Breaking News

ပြည်တွင်းစစ်ကြီးထဲက အမျိုးမျိုးသော အခက်အခဲအကျပ်အတည်းများနဲ့ အခွင့်အလမ်းတွေ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၂ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၄


ပြည်တွင်းစစ်ကြီးထဲက အမျိုးမျိုးသော အခက်အခဲအကျပ်အတည်းများနဲ့ အခွင့်အလမ်းတွေ 

မြန်မာကျပ်ငွေ တန်ဖိုးကျတာ စားသောက်ကုန်၊ ဆေးဝါး၊ ကုန်စည်နဲ့ လူတွေရဲ့ ပို့ဆောင်ခ၊ စီးနင်းခတွေ မထင်မှတ်ထားလောက်အောင် မြင့်တက်လာတာ၊ ဥပဒေနဲ့ မညီတဲ့ လာဘ်စားမှုတွေကို တောင်းသလောက် ပေးကြရတာ၊ လုယက်၊ သတ်ဖြတ်မှု ရာဇဝတ်မှု မထင်ထားလောက်အောင် မြင့်တက်လာတာ၊ ဝင်ငွေနည်းပေမယ့် ကုန်ကျစရိတ်က မျှော်လင့်မထားလောက်အောင် မြင့်တက်လာတာတွေက ဒီနေ့ ခေတ်ရဲ့ နေ့စဥ် အဖြစ်အပျက်တွေ ဖြစ်နေပြီး စစ်မီးတောက်လောင်နေတဲ့ ကြားထဲ အသက်ရှင်သန် နေထိုင်နိုင်ဖို့ အတွက် ရှိစုမဲ့စု ငွေကြေးတွေ အကုန်ထုတ်သုံးစွဲကြရတဲ့ အနေအထားမျိုးနဲ့ မြန်မာနိုင်ငံက ပြည်သူလူထု ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

တစတစ ကျဆင်းနေတဲ့ မြန်မာကျပ်ငွေ တန်ဖိုးနဲ့ နေ့စဥ် ရှင်သန်ဖို့ လိုအပ်တဲ့ စားသောက်ကုန်၊ ဆေးဝါး၊ စစ်ပွဲတွေ ရပ်ထဲရွာထဲ မြို့ထဲနီးကပ်လာတဲ့အခါ ထွက်ပြေး တိမ်းရှောင်ဖို့ အရေးတကြီး လိုအပ်တဲ့ ငွေကြေး စတဲ့ အခက်အခဲ လိုအပ်ချက်တွေက လူအများရင်ဆိုင် ဖြေရှင်းနေကြရတဲ့ ပြဿနာ ဖြစ်လာနေပြီး ဒီကြားထဲ နေအိမ်၊ ပိုင်ဆိုင်တဲ့ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေ၊ မီးလောင်တဲ့ အန္တရာယ်၊ လက်နက်ကြီး၊ ဗုံးထိမှန် ပျက်စီးမယ့် အန္တရာယ် လက်နက်ကိုင် တိုက်ပွဲထဲ ပျက်စီးဆုံးရှုံးကြမယ့် အန္တရာယ်တွေကို ပြည်သူလူထုထဲက အတော်များများက ရင်ဆိုင်လာကြရတာ ဖြစ်ပါတယ်။ ရှိသမျှ အရင်းအမြစ်၊ ချွေတာစုဆောင်းထားတဲ့ ချွေးနှဲးစာတွေကို မိသားစု အသက်ရှင်သန်ဖို့ အတွက် ထုတ်သုံးကြရတဲ့ အနေအထားမျိုးမှာ အဲလို ချွေးနည်းစာတောင် စုဆောင်းမထားနိုင်တဲ့ တနေ့လုပ် တနေ့စား၊ လုပ်ခစားလက်ခစား အလုပ်သမားလို လူတန်းစား အလွှာတွေအဖို့ အဆိုးရွားဆုံး ရင်ဆိုင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ လုပ်ကိုင်စားသောက်ကြတဲ့ နယ်တွေမှာ လယ်ပိုင် မြေပိုင်မရှိသူတွေ ၊ မြို့တွေမှာဆို လက်ခစား လုပ်ခစား အလုပ်သမားတွေ ရဲ့ အနေအထားက လတ်တလော ရင်ဆိုင်ကြုံတွေ့ကြရတဲ့ အခက်အခဲအကျပ်အတည်းမှာ အဆိုးရွားဆုံး ခံစားနေကြရသူတွေလို့ ဆိုနိုင်ပါတယ်။ ကုန်စျေးနှုန်း မြင့်တက်တာ ပြတ်လပ်တာတွေရဲ့ အကျိုးသက်ရောက်မှုကို အခံရဆုံးလူထု အလွှာလည်း ဖြစ်ပါတယ်။ 

စားသောက်ကုန် ပြတ်လပ်မှု၊ လောင်စာဆီ ပြတ်လပ်မှု၊ လမ်းခရီး ပိတ်ဆို့ထားတာ၊ တိုက်ပွဲတွေ၊ လမ်းကြောင်း ဖြတ်တောက်ဖို့ ပိတ်ဆို့ထားတာတွေကြောင့် ကုန်သယ်ယူမှုတွေ ပုံမှန် အနေအထားမဟုတ်တော့ပဲ စွန့်စားသွားလာရတဲ့ အနေအထားကြောင့် ကုန်ပစ္စည်းစျေးနှုန်းတွေက တွက်ချက်မှန်းဆလို့ မရတဲ့ စျေးနှုန်းတွေ ဖြစ်ပွားနေတဲ့ သဘောလည်း တွေ့ရပါတယ်။ မီးဖိုချောင်သုံး ဟင်းချက်ဆီ ဈေးနှုန်းကို ကြည့်ရင် မတန်တဆ ဈေနှုန်းတွေ ဖြစ်နေသလို ဝယ်ယူရခက်ခဲတဲ့ အနေအထားမျိုးလည်း ကြုံနေကြရတယ်လို့ အိမ်ရှင်မတွေက ပြောဆိုကြပါတယ်။ 

ငွေကြေး ကမောက်ကမ ဖြစ်ခြင်းကလည်း စားသောက်ကုန်နဲ့ ဆေးဝါးတွေ အချိုးမကျတဲ့ မြင့်တက်တာတွေ ဖြစ်စေတာပါ။ ဆေးဆိုင်တွေမှာ ဆေးပြတ်လပ်တာတွေလည်း ပုံမှန်လို ကြုံတွေ့နေကြရတဲ့ အနေအထားမျိုး ဖြစ်လာနေပါတယ်။ 

မြန်မာနိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ အခြေအနေတွေက ပြည်တွင်းစစ်လို ကာလမှာ စီးပွားရှာဖို့ အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတဲ့ ကမ္ဘာကျော် ဝတ္တုထဲက ပြောစကားတခုကို အမှတ်ရစေပါတယ်။  အမေရိကန် ပြည်ထောင်စုမှာ ကျွန်စနစ် ဖျက်သိမ်းရေးကို အခြေပြုပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလကို အခြေပြုရေးဖွဲ့ထားတဲ့ “Gone with the wind” ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ ရက်ဘတ်တလာ ရဲ့ ပြောစကားတခုက စီးပွားရှာလို့ အကောင်းဆုံး အချိန်ကာလ ၂ ခု ရှိပြီး ခေတ်ပျက်တဲ့အချိန်နဲ့ ပြန်လည်တည်ဆောက်တဲ့ အချိန် (ဝတ္ထုထဲက စကားလုံးအတိုင်းအတိအကျ မဟုတ်)လို့ ဆိုပါတယ်။ ခေတ်ပျက်တဲ့အချိန်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ တဖက်ရန်သူနယ်မြေကို ကုန်ပစ္စည်း တွေ မရောင်းနိုင်အောင် မတင်သွင်းနိုင်အောင် ပိတ်ဆို့မှုတွေ လုပ်ဆောင်လေ့ရှိကြပြီး အဲလိုကာလ၊ စားသုံးသူ လူထုအနေနဲ့ ရွေးချယ်စရာ များများစားစားမရှိချိန်မှာ စျေးနှုန်း၊ အရည်အသွေးတွေကို ဘာမျှ မစိစစ် ချေးမများနိုင်တော့ပဲ ဝယ်ကြရတဲ့ အနေအထားဖြစ်ပြီး အဲလို ပိတ်ဆို့ထားတဲ့ ကာလမှာ လုပ်ရဲတဲ့ ကုန်သည်၊ ရောင်းဝယ်ရဲတဲ့ သူတွေက သူတို့ သတ်မှတ်တဲ့ စျေးနဲ့ သုံးစွဲသူတွေက ဝယ်ယူရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ခုလပိုင်းတွေ မှာ ဖြစ်ပေါ်နေတဲ့ ငွေကြေး ကမောက်ကမ တန်ဖိုးကျမှုတွေက စစ်ပွဲ၊ တလွဲမူဝါဒ၊ တလွဲစီမံခန့်ခွဲမှုတွေက အကြောင်းရင်းခံဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီလို အခြေအနေမျိုးမှာ အထက်က ပြောသလို ခေတ်ပျက်စီးပွားရှာကြတဲ့ အခွင့်အလမ်းတခု အနေနဲ့ ဈေးကစားကြတဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ 

ဥပမာ တခုအနေနဲ့ ပြရရင် ငွေလဲနှုန်းတွေ ဂယောက်ဂယက်ဖြစ်တဲ့ နေ့ရက်တွေမှာ ကျပ်ငွေလဲလှယ်တာ၊ ရွှေအရောင်းအဝယ်၊ ဒေါ်လာအရောင်းအဝယ်နဲ့ စျေးကစားပြီး အမြတ်အစွန်းများစွာ ရကြတဲ့ အနေအထားတွေလည်း ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ စျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်တဲ့ သတင်းမီဒီယာတွေရဲ့  သက်ရောက်မှုတွေကိုလည်း စျေးကစားသူတွေက နားလည်သဘောပေါက်ကြပြီး သတင်းမီဒီယာတွေကိုပါ အသုံးချကြာ ရက်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်း လူအများရဲ့ စိုးရိမ်မှုတွေကို အခွင့်အလမ်းအဖြစ် အသုံးချပြီး ရောင်းဝယ်ကစားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ ထုတ်ဝေထားတဲ့ ငွေကြေးကိုသာ သုံးစွဲနေကြရတဲ့ ပြည်တွင်းက လူထု အနေနဲ့ အထက်ကလို ပင်မအကြောင်းရင်းခံကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျတာအပြင် ဈေးကွက်မှာ ကစားတာ ကောလာဟလ သတင်းတွေ ဖန်တီးပြီး အဲလို အချိန်အခိုက်အတန့်ကို အသုံးချပြီး စီးပွားရှာကြတဲ့ ဖြစ်စဥ်တွေ ခုနှစ်ပိုင်းတွေမှာ တကြိမ်မက ဖြစ်ပျက်နေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီလို ခေတ်ကြပ်၊ ခေတ်ပျက်ကာလထဲမှာ အချင်းချင်း ကူညီရိုင်းပင်းကြရမယ့် အနေအထားဖြစ်ပေမယ့် ခေတ်ပျက်ကို အခွင့်အလမ်းအဖြစ် အသုံးချသူတွေ အခြေအနေတွေလည်း ဖြစ်ပေါ်နေတာ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar