမြဲထိန်းချုပ် လွှမ်းမိုးထားတဲ့ စစ်တပ်ကို နိုင်ငံရေးမှ အပြီးတိုင်ဖယ်ရှားရေး၊ လက်နက်ကိုင် လမ်းစဥ်နဲ့ အနိုင်ယူရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေသာမက၊ ယေဘုယျ အမည်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆိုတဲ့ အမည်အောက်မှာ ရွာ၊ မြို့၊ နယ်အလိုက် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့တွေ ဖွဲ့စည်း ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ခွဲအကြာ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ စတင်လာတာ ၃ နှစ်ကျော် အကြာကာလမှာ  ရောက်နေတဲ့ နေရာ၊ ရောက်နေတဲ့ အဆင့်အတန်း၊ နဲ့ ဖြတ်သန်းကျော်ဖြတ်လာတဲ့ ကာလတို့ကိုလည်း ပြန်သုံးသပ်ကြည့်သင့်သလို ရှေ့ဆက်ရမယ့် ခရီးကိုလည်း မျှော်ကြည့် သုံးသပ်ဖို့ လိုအပ်ကောင်း လိုအပ်မှာဖြစ်ပါတယ်။ 

၃ နှစ်ကျော်ကာလမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မဟာမိတ်ဖွဲ့နိုင်မှု၊ အကျိုးစီးပွားချင်း ထိပ်တိုက်ပဋိပက္ခဖြစ်မှု၊ လူထုကို စည်းရုံးနိုင်စွမ်း၊ လူမှုအသိုက်အဝန်းထဲမှာ အများစုလူထုရဲ့ ဒုက္ခတွေကို ဘယ်လောက် မျှဝေခံစားကြသလဲ၊ စိတ်ဓာတ်ရေးအရ တက်ကြွမှု၊ လူထုက စစ်ပွဲတွေအပေါ် သဘောထား စတာတွေကို ပြန်လည် ငဲ့ကြည့် သုံးသပ်ကြည့်ကြဖို့လည်း လုံလောက်တဲ့ အချိန်ကာလ တခုကို ရောက်ရှိနေပြီလို့ ထင်မြင်မိပါတယ်။ 

နေ့စဥ် သတင်းတွေရဲ့ ခေါင်းစဥ်တွေမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေ အတွင်း လက်နက်ကိုင်အဖွဲ့ဝင်တွေ သေဆုံးသူ အရေအတွက်၊ ဖမ်းမိသူအရေအတွက်၊ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အရေအတွက်၊ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အရေအတွက်၊ စစ်ဘေးတိမ်းရှောင်သူ အရေအတွက်တွေနဲ့ အရပ်သား အသက်ဆုံးရှုံးတဲ့ အရေအတွက်၊ ဖမ်းဆီးထိန်းသိမ်းခံ အရေအတွက်နဲ့ သိမ်းယူနိုင်တဲ့ နယ်မြေတွေ၊ မြို့တွေ စခန်းအရေအတွက်တွေက ပုံမှန်မြင်နေကျ ရှုထောင့်တွေနဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ 

ဒီအရေအတွက်တွေ ကိန်းဂဏန်းတွေ၊ အရောင်ခြယ်ထားတဲ့ အင်ဖိုဂရပ်ဖ်တွေက လူမှု၊ စီးပွားနဲ့ လူထုရဲ့ ခံစားချက်၊ အမြင်တွေကို ဖော်ပြနိုင်တာ နည်းပါးပြီး လက်နက်ကိုင် အဖွဲ့ကို ခေါင်းဆောင်သူ အမိန့်ပေးသူတွေရဲ့ ပြောဆိုချက်တွေ၊ အောင်မြင်မှုတွေ၊ ဝါဒဖြန့်ပြောဆိုမှုတွေက အများစု စုစည်းဖော်ပြကြတာမျိုး တွေ့မြင်ရတာ ဖြစ်ပါတယ်။ 

“စစ်အောင်နိုင်ရေးက အဓိက” ဆိုတဲ့ လက်နက်ကိုင် တပ်ဖွဲ့တိုင်းရဲ့ ရည်မှန်းချက်တွေက လူထုအများရဲ့ အကျိုးစီးပွားနဲ့ အစဥ်အမြဲ ထပ်တူကျနေကြတာတော့ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြားမှာပင်လျှင် မတူတဲ့ ရည်ရွယ်ချက်တွေ အကျိုးစီးပွားတွေ ရှိနေကြပြန်တာမို့ စစ်အောင်နိုင်ရေးက လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ အကျိုးစီးပွား အတွက်လား၊ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေရဲ့ အကျိုးစီးပွားပါ ပါဝင်နေသလားဆိုတာလည်း မေးခွန်းထုတ်စရာ ရှိနေတဲ့ သဘောဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တဖွဲ့ချင်းရဲ့ တည်ထောင်ဖြတ်သန်းလာတဲ့ လမ်းကြောင်းတွေကလည်း ထည့်သွင်းမစဥ်းစားဘဲ နေလို့မရတဲ့ သဘောလည်း ရှိနေပြီး ထုတ်ပြန်ချက် စာရွက်ပေါ်က ရည်မှန်းချက် ပန်းတိုင်နဲ့ အပြင်က လက်တွေ့ပကတိ ရည်မှန်းချက် ပန်းတိုင်တို့ မတူကွဲလွဲကြတာတွေလည်း သတိပြုစရာ ဖြစ်ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ ၃ နှစ်ကျော်တာ ကာလအတွင်း စစ်မြေပြင်ဧရိယာ အများကြီး ကျယ်ပြန့်လာတာဟာ နယ်မြေသိမ်းယူနိုင်တဲ့ ရှုထောင့်က ကြည့်ရင် ကောင်းတဲ့ လက္ခဏာလို့ဆိုနိုင်ပေမယ့် စစ်ဘေးရှောင်ရတဲ့ လူထုအဖို့တော့ ရွေးချယ်စရာ နယ်မြေဒေသ ကျဥ်းလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ အခါ ရခိုင်ပြည်နယ်တွင်းမှာပဲ တိမ်းရှောင်လို့ ရပေမယ့် သွားလာခွင့် ပိတ်ပင်ထားတာ နယ်မြေ အတားအဆီး၊ တိုက်ပွဲဧရိယာ မလွတ်ကင်းမှုတွေနဲ့ စစ်ဘေးရှောင်ပေမယ့် တိုက်ပွဲ အန္တရာယ်၊ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တို့ကနေ လွတ်ကင်းမနေကြတဲ့ သဘောလည်း တွေ့နေကြရပါတယ်။ 

အချို့ကတော့ အိမ်နီးချင်းနိုင်ငံကို နယ်စပ်ကျော်ဖြတ်ကူးပြီး တိမ်းရှောင်ကြတာ၊ တိမ်းရှောင်ရင်း သဘာဝဘေးအန္တရာယ်၊ လှေ မလုံလောက်မှုတွေကြောင့် ထပ်မံအသက်ဆုံးရှုံးကြရပြန်တဲ့ အဖြစ်တွေလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ ရခိုင်နဲ့ အလားတူပဲ ရှမ်းမြောက်က စစ်ဘေးရှောင်သူတွေ အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဒါမှမဟုတ် မန္တလေးတိုင်းဘက်ကိုသာ တိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ 

တိမ်းရှောင်ရတဲ့ ခရီးအကွာအဝေးကြောင့် ကုန်ကျစရိတ် ပိုကုန်တာ၊ ပိတ်ဆို့မှုတွေကြောင့် မတန်တဆ စစ်ဘေးရှောင် စရိတ်မြင့်တက်တာတွေလည်း မြင်နေကြားသိနေကြရတာ ဖြစ်ပါတယ်။ 

ကချင်ပြည်နယ် ရဲ့ အချို့သော ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပေမယ့် ပြည်နယ် တနယ်ကနေ နောက်တနယ်ကို မကျော်ဖြတ်နိုင်ကြတာကြောင့် ပြည်နယ်တွင်း၊ ဒေသအတွင်းမှာပဲ လှည့်ပတ်တိမ်းရှောင်နေကြရတာမျိုးလည်း တွေ့ရပါတယ်။ ကေအန်ယူရဲ့ ဝါရင့် ခေါင်းဆောင်တဦးကတော့ စစ်တိုက်ရာမှာ ကိုယ့်လက်နက်ကိုင် တပ်ဖွဲ့ တခုတည်းကို ထည့်သွင်းစဥ်းစားပြီး တိုက်လို့မရဘဲ ဒေသမှာ နေထိုင်ကြတဲ့ လူထုတွေရဲ့ စစ်ဘေးရှောင်ရမယ့် ကိစ္စ၊ ရိက္ခာကျွေးမွေး ထောက်ပံ့ရေးတွေအထိ ပါ စဥ်းစားပြီးမှ ထိုးစစ်တခု စစ်မျက်နှာတခုကို ဖွင့်ရတဲ့ အကြောင်း သတင်းမီဒီယာ အင်တာဗျူး တခုမှာ ပြောသွားဖူးပါတယ်။ 

အဲဒီလို ထည့်သွင်းစဥ်းစားတာ၊ လုပ်ဆောင်တာတွေက အခုလက်ရှိ တနိုင်ငံလုံး စစ်မျက်နှာဖွင့်ထားတဲ့ အနေအထားမျိုးမှာ မရှိသလောက် နည်းပါးနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အခုလပိုင်းတွေမှာ ရန်ကုန်၊ တောင်ကြီးနဲ့ မန္တလေးမြို့တွေကို  စစ်ဘေးရှောင်သူ သိသာစွာ မြင့်တက်လာပါတယ်။ ရခိုင်က၊ ရှမ်းမြောက်က၊ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်သူတွေ အထက်က မြို့ကြီးတွေဆီ တိမ်းရှောင်လာကြပြီး အချို့သော ငွေကြေးတတ်နိုင်သူအချိ့က ပြည်ပ အိမ်နီးချင်းနိုင်ငံမှာ ခေတ္တသွားရောက် နေထိုင်ကြတာ ရှိပေမယ့် အများစုသော လူထုတွေအဖို့က ပြည်တွင်းက မြို့ကြီးတွေတောင် ရပ်တည်နေထိုင်ဖို့ ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

စစ်ကိုင်းလို မကွေးအထက်ပိုင်း အညာဒေသတွေက လူအများစုကတော့ အနီးအနားက ကျေးရွာတွေ မြို့တွေမှာပဲ တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။ 

စစ်ဘေးတိမ်းရှောင်ရတာဟာ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ရပ်တန့်သွားသလို အဲလို ဝင်ငွေ မရှိချိန်မှာ ပုံမှန် ကိုယ့်မြို့ ကိုယ့်ရွာမှာ နေထိုင်စားသောက်တာထက် ပိုမိုကုန်ကျဖို့ ဖြစ်လာတာလည်း တွေ့ရပါတယ်။ ဒီအနေအထားတွေက လပိုင်းလောက်ကာလဆိုရင် တောင့်ခံနိုင်ပေမယ့် နှစ်နဲ့ချီလာတဲ့ အခြေအနေမျိုးမှာ ဆက်လက်တောင့်ခံနိုင်ဖို့ မလွယ်ကူတော့တဲ အနေအထားရောက်တဲ့အခါ အန္တရာယ် ရှိနေဆဲ ၄င်းတို့ မြို့ ၊ ၄င်းတို့ရွာကို ပြန်ဝင်ပြီးနေထိုင်ကြရတဲ့ အနေအထားတွေလည်း မြင်တွေ့ကြရတာပါ။ ပအို့ဝ် ဆီဆိုင် ဒေသလို၊ ကရင်နီ မိုးဗြဲ စတဲ့ဒေသတွေမှာ စစ်ပွဲက လနဲ့ကြာလာချိန်မှာ ဒေသခံ အချို့ ဆက်လက် မတိမ်းရှောင်နိုင်တော့ဘဲ အန္တရာယ်ရှိနေဆဲ ရွာတွေ မြို့တွေဆီ ပြန်သွားခဲ့ကြတဲ့ အဖြစ်တွေ ကြားသိခဲ့ရတာဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ် ကျဆုံးရေးက ၃ နှစ်ကျော် ၄ နှစ်ထဲ ဝင်လာချိန်မှာ စစ်ဘေးရှောင် ၃ သန်းနဲ့ အထက်၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန် ဈေးကြီးမြင့်တာ၊ လမ်းပန်းဆက်သွယ်မှု စရိတ်တွေ မကြုံဖူးလောက်အောင် မြင့်မားလာတဲ့ အခြေအနေတွေက လူထုရဲ့ အနာဂတ် မျှော်လင့်ချက်တွေကို မှေးမှိန်စေ၊ အင်အားချည့်နဲ့စေပြီး နှစ်နဲ့ချီလာတဲ့ စစ်ပွဲရဲ့ အဆုံးသတ် တောက်ပတဲ့ ရောင်ခြည်တွေလည်း မျက်စိထဲ မျှော်ကြည့်ဖို့ အားအင် လျော့နည်းလာနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေပေါ်က စိတ်ဓာတ်တက်ကြွဖွယ်ရာ ကိန်းဂဏန်းတွေ ပုံပြ ဂရပ်ဖ်တွေ၊ အရေအတွက်တွေ အောင်ပွဲတွေက လက်တွေ့ မြေပြင်က အဖြစ်အပျက်တွေနဲ့ လိုက်ဖက်မနေကြတာလည်း မြေပြင်မှာ ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ လူထုကသာ အသိဆုံးလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar