လေခဏီ - နေဝင်ချိန်တိမ်တောက် ကပေါက်တိကပေါက်ချာ
လေခဏီ - နေဝင်ချိန်တိမ်တောက် ကပေါက်တိကပေါက်ချာ
(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၂၄
ဆီပြတ်ရင် ပြည်ကျပ်တာဆိုတော့ ဆီဖိုး ဒေါ်လာသန်းတရာ ထုတ်ရောင်းမယ် ဘာညာ ပလီတာလေ။ လက်တွေ့မှာ ဒေါ်လာက ပေါ်မလာ။ ပေါ်လာရင်လဲ သူ့သတ်မှတ်ဈေး ၂၁၀၀ နဲ့ မရောင်းနိုင်ပြန်ဘူး၊ ဈေးပြင်မတဲ့။ ရောင်းပေးတောင် အဲဒါ သုံးပတ်စာပဲ ရှိသတဲ့။ ခြစ်ချုပ်သုံးရင်တော့ တလ ရတယ် ထားပါတော့။
ဒေါ်လာက ခြောက်လုံးတန်းက စောက်လုံးကန်းတွေဆီမှာပဲ ရှိတာလေ။ ဟိုဘဲနာ ဘဲအို ဘဲအပိုကြီးတွေကလဲ သူတို့ဆီ လာနှိုက်မစိုးလို့ ဝမ်ယိရယ် ကြံကြည့်ပါအုံး၊ ဒီကောင်လေးက စားတာ ပွားတာ ကြွားတာကလွဲ ဘာမှမလုပ်တတ်၊ နွားသာသာ ငနဲအစုတ်အပြတ်လေးမို့ပါ ဘာညာ သာရကာနဲ့ မအလကို ဖာပြော ဖားပြော ဖောပြောပေးနေရှာတယ်။ ဝမ်ယိ လာတာ ခြောက်လုံးတန်းက ဂေါင်ကြီးတို့သာ အသက်ရှူ ခဏချောင်နိုင်ပေမယ့် ခြောက်ထောင်စားလေးတွေက စားပေါက်ပိတ်။ တရုတ် အကောက်ကြံရေးကနေ တရုတ်ထောက်ခံရေးလုပ်ရမလိုလို မန်းက တရုတ်ရွှေဆိုင်တွေ အကွက်ချောင်း မျက်စောင်းခဲထားသမျှ လွဲပြီပေါ့။ စောက်မအလက သူ့ကို ဆူလို့တဲ့၊ ပေါက်မဘသငပျူတွေ စားခွက်ကို တက်နင်းပစ်တာ။ ပေါက်ကြီးနဲ့ သူ့ကောင်တွေက မအလ သေရက် ပြည်အပျက်မှာ ရွှေခွက်ကို ကိုင်ဖို့ မှန်းထားတာ၊ သွားပြီ။
ပျူခွေးတွေတင် မအလကို ဗျင်းချင်တာ မဟုတ်၊ ဝမ်ယိကလဲ တင်းနေပြီ။ တော်လှန်ရေးကို မထောက်ခံသလိုလို သူ မပြောတာတွေ ထည့်ထုတ်ပြန်၊ ပြေးရင် ကူမယ် ပြောတာကို မပြေးဖို့ ကူမယ် ပြောလေဟန် ဘာသာပြန်ပြီး လျှောက်တင်ထားတာတွေကို တင်းနေတာ။ စောက်ဂျပုက ရှေ့ကျတမျိုး ကွယ်ရာတမျိုးကို မဟုတ်တော့ ရှေ့မှာတင် နှစ်မျိုး လုပ်ပြတာလေ။ ကမ္ဘာပတ်လူလည်ကျလာသမျှ မြန်မာရောက်မှ အနူလက်သီးထိုးခံရသလို ဖြစ်တော့ တင်းပြီပေါ့။ အဓိက သူ့လာရင်းကိစ္စက သူတို့ တရုတ်တွေ ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေလုပ်ငန်းတွေရော လူရော မထိခိုက်ဖို့ဘဲလေ။ အဲဒါတွေက ခုတဖြည်းဖြည်းနဲ့ ERO လက် နုကြည်လက်ထဲရောက်နေပြီဆိုတော့ ဘယ်ကလာ တော်လှန်ရေးကို မထောက်ခံဘူးပြောမလဲ၊ နုကြည်နဲ့တောင် စကားပြောနေမင့်ဟာ။ မအလက သက်သက်ခြေရှုပ် ကုလားဖန်ထိုးတာ။
ရန်ကုန်မှာ ဆယ်ရာခိုင်နှုန်း အမြတ်ရမယ်ဆိုပြီး သိန်းပေါင်း နှစ်သိန်းကျော် လိမ်ပြေးတဲ့ကောင်အကွက်မျိုး မအလလဲ ဘဏ်တိုး ကိုးရာခိုင်နှုန်း တိုးပေးမယ်ဆိုကာ ထုတ်သုံးလာပြီ။ ငွေမချေးရဲအောင်တော့ ဆယ့်ငါးရာခိုင်နှုန်း အတိုးပေးရမယ်ဆိုပြီး ပေါ်တင်ကြီး ဟန့်ထားသေးတာ။ ပြေးတော့မယ်ဆိုတဲ့ သဘောပဲ ငါးကောင်တို့၊ ယူရိုကော်ပတာတို့ လေယာဉ်တို့ ကြည့်ထားကြနော်။ မဟုတ်ရင် ကျန်တဲ့ကောင်တွေ တိုင်ပတ်မှာ။ ခု သူ့သား အောင်ပြည့်စုံကို စီမံကိန်းတွေ စွတ်ချပေးပြီး ဇွတ်လုပ်ပြခိုင်းနေတာဟာ မပြေးပါဘူးလို့ ထင်အောင် ဂွင်ဆင်နေတာ။ သူ့စီမံကိန်းအတွက် ပခုက္ကူလေဆိပ်မှာ အသေခံ လုံခြုံရေးယူပေးနေရတဲ့ စောက်တုံးလေးတွေ သိဖို့နော်။
လူကလဲ အတော်ရှာရ ခက်နေတာလား၊ ရှာမလောက် ဖြစ်နေတာလား။ အငြိမ်းစားယူထားတာ ငါးနှစ်မပြည့်သေးတဲ့ လတ်ဆတ်ဆဲ စစ်အရာရှိတွေ ဇွတ်အတင်းမဟားတရား ပြန်ခေါ်နေလို့ ပြေးတဲ့ကောင် ပြေးကြပြီတဲ့။ မပြေးလို့ ဖြစ်မလား၊ လားရှိုးမှာ ခုထိ စစ်သားအလောင်းတွေ မရှင်းနိုင်သေးတာ၊ အိမ်တွေထဲ သေနတ်ကလေးပိုက် သေနေတာတွေ ခွေးဆွဲအလောင်းတွေ မြင်မကောင်း၊ စစ်ဌာနချုပ်ကြီးတောင် ယင်တယောင်းယောင်းနဲ့ ဖြစ်နေတာ အားလုံးအသိ။ လမ်းဘေးကြံရည်စက်ဘီးလှည့်နေတဲ့ ဝိညာဉ်တွေနဲ့ စစ်တပ်ကြီး ပိုးစိုးပက်စက် ဂန့်နေတာ အကုန် မြင်နေ ကြားနေတာဘဲဟာ ပြေးပြီပေါ့။ မဟုတ်ရင် ဝိညာဉ်တောင် ဘုံပျောက်မယ့်ကိန်းလေ။ ငတက်ပုကို အသက်ကုသိုလ်ပြုပေးမယ့်သူ မရှိတော့ပြီလေ။
စစ်တပ်နဲ့ မင်းအောင်လှိုင်အဖို့ သူ့ပင်စားစားတွေအစား ပအိုဝ်းတွေကို အားပြုရတော့မှာပေါ့။ စစ်တပ်ရဲ့ သားတပည့်ရယ်လို့မှ မပြောရဘူး၊ ဖအေ့ထက် သားက လက်ဇောင်းထက်နေတာက PNO ပအိုဝ်းလေ။
ပင်လောင်း၊ ဆောင်းပြောင်းကျေးရွာက စစ်ရှောင်တွေကို ပအိုဝ်းပြည်သူ့စစ်တပ်ထဲ ဝင်မှ နေရပ်ပေးပြန်မယ် ပြောပြီး စစ်ယူနီဖောင်းမရှိလို့ နေရပ်ပြန်ခွင့်မပေးဘူး။
ဆောင်းပြောင်းဒေသခံ ၂၀၀ လောက် စစ်သင်တန်းတက်နေကြရပြီး နေရပ်မပြန်ရတာကြောင့် စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်း စတဲ့ သီးနှံတွေ ဆုံးရှုံးမှာကြောက်နေကြတယ်။ ငွေတွေကို စိုက်ခင်းထဲပဲ ထည့်ထားတာ။ စိုက်ခင်းတွေသာ ပျက်သွားရင် ငတ်ရုံပဲ ရှိတော့မယ်လို့ ပြောကြတယ်။ စစ်သင်တန်းတက်ပြီးသူတွေကိုလဲ တခြားကျေးရွာဘက်မှာ ဂိတ်စောင့်ခိုင်းထားတယ်။ တကယ်ကျ ပြန်မလွှတ်ဘူး။
တဖက်ကလဲ ကျေးရွာဒေသခံ တောင်သူတွေ စိုက်ထားတဲ့ ပြောင်းတွေကိုကျ ပြန်ဖျက်ခိုင်းတယ်။ တမျိုးပြီးတမျိုး မရိုးရအောင် နှိပ်စက်နေတာ။ မစိုက်ခင်က မပြောဘူး။ ခုပြောင်းက အသီးသီးတော့မယ်။ မဖျက်ချင်ရင်လည်း သူတို့က သိန်း ၂၀၀၊ ၃၀၀ တောင်းတယ်။ မပေးနိုင်တော့လည်း အကုန်လုံး ရှုံးတယ်။ လက်ရှိ ပင်လောင်းတောင်ဘက်နဲ့ ဂျာမနီလမ်းတကြောမှာ ပြောင်းဧက တစ်ရာကျော် ပြန်ဖျက်ဆီးရတယ်။ တော်လှန်ရေးအဖွဲ့ ခိုမှာစိုးလို့တဲ့၊ အဲဒီလို ပြောပြီး ဖျက်ခိုင်းတယ်။ အားလုံးက ကိုယ့်စားရေး သားသမီးရှေ့ရေး တွေးပြီ ပူလောင်ရတယ်။ တော်လှန်ရေးအဖွဲ့ခိုမှာစိုးလို့လဲ ပြောတယ်၊ မဖျက်ချင်ရင် ပိုက်ဆံပေး ဆိုပြီး သိန်းရာချီလဲ တောင်းတယ်။ သက်သက်ဓားပြတိုက် အနုကြမ်းစီးသလိုမျိုး။ ပြောင်းလိုက်ဝယ်နေတဲ့ ပြောင်းပွဲစား ၄ ဦးကိုလည်း ဖမ်းဆီးပြီး သိန်းနှစ်ဆယ်နဲ့ ပြန်လာရွေးခိုင်းထားသေးတယ်။
အဲလို PNO ပြည်သူ့စစ် ငွေညစ်မှု များလာတာမို့ ပိုက်ဆံရှိသူတချို့ အိမ်မှာ မအိပ်ရဲကြဘဲ တချို့လဲ မြို့ကြီးတွေနဲ့ ပြည်ပထွက် ရှောင်ကြရတယ်။
ဆီဆိုင်ဘက်မှာတော့ ဈေးဝယ်လာတဲ့ထဲမှာ အရက်ပုလင်း ပါလို့ ဘာပါလို့ ညာပါလို့ဆို ဖမ်းပြီး သုံးသိန်းနဲ့ ရွေးခိုင်းတာမျိုး ငါးသိန်းနဲ့ ရွေးခိုင်းတာမျိုးတွေကတော့ ရိုးတောင်နေပြီ။
PNOက တဖြည်းဖြည်း ပိုပိုဆိုးလာတယ်။ ဆီဆိုင်နယ်က နေရပ်ပြန် စစ်ဘေးရှောင်တွေကို စစ်သင်တန်းမပေးဘဲ ရှေ့တန်းစစ်မြေပြင်ကို တိုက်ရိုက်ပို့တာတွေထိ လုပ်လာတယ်။ ရှေ့တန်း ပို့ခံထားရသူတိုင်းရဲ့ ဖုန်းကို သိမ်းထားတာကြောင့် ဘယ်နေရာ ခေါ်သွားတယ်ဆိုတာ မသိရသေးတဲ့အပြင် ရှေ့တန်းမှာ သေဆုံးသူတွေကိုလည်း အကြောင်းကြားတာမျိုး မရှိတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြရတယ်။
PNO က အမျိုးမျိုးသော ခေါင်းစဥ်နဲ့ ငွေကောက်နေတဲ့ အပိုင်းမှာတော့ အတော်ဆန်းသစ်တယ်။ အခု မြေယာလောက်ငရေးတဲ့၊ ဘာမှန်းလဲ မသိ။ တအိမ်ထောင် တသောင်းတဲ့။ အထူးဒေသ-၆ မှာ မြေယာလောက်ငရေးအတွက် မထည့်မနေရ ကောက်ခံတာ။ အထူးဒေသ ၆ မှာ တအိမ် တသောင်းဆို သိန်းပေါင်း ခြောက်သောင်းကျော်။ PNO က ဘယ်တော့မှလဲ ငွေစာရင်းထုတ်ပြန်တာ မရှိ။
သူတို့က စစ်တပ်သားတပည့်ပီပီ ငွေတောင်း ငွေညှစ်တာ မပြောနဲ့၊ လူတောင် သတ်ချင်သလို သတ်နေတဲ့အဆင့်ပါ။ တနေ့ကပဲ အပြစ်မဲ့ လူငယ်သုံးဦးကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးကာ တောထဲက ချောက်နက်ထဲမှာ အဝတ်မည်းနဲ့ မျက်နှာအုပ်ထားပြီး ပစ်သတ်တယ်။ နှစ်ဦးကို ပစ်သတ်အပြီး ကျန်တစ်ဦးကို ပစ်သတ်ခါနီး ပစ်သတ်နေတဲ့ PNO တပ်ဖွဲ့ဝင် လက်မရွံ့စံမြက မျက်နှာကို ဖွင့်ကြည့်တော့ သူနဲ့ ဆွေမျိုးတော်တဲ့ ကျပ်မပြည့် အပြစ်မဲ့လူငယ်ဖြစ်နေတဲ့အတွက် ငွေငါးသိန်း လှမ်းတောင်းပြီး မသတ်တော့ဘဲ စစ်ထဲ ဝင်ခိုင်းထားတာ။ ဟိုမှာက ဖအေတယောက်ပဲ ကျန်တာ။ အဲလိုမျိုးတွေက နေရာအနှံ့မှာ ဖြစ်နေတာပါ။
စစ်တပ် ကောင်းမှု အကြောင်းပြု ထောင်းထုသေကျေ မြန်မာပြည်ပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar