Breaking News

လှကျော်ဇော - တဖြည်းဖြည်း တအိအိ ပြိုဆင်းလာနေတဲ့ ဗမာ့တပ်မတော်

တဖြည်းဖြည်း တအိအိပြိုဆင်းလာနေတဲ့ ဗမာ့တပ်မတော်

လှကျော်ဇော 

(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၂၄

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီနေ့ အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် ဆောင်းပါး)

— စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာ။

— အပေါ်ထောင်ပစ်တာ မပါဘူး။ ဒါကြောင့် နောင် ဆူဆူပူပူလုပ်မယ့်လူတွေ သတိသာထားကြပေတော့။

ဒါတွေကတော့ ဗမာပြည်နဲ့ ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲများအတွင်းကပေါ်ထွက်ခဲ့တဲ့ မျိုးချစ်ပြည်ချစ်ဗမာ့တပ်မတော်ကြီးကို ကြေးစားတပ်ကြီးအဖြစ် ပြောင်းလဲစေပြီး စစ်အာဏာရှင်စနစ်ရဲ့ အကာအကွယ် ဒေါက်တိုင် လုပ်ပစ်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ စကားများပါ။ အလားတူ မင်းအောင်လှိုင်ကလည်း လူသတ် မီးရှို့ ဗုံးကြဲ ၊ မြေကျန်ရင် ရပြီ။ လူတွေကတော့ အကုန်သေလည်း အရေးမကြီး ဆိုတဲ့ ပေါ်လစီနဲ့ ပြည်တွင်းစစ်ကို တိုးချဲ့နေပါတယ်။

ဒီစကားများက ဗမာ့တပ်မတော်ကြီးဟာ ပြည်သူကို ရန်သူလို သဘောထားလိုက်ပြီဆိုတာ အရှင်းလင်းဆုံး ပြသလိုက်ပါတယ်။

၁၉၆၂ မှာ အာဏာသိမ်းတက်လာတဲ့ ဗိုလ်နေ၀င်းဟာ အာဏာကို ရေရှည်ဆုပ်ကိုင်နိုင်ရန်အတွက် (စစ်အာဏာရှင်စနစ် တည်ဆောက်ရန်) ဗမာ့တပ်မတော်ကို သူ့တလက်ကိုင်တပ်အဖြစ်ကောင်း ကောင်းတည်ဆောက်လိုက်ပါတယ်။ စစ်တပ်ကို ပထမဆုံး စိတ်ဓာတ်အရ အစဉ်အလာနယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးထိန်းသိမ်းကာကွယ်ရေးစိတ်ဓာတ်သွင်းပေးလိုက်လို့ တပ်ရဲ့စည်း ကမ်းကောင်းရေးနဲ့ တည်ငြိမ်စည်းလုံးရေးကိုရရှိနိုင်ခဲ့ပါတယ်။ ဒါကိုအခြေခံပြီး ၁၉၄၈ ကတည်းက (ကိုလိုနီနယ်ချဲ့အင်္ဂလိပ်နဲ့ ဖဆပလ ဆိုရှယ်လစ်များ ဖန်တီးခဲ့လို့)ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတွင်း ဒီတပ်ကိုသွင်းပေးလိုက်ပြီး တိုင်းရင်းသားများအပါ ပြည်သူတွေကို ထောင်ချီပြီး ရက်ရက် စက်စက်သတ်ဖြတ်ရဲတဲ့ စစ်တပ် ဖြစ်အောင် လုပ်ပစ်လိုက်ပါတယ်။ မြို့ပေါ်က လူတွေကိုပါ သတ်ရဲတဲ့တပ် ဖြစ်လာပါတယ်။ တပ်တွင်းမှာ ရာထူးတွေ အမျိုးမျိုးဖန်တီးပြီး ရေစီးသလို တိုးခန့်ပေးနေလို့ ဒါကို မက်မောစိတ်နဲ့ စစ်ဗိုလ်၊ စစ်သားတွေဟာ ပိုအဆင်းရဲခံ ပိုစွန့်လွှတ်ပိုစွန့်စားကြတာ တွေ့နိုင်ပါတယ်။ ရာထူးမက်မောစိတ်ပဲ ရှိခဲ့ကြပါတယ်။

စစ်တပ်တွင်းစီးပွားရေးလုပ်ငန်းများကို ဗိုလ်နေ၀င်း တဦးတည်းကသာ ကိုင်ထားတာဖြစ်လို့ တပ်တွင်းစီးပွားရေးသောင်းကျန်းမှု နည်းခဲ့တယ်။ ဒါပေမဲ့ ဗိုလ်နေ၀င်း အနေနဲ့ မိမိနေရာလုံခြုံရေးကို အမြဲပူပန်နေသူဖြစ်တာကြောင့် ဘယ်စစ်ဗိုလ်ကိုမှ တနေရာမှာ ကြာကြာမထားတာကြောင့်၊ စစ်ခေါင်း ဆောင်ကောင်း မပေါ်နိုင်တော့။ တပ်တွင်း စည်းလုံးရေးပါ ထိခိုက်လာပြီး ပိုကြေးစားဆန် လာကြတယ်။

(ရှစ်လေးလုံး အရေးအခင်းအပြီး ပေါ်ပေါက်လာတဲ့ န၀တ-နအဖတပ် များ အ‌ခြေအနေ)

၁၉၈၉ ခုနှစ်- ဗကပပြိုကွဲသွားပြီး လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေး သဘောသူညီချက်များ ရလိုက်ပြီးနောက် စစ်တပ်အနေနဲ့ သင်ခန်းစာနှစ်ခု ရရှိလိုက်ပါတယ်။

၁။ သူပုန်အဖွဲ့များကို နှိမ်နှင်းရာမှာ စစ်ရေးနည်းအပြင် သူပုန်တပ်တွင်း ဖြိုခွဲရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်နိုင်ပါက ပိုမိုအကျိုးရှိကြောင်း။

၂။ သူပုန်အဖွဲ့များမှ ခေါင်းဆောင်များကို စီးပွားရေးအခွင့်အရေးများပေးပြီး ဖျက်ဆီးပစ်နိုင်‌ ကြောင်း။

အဲဒီသင်ခန်းစာများအရ ဆက်လက်လုပ်ဆောင်ရာမှာ စစ်တပ်အနေနဲ့ အတော်အောင်မြင်တာ တွေ့ရပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး မှောင်ခို သစ်တော သတ္တု သယံဇာတ ကျောက်မျက် ပင်လယ်ငါး မြေရှား လောင်းကစား ယခုနောက်ဆုံး အင်တာနက်ငွေလိမ်ဂိုဏ်း စတဲ့ လုပ်ငန်းများနဲ့ လုပ်ပိုင်ခွင့်များ လုပ်ခွင့်ပေးပြီး ဖျက်ဆီးပစ်တာပါ။

သဘာ၀ဓာတ်ငွေ့အများအပြား တူးဖော်ရရှိလိုက်တဲ့အတွက်လည်း စီးပွားရေးမှာ အတော်တည်ငြိမ်သွားအောင် ထိန်းလိုက်နိုင်ပါတယ်။

စစ်တပ်ကိုလည်း အများကြီးတိုးချဲ့ ဖွဲ့စည်းနိုင်လိုက်ပြီး ပြည်တွင်းစစ်ကို တိုးချဲ့ဖို့ လက်နက်ကောင်းများလည်း တပ်ဆင်နိုင်ခဲ့ပါတယ်။ နအဖ စစ်တပ်အနေနဲ့ ဒီလို မရိုးသားတဲ့ (မှားယွင်းတဲ့) နည်းဗျူဟာတွေ သုံးနေတာကို တချို့ လူမျိုးစု လက်နက်ကိုင်အဖွဲ့များက မြင်လာကြပြီး မိမိတို့ရဲ့ အမှားများကိုပြင်ဆင်လာကြပါတယ်။ စစ်တပ်အနေနဲ့ကလည်း ငြိမ်းချမ်းရေးယူထားတာ ကြာလာတော့ တိုက်ရည်ခိုက်ရည် ကျလာပါတယ်။

ဒါ့အပြင် နအဖ စစ်တပ်ဟာ (မဆလ တပ်လို မဟုတ်ဘဲ) စီးပွားရေးလည်း အပြိုင်အဆိုင်လုပ်ကြလို့ တပ်တွင်းစည်းလုံးရေး စည်းကမ်းထိန်းသိမ်းရေးများကအစ အကုန်လျော့ရဲလာပြီး တပ်တည် ဆောက်‌ရေးများမှာလည်း အားနည်းလာပါတယ်။

ဒါတွေအားလုံး စုပေါင်းလာရာမှာ ၂၀၂၁ မအလရဲ့ အာဏာသိမ်းပွဲအပြီးမှာတော့ စစ်တပ်ရဲ့ ကျရှုံးမှုဟာ မယုံကြည်ဖွယ်ရာ မြန်ဆန်လာတာ တွေ့ရပါတယ်။ အလံဖြူ တလူလူထောင်ပြီး လက်နက်ချနေတဲ့စစ်ဗိုလ်စစ်သားတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေထဲ ၀င်ပြေးကြတဲ့ တပ်သားတွေ၊ တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိတဲ့ လက်နက်ပုံကြီးတွေ... မြင်ကွင်းတွေကတော့ စုံပါတယ်။ 

သြဂုတ်လ ၃ ရက်နေ့မှာတော့ လားရှိုးက စစ်တိုင်းကြီး ကျသွားပြီးနောက် သြဂုတ် ၅ ရက်မှာတော့ မအလက တိုင်းပြည်ကို မိန့်ခွန်းပြောလာပါတယ်။

စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်တွေအတိုင်း မိမိအမှားကြောင့် ဖြစ်လာသမျှတွေကို တခြားလူတွေအပေါ်ပုံချပြီး တတိုင်းပြည်လုံးကိုစိန်ခေါ်သွားတာပါပဲ။ တော်လှန်ရေးတပ်ဖွဲ့များ တဖြည်းဖြည်းစုစည်းလာနေပြီး ဟန်ချက်ညီ လှုပ်ရှားလာနေမှု၊ လူမျိုးစု တပ်ဖွဲ့များ သွေးကွဲခြင်းမရှိဘဲ ညီညွတ်လာမှု၊ စစ်တပ်က သိမ်းဆည်းရမိတဲ့ လက်နက်များကို တော်လှန်ရေးတပ်ဖွဲ့များအကြား ခွဲ‌‌‌ဝေသုံးစွဲလာနိုင်မှု၊ ဖမ်းမိတဲ့ သုံ့ပန်းများကို ကောင်းမွန်စွာဆက်ဆံပြီး ပြန်အသုံးချနိုင်မှု (ဖမ်းမိတဲ့လက်နက်များ ကိုင်တွယ်အသုံးပြုရေး သင်ကြားပေးရေး) စတာ စတာတွေဟာ ဒီစစ်တပ်ကြီး သိပ်မကြာခင် ပြိုလဲတော့မယ် ဆိုတာကိုပြသနေပါတယ်။

ဗမာတပြည်လုံးက ပြည်သူများကတော့ မိမိတို့အားလုံးရဲ့ ဒုက္ခအဖုံဖုံရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဒီစစ်တပ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့က စတင်ခဲ့တဲ့စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေးတိုက်ပွဲစဉ်ကြီးတလျှောက် အကြိမ်ကြိမ် ရှုံးနိမ့်ရမှုများအပေါ်ကောင်းကောင်းသင်ခန်းစာထုတ်ယူ ထားတဲ့ ဗမာပြည်သူတရပ်လုံးအနေနဲ့ ဒီတချီမှာတော့ ဒီဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တစည်းတလုံးတည်း တည်ဆောက်ကြတော့မှာ ဖြစ်ပါတယ်။

လှကျော်ဇော

၁၁-၈-၂၀၂၄

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar