Breaking News

ဆယ်ပေါင်တူ - လိမ်ချင်ဦးဟ မဲလုံးဒုက္ခ

ဆယ်ပေါင်တူ - လိမ်ချင်ဦးဟ မဲလုံးဒုက္ခ

(မိုးမခ) ဩဂုတ် ၂၃ ၊ ၂၀၂၄


တော်ရုံတန်ရုံ လူအတွက် ကြမ်းပိုးကို လိပ်ဖြစ်အောင် ကြိုးစားပမ်းစား ပြောနေရချိန်တွင် အဲဒီကြမ်းပိုးက မဲလုံး ပါးစပ်ဖျားမှာ ဂေါ်ဇီလာလိုလို၊ ကင်းကောင်လိုလို၊ ဒိုင်နိုဆောလိုလို လွယ်လွယ်ကူကူ ဖြစ်သွားသည်မှာ ပါရမီလို့ပဲ ပြောရပေဦးမည်။

ဖြူတာကို မည်း၊ မည်းတာကို အဖြူဆိုပြီး သူက ဗလောင်းဗလဲလုပ် လှည့်ပတ်လိမ်လည် ပြောတတ်သည်။

ကြာတော့လည်း တနိုင်ငံလုံး သူ့အကြောင်း သိလာကြ၍ မဲလုံး ပြောတာမှန်သမျှကို ပြောင်းပြန်အဓိပ္ပာယ်သာ မှတ်ယူလိုက်ကြတော့သည်။

အခုလိုကာလက မဲလုံးကို ဆွေမျိုးနီးစပ် တော်ရုံလေးနှင့်ပင် မလုံခြုံဟု စိတ်ထဲ ခံစားလာရသည်။

ထို့ကြောင့် သူတို့တတွေ နေထိုင်ရာ အရပ်များကနေ၊ အခုအချိန်ထိတော့ လုံခြုံနေသေးပုံရသည့် မဲလုံး၏ နေပြည်တော်အိမ်ဆီသို့ တဆွေလုံးတမျိုးလုံး ပြောင်းရွှေ့လာခဲ့ကြသည်။

အိမ်မှာ ထိုသို့ လူတွေများနေလည်း မဲလုံးက အပြုံးမပျက်၊ လူများတော့ သူ့အတွက် ပိုတောင်အားရှိ၊ ပိုတောင်လုံခြုံသည်ဟု ခံစားမိနေသေးသည်။ သို့သော် ဒီလိုအိမ်မှာ လူတွေ များနေတာကပဲ သူ့ကို ဒုက္ခပိုရောက် စေခဲ့သည်ကို မဲလုံးတယောက် အချိန်နှောင်းမှ သိခဲ့ရသည်။ ထိုတည၊မှတ်မှတ်ရရ ထိုတညကပေါ့။

ထိုတညကို မဲလုံးဘဝမှာ ဘယ်လိုမှ မေ့ပျောက်နိုင်မှာ မဟုတ်တော့။ မဲလုံး စိတ်ရောကိုယ်ပါ အနာတရ ဖြစ်စေခဲ့ ရတာ အဲဒီညကပဲ ဖြစ်သည်။

‘ဪ၊ ဒီကလေးမနဲ့တော့ ခက်ပါတယ်၊ ညနက်နေပြီ အခုထက်ထိ မအိပ်သေးဘူး’

ပြောပြောဆိုဆို မဲလုံးတယောက် မီးရောင်မြင်နေရဆဲ သူ့သမီးအခန်းဆီသို့ လျှောက်သွားသည်။

မဲလုံးသည် သူများသားသမီးကို မှတ်ပုံတင်ထားပြီးသည့် ခလုတ်ကြီးဆိုလား၊ ဘာလားကို နှိပ်၍ ပစ်ခတ်သတ်ဖြတ်ရန် ဝန်မလေးသော်လည်း၊ သူ့သမီးလေးကိုမူ တုန်နေအောင် ချစ်သည်ဟု ရင်းနှီးသူများက သိထားကြသည်။

အခန်းတံခါးကို အသာပြန်ပိတ်ရင်း ‘အိပ်တော့လေသမီး’ ဟု စာကြည့်စားပွဲတွင် ထိုင်နေဆဲဖြစ်သည့်သူ့သမီးကို ပြောလိုက်သည်။ သမီးဖြစ်သူက ထိုင်ရာမှမထသေးပဲ ‘ဖေဖေ သမီးကို မှန်မှန်ဖြေမလား’ဟု မေးသည်။ မျက်နှာကလည်း သိပ်မကောင်း။

‘ဖြေမှာပေါ့သမီးရဲ့၊ ဘာမေးမလို့လဲ’

‘သမီးသူငယ်ချင်းတွေက ပြောတယ်၊ နင့်အသားက နင့်အဖေလိုလည်း မမည်းဘူး၊ သူက နင့်အဖေအရင်းမဟုတ်လို့ ဖြစ်မယ်တဲ့၊ ဟုတ်လား ဖေဖေ’

‘သမီးကလဲ ဖေဖေက သမီးရဲ့ အဖေအရင်းပါ’

မဲလုံး ပြန်ဖြေသံကြားရသည်နှင့် သမီးဖြစ်သူထံမှ ချုန်းပွဲချ ငိုသံကို ကြားလိုက်ရသည်။ ရုတ်တရက်မို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားသော မဲလုံးက ‘ဖေဖေက သမီးရဲ့အဖေအရင်းလို့ ပြောလိုက်တာ ဘာများငိုစရာပါသွားလို့လဲ သမီးရဲ့’ ဟု စိုးရိမ်သံဖြင့် ပြောလေသည်။

မဲလုံးက သူဟာ သမီးရဲ့ အဖေအရင်းလို့ ပြောလေလေ၊ သမီးဖြစ်သူက ချုန်းပွဲချ ငိုလေလေ ဆက်တိုက်ဖြစ်နေ၍ မဲလုံးလည်း နားမလည်နိုင်တော့။ သူ ပြောတာကို သူ့သမီး နားကြားများလွဲလေသလား ဟုတွေးကာ သူကအဖေရင်း ဖြစ်ကြောင်း ထပ်ပြော၊ သူ့သမီးက ပိုငိုဖြင့် ဇာတ်လမ်းက ဖြတ်မရတော့။

ဧည့်ခန်းထဲတွင်လည်း နောက်ဇာတ်လမ်းတခု။ ဆွေမျိုးတစု ထိုင်စကား ပြောနေကြရာကနေ တယောက်က မဲလုံး မိန်းမကို ‘ဟဲ့ နင့်ယောက်ျားက ဟုတ်ရောဟုတ်သေးရဲ့လား၊ သူ့သမီးအခန်းထဲ ဝင်သွားတာ ကြာလှချည်လား’ဟု မေးသည်။

စကြားကြားချင်း မဲလုံးမိန်းမ ဒေါသအလွန်ထွက်သွားသည်။ ‘စကားပြောတာ ကြည့်ပြောကြနော် သားအဖချင်း စကားပြောပြီး ကြာနေတာ ဘာဖြစ်လဲ’ ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောသည်။

သို့သော် နောက်တယောက်က ထပ်ပြီး ‘သေချာစဉ်းစားကြည့်ဦးနော်၊ သူ့အဘကိုယ်တိုင်က မလုပ်ရဲတာ ဘာမှ မရှိဘူးလို့ တိုင်းသိပြည်သိ ပြောထားတာ၊ နင့်ယောက်ျားလည်း သူ့အဘ အတိုင်းပဲ ဖြစ်မှာပေါ့’

ကျန်သူများကလည်း တယောက်တပေါက် ဝင်ထောက်ခံကြပြန်သည်။ 

‘သမီးလေးငိုသံလည်း ကြားရသလိုပဲနော်၊ ကြည့်လုပ်ဦး၊ကိုယ်ကျိုးတော့ နည်းကုန်ပြီနဲ့တူတယ်’

သစ်ငုတ်တိုပင်၊ တိုက်ဖန်များတော့ နဲ့ချင်သလိုလို ဖြစ်တတ်သည် မဟုတ်ပါလား၊ မဲလုံးမိန်းမလည်း ဘာသားနှင့် ထုထားတာမှတ်လို့၊ အများပြောတာ နားထောင်ရင်း ယောင်တောင်ပေါင်တောင် ဖြစ်လာသည်။ဟုတ်တော့လည်း ဟုတ်သည်၊ အခုလောက် မဲလုံးတခါမှ မကြာတတ်။ သူကိုယ်တိုင်လည်း သံသယဝင်လာသလိုလို ဖြစ်လာတုန်း မဲလုံးက အခန်းအပြင် ပြန်ထွက်လာသည်။

‘ရှင် ဘာဖြစ်လို့ သမီးအခန်းထဲမှာ ဒီလောက်ကြာနေရတာလဲ’ မယုံသင်္ကာ အမေးတွင် ဒေါသသံစွက်လို့နေသည်။

‘ဘာမှမဖြစ်ပါဘူး’

‘ဘာမှမဖြစ်ပါဘူး’ဖြေသံကို ကြားလိုက်ရသည်နှင့် ‘ဘာ’ဟု သူ့မိန်းမက အသံကျယ်ကျယ်ဖြင့် ပြန်အော်လိုက်သည်ကို မဲလုံးနားမလည်။ နံဘေးရှိသူများကလည်း ‘ဟော၊ တွေ့လား၊ ငါတို့ မပြောဘူးလား၊ သူ့ပါးစပ်က ဘာမှမ ဖြစ်ဘူး ဆိုရင်တော့ သဘောပေါက်သာလိုက်’ ဆိုသည့်

အသံပေါင်းစုံထွက်လာသည်။

‘သမီး ငိုနေလို့ပါ၊ ငါ့ကြောင့် မဟုတ်ဘူးနော်’

‘ငါ့ကြောင့် မဟုတ်ဘူးနော်’ ဆိုလိုက်ကာမှ ‘ကဲ ကြည့်၊ ထင်တဲ့အတိုင်းပဲ၊ သူ့ကြောင့် မဟုတ်ဘူး ပြောကတည်းက သေချာသွားပြီ၊ ရအောင်မေး၊ ဒီကိစ္စကို ဝန်ခံခိုင်း’ ဟု ဘေးမှ သွေးထိုးကြပြန်သည်။

မျက်စိမျက်နှာ အကြီးအကျယ်ပျက်သွားသော သူ့မိန်းမကို စူးစိုက်ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေသည့် မဲလုံးက ထပ်ပြီး ‘ငါ့ကြောင့်မဟုတ်ဘူးနော်၊ ငါ ဘာမှမလုပ်ဘူး’ ဟုထပ်ပြောသည်။ မဲလုံးက ဘာမှမလုပ်ဘူး ဆိုလေကာမှ ပိုဆိုးသွားပြီး မဲလုံးမိန်းမခမျာ ရှိုက်ကြီးတငင်ဖြင့် ငိုချပါတော့သည်။

‘ဟ မိန်းမ၊ ဘာကြောင့် ငိုတာလဲ၊ ငါ ဘာမှမလုပ်ဘူး၊ လက်ဖျားနဲ့တောင် မတို့ဘူး’ဟု ပျာပျာသလဲဖြင့် သူက လက်ဖျားနဲ့တောင် မတို့ကြောင်း ထပ်ပြောလိုက်တော့မှ ‘ဘာမှမလုပ်ဘူးတဲ့၊ လက်ဖျားနဲ့တောင် မတို့ဘူးတဲ့၊ အဲဒီပါးစပ်က ထွက်တာ၊ ကဲစဉ်းစား ကြည့်ကြ၊ သဘောပေါက်ကြ’ ဟု ဆွေမျိုးအချင်းချင်း ပြောကုန်ကြပြန်သည်။

သူတို့ပြောသည်ကို နားထောင်ရင်း မဲလုံးမိန်းမက ‘အောင်မလေး လုပ်ရက်လိုက်လေခြင်း၊ အခုမှကိုယ်ကျိုးနည်းကုန်ကြပြီပေါ့၊ အဲဒါ ရှင့်သမီးလေ၊ ရှင်နဲ့ ကျမရဲ့ သမီးအရင်း’ ဟု

ငိုကြီးချက်မဖြစ်ကာ မဲလုံးမျက်နှာကို ကုတ်ဆွဲ ရိုက်ပုတ်လေတော့သည်။

အနီးအနားမှ သူများကလည်း ‘မလုပ်ရဲတာ ဘာမှမရှိတဲ့သူတွေလေ၊ ကြည့်စမ်း မကြံကောင်း မစည်ရာ၊ မျက်နှာကလည်း ပြောင်လိုက်တာ၊ ဘာမှမလုပ်ပါဘူး၊ လက်ဖျားနဲ့တောင် မတို့ဘူး ဆိုပြီးတောင် ဝန်ခံလိုက်သေးတယ်’ ဟု ပွစိပွစိ ပြောကြသည်။

မဲလုံး ဘယ်လိုမှ နားမလည်နိုင်တော့၊ သူက ဘာမှ ဝန်မခံတဲ့ကြားက သူ ပြောသမျှ ပြောင်းပြန်နားလည်နေကြသူများကို မဲလုံး ဘယ်လိုပြန် နားလည်ရမှန်းမသိတော့။ ထွီခနဲ၊ ထွမ်ခနဲ အသံတွေပါ ကြားလာရသည်။ 

‘ဘာမှ မ လုပ်ဘူးတဲ့၊ လက်ဖျားနဲ့တောင် မတို့ဘူးတဲ့၊ စဉ်းစားသာကြည့်ကြ၊ သဘောပေါက်ကြတယ်မလား’ ဟု အချင်းချင်း ပြောကုန်ကြသည်။ တချို့ကဆိုကတ္တရာစေးရောင်ပါးကို ပါးချလိုက်ချင်တာ လက်သနမှာစိုးလို့ ဆိုတာလည်း ပါသည်။

‘တော်ပြီ၊ တော်ပြီ လူစိတ်ပျောက်နေတဲ့ ရှင်နဲ့ မပေါင်းနိုင်တော့ဘူး၊ အခုတော့ အရပ်ရပ်က ကြားလို့မှ ကောင်းကြသေးရဲ့လားဟဲ့’ ပြောပြောဆိုဆို လက်ထဲမှ ရေနွေးကြမ်းခွက်နှင့် ပေါက်လိုက်သည်ကို မဲလုံး ကပျာကယာ ရှောင်လိုက်ရသည်။

စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်ပေါ်ထပ် တက်သွားသော သူ့ မိန်းမကို ကြည့်ကာ တခုခုတော့ မှားနေပြီဟု မဲလုံး တွေးနေမိသည်။ ဝိုင်းကြည့်နေကြသော ဆွေမျိုးများကို တချက် လှမ်းအကဲခတ်ကြည့်လိုက်တော့ ဒေါသမီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်နေကြသည်။

‘ရွံဖို့ ကောင်းလိုက်တာ’ဟု ပြောသူက ပြောသည်။

သူ့မိန်းမ အခန်းတံခါး ဆောင့်ပိတ်သံကို ကြားရသောအခါ သူလည်း အပေါ်ထပ်တက်ပြီး လိုက်ချော့ဖို့ မဲလုံး ဟန်ပြင်လိုက်သည်။ လှေကားကို တလှမ်းချင်းတက်ရင်း မဲလုံး အပြင်းအထန် စဉ်းစားနေမိသည်။

‘ငါ ပြောတာ ဘာများ မှားသွားလို့လဲ၊ ငါ ပြောတာကို ဘာကြောင့် ပြောင်းပြန် နားလည်နေကြတာလဲ၊ ဘာကြောင့် ပြောင်းပြန်နားလည်၊ ဘာ့ကြောင့်ပြောင်းပြန်......’ ထိုအခိုက်မှာပဲ မဲလုံး ခေါင်းထဲ ရုတ်တရက် လင်းခနဲ ဖြစ်သွားသည်။

‘ဪ ငါ သိပြီ၊ ငါ ရှင်းလင်းပွဲမှာ ထွက်ပြောသမျှ ပြည်သူတွေက ပြောင်းပြန်အဓိပ္ပာယ်ကောက်ကြတယ်လို့ ပြန် ကြားဖူးတယ်။ အခု တအိမ်လုံးကလူတွေလည်း အဲဒီလို ဖြစ်ကုန်ကြတာနေမှာ၊ ဟုတ်ပြီ၊ အခုမှပဲ နားလည်တော့တယ်’၊ မဲလုံးလည်း အဖြေကို သိလိုက်ရ၍ သက်ပြင်းချကာ သူဘယ်လို ဆက်ပြောရမည်ကို စဉ်းစားလိုက်သည်။

‘အင်း ငါ ပြောတာ မှန်သမျှကို ပြောင်းပြန်နားလည်ဦးကြမှာ ဆိုတော့ ဟုတ်ပြီ၊ ဟုတ်ပြီ’ ဟု ဆိုရင်းလှေကားထိပ်တွင် ရပ်ကာ သူ့ မိန်းမကြားအောင် အသံကျယ်ကျယ်ဖြင့်—

‘မိန်းမရေ မင်း ထင်သလိုပါပဲ၊ ငါ့ကို ခွင့်လွှတ်ပါ၊ ငါ ဝန်ခံပါတယ်၊ ငါ မှားမိပါတယ်၊ ငါ မကြံကောင်း မစည်ရာ……’

မဲလုံး စကားပင် မဆုံးလိုက်၊ မဲလုံးတို့ လင်မယား အောက်မှာ ဆူညံပွက် အော်ဟစ်နေကြတာကို အပေါ်ထပ်မှ နားစွင့်နေသော မဲလုံးယောက္ခမကြီးက သူ့လက်ထဲက တုတ်ကောက်ဖြင့် မဲလုံးကို ဆက်ကာဆက်ကာ လွှဲရိုက်လေတော့သည်။ ပြီးတော့နှုတ်မှလည်း—

‘မိုက်လိုက်တာ မဲလုံးရာ၊ ခွေးမျိုး၊ လူမဆန်တဲ့ကောင်၊ မိုက်ရိုင်းတဲ့ကောင် ကဲကွာ ယုတ်မာဦး’

ဟု ပြောပြောဆိုဆို လှေကားထိပ်မှ မဲလုံးကို ကန်ချလိုက်သဖြင့် မဲလုံး ဒလိမ့်ကောက်ကွေး လိမ့်ကျသွားလေသည်။

မဲလုံးလည်း နာကျင်သည်ကြားမှ ‘ဪ သူ့ကျပြန်တော့ ပြောင်းပြန် မတွေးဘူး၊ ငါ့နှယ် သေလိုက်ချင်တော့တာပါပဲ’ဟု ရေရွတ်ရင်း အာလူးသီးထွက်လာလို ဟက်တက်ကွဲသွားသော ခေါင်းကိုစမ်းကာ ‘အင်း လူနာတင်ကားတော့ လှမ်းခေါ်ရမယ်’ ဟု ပြောပြောဆိုဆို ခွေလဲကျရာမှ ပြန်ထကာ ဖုန်းဆက်သည်။

မဲလုံးအိမ်က ဆိုတော့ လူနာတင်ကားက ချက်ချင်းရောက်လာသည်။ သို့သော် မဲလုံး ပါမသွားဘဲ ပြန်ထွက်သွားသည်။ ဖြစ်ပုံမှာ ‘အဘ ဘယ်လိုနေသေးလဲ ‘ဆိုသည့်မေးခွန်းကို မဲလုံးက ‘တကိုယ်လုံး အရမ်းနာတာပဲ’ဟု ဖြေမိသောကြောင့်ပင်။ ထုံးစံအတိုင်း မဲလုံး ပြောသမျှ ပြောင်းပြန်ဟု အားလုံးက နားလည်ထားကြသည့်အတွက်၊ ‘အင်း အဘ က ဘယ်နေရာမှ မနာဘူးဆိုရင်လည်း ကျနော်တို့ ပြန်လိုက်ဦးမယ်’ဆိုကာ ပြန်မောင်းထွက်သွားခြင်း ဖြစ်သည်။ 

မဲလုံးခမျာမှာတော့ နာကျင်နေသည့်ကြားက အော်ဟစ်ဆဲဆိုရင်း ကျန်ရစ်ခဲ့လေပါတော့သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar