ကမောက်ကမဖြစ်တဲ့ ကျပ်ငွေဈေး နဲ့ စက်သုံးဆီ ပြဿနာ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၅ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၄
ကမောက်ကမဖြစ်တဲ့ ကျပ်ငွေဈေး နဲ့ စက်သုံးဆီ ပြဿနာ
ခုသီတင်းပတ်ထဲမှာ ကျပ်ငွေတန်ဖိုး ထိုးကျပြီး တဒေါ်လာ ကျပ် ၇ ထောင်ကျော်ထိ နာရီပိုင်းအကြာ ရောက်ရှိပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့ မှာတော့ ဒေါ်လာစျေး ပြန်လည်ကျဆင်းလာနေပေမယ့် အခုကမောက်ကမ စျေးနှုန်းတွေမတိုင်ခင် အနေအထားကိုတော့ ပြန်မရောက်သေးပါဘူး။
ကျပ်ငွေတန်ဖိုးကျတဲ့ဖြစ်စဥ်က နိုင်ငံရေး၊ စစ်ရေးအဖြစ်အပျက်တွေရဲ့ သက်ရောက်မှုလို့ ယေဘု ယျအားဖြင့် ကောက်ချက်ချနိုင်သော်လည်း ဘာကြောင့် အခုရက်ပိုင်းမှဖြစ်ပျက်ရတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပေမယ့် တိကျတဲ့အဖြေတော့ မရှိတာတွေ့ရပါတယ်။ စစ်ကောင် စီအနေနဲ့ ကျပ်ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်နေသလားလို့ အချို့ကလည်း မှန်းဆကြည့်ကြပါတယ်။ မကြာသေးခင်က ဘဏ်လုပ်ငန်းရှင်ကြီးတဦးကို စစ်ကောင်စီက ထိန်းသိမ်းစစ်ဆေးမှုတွေ လုပ်ရာကနေ ဘဏ်မှာ အပ်ထားတဲ့ငွေတွေ ထုတ်ယူဖို့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဘဏ်စာရင်းထဲက ငွေထုတ်ယူတဲ့ ပမာဏ ကန့်သတ်လိုက်တာတွေ ရက်အနည်းငယ်အကြာ ဖြစ်ပေါ်ပြီးနောက် ပုဂ္ဂလိကဘဏ်တွေဆီ ဗဟိုဘဏ်က ထုတ်ပေးတယ်လို့ ယူဆရတဲ့ ငွေစက္ကူတွေ ရောက်လာပြီး ထုတ်လိုသလောက် ပမာဏ ထုတ်ပေးဖို့ လုပ်ဆောင်ခဲ့ရာမှာ စစ်ကောင်စီ အနေနဲ့ ငွေစက္ကူ မတန်တဆ ရိုက်နှိပ်ခဲ့သလားဆိုတဲ့ ကောက်ချက်ကိုလည်း ဖြစ်စေပြီး ငွေလဲနှုန်းတွေဆီ သက်ရောက်စေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်ပွဲတွေ တစတစ ပိုမိုကျယ်ပြန့်လာခဲ့ရာက ယခု ၂၀၂၄ ခုနှစ်ကတော့ စစ်မီး အကျယ်ပြန့်ဆုံး တောက်လောင်တဲ့ နှစ်တနှစ်လို့ ဆိုရင်မှားမယ် မထင်ပါဘူး။ စစ်ပွဲတွေတိုက်ခိုက်ကြလေလေ စစ်စရိတ်ကုန်ကျမှုမြင့်တက်လေလေ၊ တဖက်မှာ ပြောင်းပြန်သက်ရောက်မှု အနေနဲ့ စစ်ဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှု၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုနဲ့ ဝန်ဆောင်မှုတွေကိုထိခိုက်စေပြီး ပြည်ပကရရှိမယ့် ပို့ကုန်ဝင်ငွေ ပိုမိုကျဆင်းတာမျိုးဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားလို့ မြို့တွေကနေ လူသောင်းနဲ့ သိန်းနဲ့ချီ တိမ်းရှောင်ကြရတဲ့ အခါမျိုးမှာ စစ်ဘေးရှောင်ကြရတဲ့ စရိတ်စကတွေကို တွက်ချက်ကြည့်ရင် နည်းတဲ့ ပမာဏ မဟုတ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းတို့က ကျေးရွာတွေက စစ်ဘေးရှောင်တဲ့အခါ အခုလို ပြည်နယ်၊ တိုင်းကျော်ဖြတ်ပြီး အဝေးကိုရှောင်ကြတာမျိုးမဟုတ်ပေမယ့် ရှမ်းမြောက်အနေအထား၊ စစ်မြေပြင်ကျယ်ပြန့်တာ၊ ဖြစ်ပွားတဲ့ စစ်ပွဲရဲ့ သက်ရောက်မှုအတိုင်းအတာက ရွာတရွာကနေ အနီးအနား အခြားရွာတရွာကိုရှောင်ရသလို၊ အနီးအနား တောတွေ ကွင်းတွေထဲရှောင်ကြရတာမျိုးမဟုတ်ပါဘူး။ မြို့တမြို့ကနေ အခြားလုံခြုံစွာနေထိုင်နိုင်မယ့် မြို့၊ လမ်းဆုံမြို့တွေဆီ တိမ်း ရှောင်ကြတာဖြစ်လို့ ကားတွေ၊ ဆိုင်ကယ်ပဲတတ်နိုင်သူက ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်ကြတာဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုပမာဏနဲ့ စစ်ပွဲစရိတ်တွေက ပြောင်းပြန်အချိုးနဲ့ ပြောင်းလဲနေတာလည်း ဖြစ်ပါတယ်။ ဒီအချက်ကလည်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းဖို့ တွန်းအားဖြစ်စေတဲ့ အချက် ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီအနေနဲ့ လောင်စာဆီ တင်သွင်းမှု ပမာဏ ကန့်သတ်ထားတဲ့ အချက်၊ ဈေးနှုန်းကို စျေးကွက်ရဲ့ ပေါက်စျေးအတိုင်း ရောင်းချတာထက် ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေ၊ စစ်ကောင်စီ ဗဟိုဘဏ်က လဲလှယ်ယူထားတဲ့ နိုင်ငံခြားငွေ ပမာဏတခုကို စက်သုံးဆီ တင်သွင်းသူတွေဆီ ရောင်းချပေးပြီး စျေးနှုန်း အလွန်အကျွံ မဖြစ်အောင် ကျားကန် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ သို့ပေမဲ့ စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေလိုအပ်တဲ့ နိုင်ငံခြား ငွေကို လိုသလောက်မရောင်းပေးနိုင်ခြင်း အချိန်ကြန့်ကြာခြင်းတွေကြောင့် ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုတွေဖြစ်ပွားစေပြီး စစ်ဘေးမရောက်သေးတဲ့ မြို့တွေမှာ စစ်ဘေးရဲ့ အကျိုးသက် ရောက်မှုတွေကို ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ မြို့တွေ၊ နယ်တွေမှာတော့ ပိတ်ဆို့မှုကြောင့် သော်လည်းကောင်း၊ လုံခြုံရေး မကောင်းတာကြောင့် ကုန်စည် သယ်ယူရောင်း ဝယ်မှု နည်းပါးတာ၊ လောင်စာဆီကို ဗျူဟာမြောက် ကုန်စည်တခုအဖြစ် ကန့်သတ်တာတွေကြောင့်ပါ လောင်စာဆီစျေး မတန်တဆဖြစ်တဲ့အနေအထားကို အချို့သော ဒေသ၊ မြို့တွေမှာ ခု ကမောက်ကမ ဖြစ်ရပ်တွေ မဖြစ်ခင်ကတည်းက ကြုံတွေ့နေကြရပြီး ဖြစ်ပါတယ်။ ရခိုင်၊ ကချင် ပြည်နယ် အစွန်အဖျားဒေသ၊ ရှမ်းမြောက်နဲ့ အချို့ဒေသတွေမှာ ဓါတ်ဆီ တလီတာ ကျပ် ၂ သောင်း အထက်ဖြစ်နေခဲ့တာပါ။ လောင်စာဆီ စျေး မတန်တဆဖြစ်ခြင်းက စစ်ဘေးရှောင်ဖို့ ငွေကြေးပိုလိုအပ်စေပြီး ဝင်ငွေနည်းပါးသူတွေကို အသက်အန္တရာယ်အထိ ကျရောက်စေခဲ့တာ ဖြစ်ပါတယ်။
အခု မြို့တွေမှာ ကားတန်းရှည်ကြီးတွေ ဆိုင်ကယ်တန်းရှည်ကြီးတွေနဲ့ ညအိပ်ပြီး တန်းစီကြရတဲ့ အထိ ဆိုးရွားလာတဲ့ အနေအထားက ဒုက္ခနွံထဲ နစ်နေပြီးသား လူထုအဖို့ ပိုမိုနက်ရှိုင်းတဲ့ နွံထဲကျဖို့ ထပ်ဆင့် အကြောင်းတရားတွေ ဖြစ်လာပါတယ်။ လောင်စာဆီအခက်အခဲက ကုန်ပစ္စည်းတွေကို စျေးပိုမိုမြင့်မားစေပြီး၊ ကုန်ထုတ်လုပ်မှုနဲ့ကျန်းမာရေးအတွက် မဖြစ်မနေသွားလာဖို့ လိုအပ်ချက်တွေမှာ စရိတ်စကပိုမိုကြီးမြင့်စေသလို၊ စာသင်ကျောင်း၊ အလုပ် စတဲ့ နယ်ပယ်အသီးသီးကို ကြီး မားတဲ့ဂယက်ရိုက်ခတ်လာနေပြီ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ နိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှု ထိုးရပ်သွားတဲ့ သာဓကတွေအနက် မကြာသေးတဲ့ နှစ်တွေအတွင်းဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာနိုင်ငံသာဓကလည်း ရှိနေတာဖြစ်ပါတယ်။ သမ္မတ ရာဂျာပက်ဆာက ဆွေမျိုးသားချင်းတွေကိုနေရာပေးကာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေကုန်ခန်းပြီး လောင်စာဆီတင်သွင်းနိုင်ခြင်းမရှိရာက လူတွေရဲ့ နေ့စဥ်ဘဝရပ်တန့်သွားရလောက်အောင်ဖြစ်ခဲ့ပြီး သမ္မတ ပြုတ်ကျတဲ့အထိ လူထုအုံကြွမှု ဖြစ်စဥ်က ၂၀၂၂ ခုနှစ် မေ လမှာဖြစ်ပွားခဲ့ပြီး မြန်မာစစ်ကောင်စီအနေနဲ့ ဒီလိုအနေအထားမျိုးက ဘယ်လိုဖမ်းဆီးမှုတွေ ခြိမ်း ခြောက်မှုတွေ ရှိနေပါစေ၊ အဲဒီကြားက ဖြစ်ပွားလာနိုင်တယ်ဆိုတာကို သတိပြုမိပါလိမ့်မယ်။
သို့ပေမဲ့ လတ်တလော ငွေကြေး တန်ဖိုးကျမှု၊ လောင်စာဆီဈေးနှုန်းကို ကျားကန်ထားမှုနဲ့ နိုင်ငံခြား ငွေ ရှားပါးမှုပြဿနာတွေက မူဝါဒအလွဲ၊ စီမံခန့်ခွဲမှု အလွဲတွေနဲ့ တိုင်းပြည် ဝင်ငွေနဲ့မမျှလောက်အောင်သုံးနေရတဲ့ စစ်ပွဲအသုံးစရိတ်တွေက အခုဖြစ်ရပ်တွေဖြစ်လာဖို့ အကြောင်းဖန်လာတာလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို စစ်ကောင်စီ အနေနဲ့ ဖြေရှင်းနိုင်စွမ်း မရှိရင် နယ်တွေမြို့တွေ လက်လွှတ်ဆုံးရှုံးနေရချိန်၊ စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီး အလျင်အမြန် လူသစ်စုဆောင်းသည့်တိုင်၊ သေဆုံး၊ ထွက်ပြေး၊ လက်နက်ချမှုတွေကြောင့် စစ်တပ်အင်အားက ပြုန်းတီးလာနေချိန်မှာ စီးပွားရေးကျပ်တည်းမှု၊ နေ့စဥ်ဘဝ မလည်ပတ်နိုင်မှုအနေအထားရောက်လာရင် အကြောင်းဆုံပြီး စစ်အာဏာရှင်ရဲ့ နောက်ဆုံးအချိန်ကို ရေတွက်လို့ရတဲ့အထိ ရောက်လာလိမ့်မယ်ဆိုတာ မြေကြီး လက်ခတ်မလွဲ နိယာမ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar