မောင်ဘဦး - "စည်းဝေးပွဲ"
"စည်းဝေးပွဲ"
မောင်ဘဦး
(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၄
(၁)
အညာနွေ ပူလွန်းသလို အညာမိုးကလည်း အညိုးနှင့် သဲကြီးမဲကြီး။ စိုက်ခင်းတချို့ ရေထဲပါကုန်သည် တဲ့။ 'တောင်သူ'တွေ ပြောသံ ကြားသည်။ ကိုယ်ကတော့ 'မြောက်သူ'။ နောက်လာမည့် အညာဆောင်းသည်လည်း အချုပ်တန်းဆရာဖေ၏ ကဗျာထဲကလို မညှာတမ်း 'ထောင်း'ပြန်ပါလိမ့်ဦးမည်။ မပူပေါင်နောက်ဆီက ချမ်းသည်ကို ကာကွယ်ဖို့ အဖြူရောင် ခေါက်ထည်ကြမ်းကလည်း စခတို့ မီးရှိူ့သည့်အထဲ ပါသွားချေပြီ။ နေရေး,ဝတ်ရေးထက် စားရေးက ပိုအရေးကြီးသည်။ စားစရာရှိပြန်တော့ ပန်းကန်ခွက်ယောက်က မလုံ လောက်။ မိုးရွာရွာလူစုံစုံ၊ အိမ်ရှိလူကုန်၊ လောက်င,အောင် ပြိုင်တူစား။ "ဟဲ့...'အိုးစွပ်' မစားကောင်းဘူး"၊ အဖေအမေတို့၏ အထူးတားမြစ်ထားသည့် ဒယ်အိုးဒန်အိုးထဲကနေ နှိုက်ကာ စားကြရဖူးလေပြီ။
(၂)
"ကြာပလား၊ ရောက်နေတာ။ မီးထဲပါသွားတော့ ဟိုအကာအရံလေး ကာလိုက်။ ဇောင်းလေးချလိုက်နဲ့ ကြာသွားသဗျာ။ မိုးကရွာလွန်းတော့ ရေတွေဝင်လို့ ကန်သင်းက ဆည်ရသေး၊ တုပ်ကွေး မကွေးရင် တော်ပ။"
"စုံသေးပါဘူးဗျာ။ ထုံးစံအတိုင်း နေမှာပါပဲ။ ကျုပ်လာတော့တောင် မှာလိုက်ကြသေး။ 'မအားလို့ပါ။ ဘာဖြစ်ဖြစ် အများသဘောကျရာ လုပ်ကြပါ'တဲ့ဗျ။ ပြီးတော့သာ တောင်ပြောမြောက်ပြော၊ ကဲ့ရဲ့ကြ ရှူံ့ချကြနဲ့။"
"ဟိုနေ့က စစ်ကြောင်ထိုးတဲ့ရွာမယ် ဘုန်းကြီးကျောင်းမြေတိုက်ခန်းထဲထိ ဝင်ဖမ်းတာကတော့ မြေတိုက်ရှိမှန်း သိ,သိနိုင်လွန်းသဗျာ။ ဒိန်းဒေါင်များပါလေသလား။ မနက်စောစောက သူ့အနောက်ဖက်ရွာ ဘော်လုံးကွင်းထဲမယ်အရောင်ပြပြီး နေ့လည်ကျမှ ဟိုဖက်ရွာထဲဝင်တာတဲ့ဗျ။ ရွာသားတွေရော မိန်-မဒွေပါ (အမျိုးသမီးတွေပါ)ဖမ်းသွားဆိုပဲ။ အင်း...။ မြို့တော်ခန်းမထဲ လိုက်ရွေးကြရရှာဦးတော့မှာပေါ့လေ။ တယောက်တယောက် ၅၀-၁၀၀ ကုန်ရှာကြမှာပေါ့။"
"မြို့ လူပြန်ပေးကတော့ သိန် း၅၀၀-၁၀၀၀ ဘရိတ် တဲ့ဗျ။"
"ရှမ်းတောင်-ရှမ်းမြောက်, ကချင်ကယား ကရင်,ကရင်နီ၊ အကုန် လွတ်မြောက်ကုန်ကြပြီ။ ရှမ်းအရှေ့ကတော့၊ လွတ်ပြီးပြီပဲ ထားပါတော့။ အင်း...။ ကျုပ်တို့ အညာကတော့ ကြာဦးမှာပါပဲလေ။"
"တယောက်တပေါက်ကိုးဗျ။ ဒါနဲ့ 'အ'ကြီး မမြင်သေးပါလား။"
"ပအဖ လုပ်ပါဗျာ။ ဒါမှမဟုတ် အုပ်ကြီးတော့ လုပ်ဗျာ။ 'အ'ကြီး ဆိုတော့...။ အုပ်ကြီးက ဒီနေ့ ချဲဖွင့်တဲ့နေ့လေ။ နောက်ကျမှာပေါ့။"
"သူ့ခမျာလည်း ဒီလုပ်ငန်းကြီးနဲ့၊ လူမရှိတော့ လုပ်ရရှာတာပေါ့။ အဲသည်တုန်းက ကျေးရွာကာကွယ်ရေးစည်းဝေးပွဲကဖြင့် 'ကိုကြီးရယ်ညီလေးရယ်'ပါဘဲဗျာ။ လူကြီးထဲကဖြင့် ကျုပ်တစ်ယောက်ပဲ ပါပါရဲ့။ တကယ်ဆို ကလေးတွေ အားလေးမှရှိရှိ၊ ရွာလုံးကျွတ် တက်ကြရမှာ။ ဟိုဟာ ကြောက်တာလိုလို၊ ဒီဟာ ရွံ့တာလိုလို။"
"ကာကွယ်ရေးအစည်းအဝေးကို 'ယော'တွေက ဘုန်းကြီးကျောင်းထဲ အလုပ်မခံရဲလို့ ရွာထဲလုပ်ရ ဆိုဗျ။ မြို့ကနေ ကြားရတာပါ။ ကျုပ်တို့လည်း အိမ်မီးလောင်တာနဲ့ မြို့တက်ရှောင်နေရလို့။"
"ကလေးတွေရဲ့ ရပ်ရွာကာကွယ်ရေးရံပုံငွေ ကျတော့ တိတ်လို့ ဆိတ်လို့ဗျ။ ဘာသံမှထွက်မလာကြဘူးဗျာ။ မြို့မှာ ဆိုင်ကယ်ဆွဲလူဆွဲခံရတော့၊ 'သဘောကောင်းနဲ့ တွေ့လို့ ငါးသိန်းထဲ ယူရှာတာပါတော်၊ ဆယ်သိန်းထဲ ကုန်ရတာပါတော်'တဲ့။ ကိုယ့်ရပ်ရွာ ကာကွယ်ရေးရံပုံငွေလေးကျတော့၊ ကြောက်ရွံ့ကြောက်ရွံ့နဲ့၊ တစ်ထောင်တန်လေး ၁ ရွက်၂ ရွက်၊ တခါတလေမှ ငါးထောင်တန်လေး ၁ ရွက်။ အညာ...အညာ...။ ကြာနေရတာကလည်း ဒါတွေပဲဗျ။"
"နယ်စပ်တွေနဲ့က ပထဝီအနေအထား၊ လက်နက်ခဲယမ်း၊ တယ်ကွာသကိုး။"
"အဓိကက 'စိတ်ဓာတ်'ဗျ။ စိတ်ဓါတ်ထက်တဲ့ ကလေးတွေက နယ်စပ်သွားပြီး စစ်သင်တန်းတက်ကုန်ကြပြီ။ ရွာကျန်ရစ်တဲ့ တချို့တွေကျ၊ ဝင်ချင်ပေမယ့် မိဘတွေက မဝင်ရ။ ရွာမယ် ပကဖ,ပလဖ,ပအဖ ဖွဲ့ကြစို့ဆိုတော့၊ လူက မရှိ။ အပေအတေ အမူးလေးတွေ ဂျစ်ကန်ကန်လေးတွေလောက်ပဲ ကျန်တော့သဗျာ။ သူတို့ခမျာပဲ လုပ်ကြရတာပေါ့။ ပြီးတော့သာ 'ဇီဘုဇိညှာ' ဘာညာဘာညာ။"
"စိတ်ဓာတ်က ကလေးတွေတင် လိုတာမဟုတ်ဘူးဗျ။ ခင်ဗျားတို့ကျုပ်တို့လို မြို့နယ်ရပ်ရွာကျောထောက် နောက်ခံ 'ဘက်ဂရောင်း'တွေရဲ့ စိတ်ဓာတ်ကလည်း လိုသဗျ။ ဘုရားတောင် အမှီရှိမှ ပွင့်ရတာကလား။ အမှီကောင်းမှဗျ။"
"ကဲ ကဲ...။ အစည်းဝေးခေါ်ရင် ခေါ်တဲ့အချိန် လာကြဗျာ။ ၂ ခါ ၃ ခါ ရွာထဲ လိုက်လိုက် ခေါ်မနေရစေနဲ့။ 'မြန်မာစံတော်ချိန်' ဆိုတာကြီးကို ပြင်ဖို့တော့ လိုနေပြီ။ ကျုပ်တို့လည်း ဆွမ်းစားချိန်က ရှိသေးတယ်။ ဝိနည်းတော့ အတတ်နိုင်ဆုံး လိုက်နာရမယ်။ ဒီခေတ်မှာ အားနေတဲ့သူဆိုတာ လူအိုရယ်, ခလေးရယ်, နာတာရှည်လူနာရယ်က လွဲရင် မအားကြတဲ့သူချည်းပဲ။ အရေးထဲ စစ်ကြောင်းထိုးက နားစွင့်ထားရသေးတယ်။"
"(နား နားကပ်၍) ကောင်မရယ်၊ ညတိုင် ဒို့ကပ်တဲ့ အသုတ်တွေစား၊ ခေါက်ဆွဲလုပ် ခေါက်ဆွဲစား၊ မုန့်တီလုပ် မုန့်တီတွေစား။ ပြီးတော့ 'ဝတ်သောက်ကား'မှန်း သိသိကြီးနဲ့ စီးနေတဲ့ကိုယ်တော်က 'ဝိနည်း' ဆိုပါလား။"
"တိုးတိုးလုပ်ပါအေ။ ကြားသွားလိမ့်။ တော်ကြာ စိတ်ဆိုးပြီး သူ့ကျောင်းထဲ မနေနဲ့ ဆိုလိုက်မှဖြင့်။"
"ညည်း၊ မနက်က ပုခက်တင်၊ မြင်ပါဘူးအေ။"
"မီးကလောင်၊ အလှူ,မင်္ဂလာဆောင်တွေက ပေါ။ မွေးနေ့တော့ လွှတ်လိုက်သအေ။"
"သစ်ကျင်းကြီးသာစည်နယ်ဖက်ကဆိုလား၊ အလှူက ဆင်နဲ့ ရှင်လောင်းလှည့်တယ် တဲ့။ ပေါလိုက်တာ ကောင်မရယ်။ ဆင်က သိန်း၃၀ပဲ ယူရှာသတဲ့။"
"ငါ့လိုဆို မြင်းပဲ ငှားပြီး ပီဒက်ကလေးတွေကို လှူလိုက်တော့မှာ။ သူတို့ခမျာ တခါတလေ 'ဟင်း' မပါရှာဘူး အေရဲ့။ 'ဟင်းမရှိရင် ဖြစ်သလိုစားပါ့မယ်။ နုတ်ခမ်းနီဖိုးပဲ ပေးကြပါ'တဲ့။ သူတို့ကြောင့် ဒို့ရွာက လူရည် တတ်တွေ မြို့မှာလို ပြန်ပေးဆွဲ မခံရတာ တော့။ မြို့မယ်အေ၊ ပြန်ပေး ခနခနဆွဲတယ်၊ ညည လူရှိရက်နဲ့ ဆိုင်ကယ်ဝင်ခိုး ကားဝင်ခိုး။ မီးကြိုးတောင် ဖြတ်ခိုးသတဲ့။ သူခိုးက 'စိမ်'ခေါ်သွားသေးသတဲ့အေ။ မိုက်ရင် တိုက်ပေါ်က ဆင်းခဲ့တဲ့။"
အစည်းအဝေးများ ထုံးစံ၊ လူမစုံမီ တောရောက်တောင်ရောက်။ အစည်းအဝေး အကြောင်း ကြိုတင်ကြံစည် စဉ်းစားမထားကြ။ အစည်းအဝေးကလည်း ဘိတ်ကြားကတည်းက 'အဘယ်အကြောင်းအရာ'လို့ မပါ။ ည(၇) နာရီ၊ မြောက်ကျောင်းကို လာခဲ့ပါတဲ့။ မနက် (၆) နာရီ၊ အရှေ့ကျောင်းကို လာခဲ့ပါ တဲ့။ 'တဲ့'က ပါသေး။ စည်းဝေးကြရာမှာလည်း တစ်ယောက်က ပြောလို့မပြီးသေးမီ နောက်တစ်ယောက်က ဝင်ပြော။ ဘုန်းကြီးသော လူသော မရှောင်။ ဒါသည်ပင် တောဓလေ့။ တော၏အရသာ၊ ရွှေအညာ။
"လူစုံလောက်ပါပြီ။ ဒါလောက် နေမှာပါပဲ။ ကဲ ကဲ ကဲ။ စ,ကြရအောင်။ အခုခေါ်ရတဲ့အကြောင်းကတော့ ဘုရားပွဲလေးဖော်ဖို့ပါပဲ။ မလုပ်ဖြစ်တာ ကိုဗစ်ကတည်းက၊ ၅ နှစ်ကျော်ဆိုတော့။ ကျုပ်တို့ ဘုန်းကြီးလောက မလည်း သူကပင့်ထားမှတော့ ကိုယ်ကလည်း ပြန်ပင့်ဦးမှဗျ။ ဟိုရွာကဆို သူ့ဘုရားပွဲ၊ ကျုပ်တို့ကို မပင့် တော့တာ ၄ နှစ်ရှိသွားပြီ။ ကျုပ်တို့ကလည်း ဒကာဒကာမတွေငဲ့ပြီး ဘုန်းကြီးမွေးနေ့လေးတောင်မှ မလုပ်ဖြစ်ပဲကိုးဗျ။ အခုဟာကလည်း ဒကာဒကာမတွေကို 'မရှိလို့မလှူ-မလှူလို့ မရှိ'၊ 'ဇိကုပ်နတ်ပြည်တင်'၊ 'ကပ်ကြီး ၃ ပါး လွန်မြောက်နိုင်အောင်'... ...။"
"ထားပါတော့ ဘုရား။ ဘယ်နေ့ဘယ်ရက်နဲ့၊ ပင့်သံဃာဘယ်လောက်၊ ဆွမ်းကျွေးကျောင်းသားကျွေးက ဘယ်လို၊ ရှိနေပြီလဲ ဘုရား။ ဆွမ်းဆန်စိမ်းလောင်း ပါဦးမလား ဘုရား။ စာရေးတံလေး... ...။"
"ရက်ကတော့ ထုံးစံအတိုင်း လုပ်နေကျ ရက်ပဲပေါ့ဗျာ၊ မေးနေစရာ လိုသေးလို့လား။"
"ရက်ကတော့ ခါတိုင်း ဘုရားပွဲဖြစ်နေကျ ရက်ပေါ့။ အရုဏ်ဆွမ်းကိုတော့ ဒီကျောင်းမှာ စစ်လာရှောင်တဲ့ ဟိုဖက်ရွာက မောင်ပိန်က မုန့်ဟင်းခါး လျှောက်ထားတယ်။ ဆွမ်းကပ်ကလည်း တလောကစစ်ရှောင်ပြီးပြန် လာတဲ့ မစိန်တို့ညီအစ်မက တဲ့။ ကိုသာချိုက လက်ဖက်ရည်,အချိုပွဲ လျှောက်ထားတယ်။ ဧည့်ကျွေးကျောင်း သားကျွေးကတော့ စစ်ရှောင် ဦးလေးနီက လောလောဆယ် ကြက်သွန်တအိတ်၊ ဆီ ၅ ပိဿာ။ စစ်လာရှောင်တဲ့ ဒေါ်ဆိတ်က ဆီ ၁ ပုံး၊ ဦးဇင်းက ဆန် ၁အိတ် မ,တည်မယ်။ သံဃာကတော့ ရွာသံဃာနဲ့ ရွာနီးချုပ် စပ် ၅၀ ပေါ့။ နယ်ဝေးသံဃာတော့ ပင့်မနေတော့ပါဘူး။ မြို့စာသင်တိုက်က တပါးကိုလည်း 'လှူဘွယ်' လှမ်းကပ်လိုက်ရုံပေါ့။ ကြွနိုင်မှာ မဟုတ်ပါဘူး။"
ဟိုဖက်ရွာက ကျောင်းထဲစစ်လာရှောင်တဲ့သူတွေက ကျောင်းထဲမှာ ကြက်သွန်စင်တွေဆောက်ပြီးထားကြသည်။ အရုဏ်ခံ,ဓမ္မာရုံ, စောင်းတန်းပါမကျန် ကြက်သွန်အိတ်တွေနှင့် နေရာအနှံ့။ သူတို့က တောင်းသူကြီးတွေ။ ရွာမီးရှိူ့ခံရပြီးကတည်းက မပြန်ကြတော့။ ပြန်လို့ နေစရာလည်း မရှိ။ ၁နှစ်ကျော် ၂ နှစ်နီးပါး ယာခင်းနှင့်ကျောင်းထဲသာ။ ရွာကအိမ်ဝင်းကိုတော့ စခကင်းပုန်းတွေ မရှိလျှင် တခါတရံ ခဏတဖြုတ် ဝင်ကြည့်ရုံမျှသာ။
မီးထဲမပါသူတွေကလည်း ဘီရို ကုတင် မီးစက်,ရေစုပ်စက် ထွန်စက်,ထော်လာဂျီကအစ ကျောင်းထဲမှာ။ မိသားစု ကလေးတွေပါ ပျော်စရာကြီး။ ကြာတော့ သံယောဇင် ငြိတွယ်ကုန်ကြပြီ။
"ကျောင်းသားကျွေးဧည့်ကျွေးကတော့ ထုံးစံအတိုင်း 'သုံးပေါက်ချွန်း'ပဲ လုပ်ရုံပေါ့။"
"အယ်...။ ငါးခြောက်ဈေးက ခေါင်ခိုက်။ ကြက်သွန်ကလည်း အခု တက်ရိပ်ရှိလို့ တယ်မရောင်းချင်ကြဘူးတော့။ ကြက်သားနဲ့ ခရမ်းသီးဆိုရင်ကော...။"
"ပဲက ကြော်နေရဦးမယ်။ ပဲကြော်ဆိုတော့ ချဉ်ပေါင်ဟင်း ဒါမှမဟုတ် တပင်တိုင်ဟင်းချို...။ သုံးပေါက်ချွန်း'ပဲ ကောင်းပါတယ် အေ။ ကြက်သွန် တအိတ် မ,တည် ရှိမင့်ဟာ။"
အညာအခေါ် 'သုံးပေါက်ချွန်း'ဟူသည် ငါးခြောက်ချက် ပဲဟင်း ပဲချဉ် ဟင်း ၃ ခွက်ဖြင့် ထမင်းကျွေးသည်ကို ခေါ်သည်။ ငါးလိပ်ကျောက် ငါးနီတူခြောက် စသည်ကို ပြုတ်၊ အရိုးသင် ထောင်းထား။ မိုးဗြဲဒယ်ကြီးထဲတွင် ဆီထည့်၊ ကြက်သွန်စိပ်ထားသည်ကို ကြော်ယောင်ပြု၊ ကြက်သွန် နွမ်းသည်နှင့် ငါးခြောက်မှူန့်များထည့်ကာ ယောက်မကြီးဖြင့် ထိုးမွှေရသည်။ ငရုတ်သီးစပ်စပ်လေး၊ ကုလားပဲဟင်း ပဲချဉ်နှင့် အလွန်လိုက်ဖက်သည်။ ငါးကြီးသားခြောက်ဆိုလို့ကတော့ အကောင်းဆုံး။ ဈေးကလည်း 'ငါးရင့်ခေါင်း'။
'တပင်တိုင်ဟင်းချို'က ရေနွေးပွက်ပွက်ထဲတွင် ဂေါ်ဖီထုပ်, ငန်ပြာရည် ဆားဟင်းချိုမှူန့်တို့နှင့် ဖြစ် သည်။ 'မှန်ရောင်ဟင်းချို'ဟုလည်း ခေါ်သေးသည်။ အခုတော့ ဂေါ်ဖီထုပ်က ဈေးကြီးလှသည်။
"တပည့်တော်မက ပဲချဉ် လိုသလောက် ဘုရား။ ဆီ,ဆား ကြက်သွန် အပါပါ ဘုရား။"
ပဲချဉ်က ဟိုရှေးတုန်းကလို ပဲတီကို အညှောက်ပေါက်အောင် ၃-၄ ရက် ပိတ်ပါးနှင့်အုပ် ရေပေးပြီး၊ ဆား, နနွင်းနယ်၍ စဉ့်အိုးကြီးများ၌ ထန်းပလပ်၂ ချောင်း ကြက်ခြေခတ်ဖိကာ ဂုတ်သတ်၊ အချဉ်သိပ်ကြတော့သည် မဟုတ်။ ဟိုတုန်းကတော့ တအိမ်ကို ၂ ပြည် ၃ ပြည်စီ ပဲပေး၍ အညှောက်ဖေါက်ခိုင်းကြသည်။ စဉ့်အိုးကြီးများ ငှား၍ နယ်ပြီး ချဉ်သိပ်ကြရသည်။ ယခုမူ ပဲချဉ်လုပ်ရောင်းသူဆီသို့ ၃ ရက် ကြိုမှာထားလျှင် ရပြီ။ သူကလည်း ပေါ့သေးသေးတော့ မဟုတ်။ ၁ ပိဿာကို ၄၀၀၀။ သွားယူရမည်။ ဘုရားပွဲကျောင်းပွဲ အလှူလေး၊ ၆ ပိဿာလောက် မှာရသည်။
"တပည့်တော်မ ဆွမ်းကပ်က ကြက်သားရယ် ဧည့်ကျွေးထဲက ငါးခြောက်ချက် ပဲဟင်းဆို ရပြီလားဘုရာ့။"
"ဘုန်းကြီးဝိုင်းမှာ ကြက်သားသိပ်မစားကြတော့ဘူးဗျ။ စီပီတွေက ကြာတော့ နံလာပြီ။ ဆိတ်နဲ့ ငါးဖယ်ဆုပ်လေးတော့ ထည့်ဦးမှ ဒကာမကြီးရာ။"
"တင်ပါ့ ဘုရား။ ကြက်မြစ်ကြက်သည်းနဲ့ အစိမ်းကြော်လေးရော လုပ်လိုက်ပါ့မယ် ဘုရား။"
အချို့သောအရပ်၊ အလှူ,မင်္ဂလာဆောင်များတွင် မြို့နှင့် တောကို ဧည့်ခွဲတတ်ကြသေးသည်။
သုံးပေါက်ချွန်းရိုးရိုးကို တောဧည့် ကျွေး၍၊ မြို့ဧည့်ကိုမူ သုံးပေါက်ချွန်းအပြင် ဝက်သား,အစိမ်းကြော်စသည် ဟင်းတစ်ခွက်ပိုထည့်၍ အလှူ့ရှင်အိမ်ထဲ၌၎င်း၊ အခြားစီစဉ်ထားသည့် တနေရာရာ၌၎င်း၊ ခွဲခြားကာ ကျွေးသည်ကို ခေါ်ပါ၏။ ယခုလည်း 'တပေါစ' ခြိုးခြံရမည် တင်းတိမ်ရောင့်ရံရမည်ဟု အဖန်တရာတေအမြှုပ်ထွက်အောင် မျက်စေ့စုံမှိတ် ရွတ်ဘတ်သရာဇ္ဇယ်ကာ ရှေ့ဆောင်လမ်းပြကြပါသည့် ဘာသာရေးခေါင်းဆောင်တို့မှာ သူတို့ကျမလိုက်နာပဲ ဧည့်ခွဲခိုင်းလေပြီ။ ဗမာပြည်၌ ရှေးကတည်းက ထုံးစံကြီးတစ်ခုပင် ဖြစ်နေသည်ပဲ။
"အုပ်ကြီး တယ်နောက်ကျသကွာ။ ဘာထူးနေလို့တုန်း။"
"ခွေးတွေ ကင်းပုန်းဝပ်တယ်ကြားလို့ပါ။ နောက်အပတ်ထဲ စစ်ကြောင်း ဝင်မယ်ဆိုလား။"
"ဟာ။ ဘုရားပွဲနေ့ကြီး...။"
"ဒီလိုလုပ်ကြရအောင်။ ဆွမ်းဆန်စိမ်း လောင်းမနေနဲ့တော့။ စာရေးတံမဲတွေလည်း ဖောက်မနေနဲ့တော့။ ဆွမ်းကပ် ရေစက်ချပြီး ပြီးရုံပ။ တချို့ကိုယ်တော်တွေက စာရေးတံမဲ မပါရင် ဆွမ်းစားသက်သက်ဆို မကြွချင်ကြဘူး ဒကာကြီးရ။ တပါး အောက်ထစ် ၁ သောင်း,၁သောင်းခွဲတော့ လှူမှဗျ။ သူတို့ခမျာလည်း ဒီခေတ် ဆိုင်ကယ်ဆီဘိုး ကားဆီဘိုးနဲ့။ ပြီးတော့ သူ့နောက်က ကျောင်းသား...။"
"လှူဘွယ်ဝတ္ထုငွေက တပါးတသောင်းဆို ၁၀ပါး ၁သိန်း။ အပါး ၅၀ ငါး...။"
"မင်းနှယ်ကွာ။ ကုသိုလ်ရေး၊ တွက်နေရချင့်။ ဟေ့၊ ငါက နဝကမ္မဝတ္ထုငွေ ၁ သိန်း ကွာ။"
"မင်းက မီးထဲမှ မပါပဲဟာ။ မင့်သားကလည်း ဖုန်းဆိုင်ဖွင့်ထား၊ ငါ့သားကတော့ ပီဒက်ထဲ ခုထိပြန်မလာသေး...။"
"ကျုပ်တို့က ၂ သောင်း..."
"ဧကဆယ်ချီကျယ်တဲ့သူတွေက ၂ သောင်း၊ နည်းတာပ။ ဟေ့၊ ကျုပ် တောင်သူလေး လှည်းမရှိနွားမရှိ၊ ထွန်ရှဉ်း ငှားရသူက ၅ သောင်းကွာ။"
"ဟာ၊ ဒီကောင်။ ကိုယ့်ဟာကိုယ် အသာမမူးဘူး၊ သူများ သွားပုတ်ခတ်။ ကျုပ်က ကုလားပဲ တစိတ်။"
"မြေမရှိ၊ ယာမရှိ၊ ကြက်သွန် 'ဒုန်းပေး'လုပ်နေရတဲ့ ကျုပ်က ငါးခြောက် လိုသလောက် တော်။ ကိုင်း...။"
ဤသို့ဖြင့် သိပ္ပံမောင်ဝ၏ 'အင်း လေလံပွဲ'ဆွဲသည့်ပမာ၊ 'အညာဘုရားပွဲ အစည်းအဝေးပွဲ'သည်လည်း ပြီးမြောက်ခြင်းသို့ ရောက်လေတော့၏။ ကုသိုလ်မည်မျှ နတ်ပြည် မည်ရွေ့ ရောက်ကြမည်တော့ မသိ။ ဇိကုပ်ကာ နတ်ပြည်တင်သည်လား၊ တအိမ်နှင့်တအိမ် မခေါ်မပြောနိုင်ကြလောက်အောင် ဇိကုပ်ခဲ့လေသည်လားတော့ မသိ။
အငြိမ့်,ဇာတ်ပွဲများခေတ်ကဆိုလျှင် ပိုဆိုးသေး၏။ 'သူ့ကျောင်းက အငြိမ့်လေး၊ ငါ့ကျောင်းက ဇာတ်ကြီးကွ' အထိ။
အညာမင်္ဂလာပွဲ၊ အညာအလှူပွဲ၊ အညာဘောလုံးပွဲ၊ အညာလှေပြိုင်ပွဲ၊ အညာရေသဘင်ပွဲ၊တို့၌မူကား၊ ဖေါ်ပြပါ စည်းဝေးပွဲထက် ပိုကြီး၍ ပိုကျယ်လေတော့၏။ မိမိရွာတွင်းသာမက ဘေးရွာအသီးသီးအထိ ကြီးကျယ်၍ သွားပါလေတော့သည်။ (ပြီးခဲ့သည့် သင်္ကြန် သံချပ်ပြိုင်ပွဲတွင်လည်း ပီဒက်လေးများ ဦးခေါင်းကွမ်းစား၍ ပြန်လာရသည့်ရွာပင် ရှိသည်ဟု ကြားသိရပါ၏။)
အညာ၏ပရိယာယ် အညာ၏မာယာ။ သူစိမ်း,ဧည့်စိမ်းတို့နှင့်မူ ရည်ရည်မွန်မွန် ကျေပွန်ကြလင့် ကစား၊ မိမိတို့ အညာသူအညာသား အချင်းချင်းအကြားတွင်ကား... ၊ 'သူလိုလူက ငါ့အလှူ သည်လောက်တင် ကူသတဲ့လား' ဟု၎င်း။ 'အမျိုးအရင်းခေါက်ခေါက်ကြီးတောင် ဘိတ်စာထဲ ငါ့နာမည်ချန်ကာထားရက်သဟဲ့' ဟူ၍၎င်း။ 'သူ့သမီးနှင့် ငါ့သား၊ သဘောမတူရအောင်၊ ဘာသားနဲ့ထုထားမို့လဲ' စသည်ဖြင့် တမျိုး၊ 'ငါ့အလှည့်ကျ လက်စားမလိုက်၊ အမိုက်မ သိကြရောပ အေ' စသည်ဖြင့် တဖုံ၊ 'ငါ့ယာ သူ့နွား၊ ဝင်ကာစား။ ငါ့ကြောင် သူ့ခွေး ဝင်ကာကိုက်' စသည်တနည်း၊ အသီးအသီး မခေါ်နှိုင် မပြောနှိုင်တွေက ဒုနှင့် ဒေး။
လူတွေ၏ မိရိုးဖလာ အစွဲမှားကြီးကြောင့်လား၊ ဘာသာရေးဆရာတို့၏ သွင်သင်မှူ အားနည်းလို့လား။ 'မြစ်ထဲ မိုးရွာ', 'မယောင်ရာ ဆီလူး'။ တစုံတရာ တနေရာရာ တခုခုတော့ အမှားကြီး မှားနေချေပြီ။
(၃)
မဟာစည်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က နိမ္မာနာရတိနတ်သားတပါးနှင်း အမေးအဖြေပြုလုပ်ခဲ့ရာ 'သင်တို့နတ်ပြည်မှာ ဘယ်တိုင်းပြည်ကလာတဲ့နတ်တွေက များသလဲ၊ မြန်မာပြည်ကလာတဲ့နတ်တွေက များသသလား' ဟူသောအမေးကို ဖြေကြားရာတွင် 'အနည်းငယ်မျှသာ ရှိပါကြောင်း၊ သေလွန်သော အခါ ငရဲသို့ ကျရောက်ကြရပါကြောင်း' ပါရှိလေသည်။
ထို့ပြင်တဝ၊ တောင်တန်းသာသနာပြုဆရာတော်ကြီးကလည်း၊ 'နံငယ်ပိုင်းသာ ဝတ်ဆင်ထားသော နတ်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားသော နတ်၊ စသည်ဖြင့်၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော နတ်များလည်းရှိကြောင်း ဟောခဲ့ဖူးသည်။
လက်တွေ့ဘဝတွင်လည်း ကြီးပွားချမ်းသာကြသောသူများကား ဗုဒ္ဓဘာသာဝင် များထက် အခြားဘာသာဝင်တို့က သာ၍များပေသည်။ မြန်မာထဲတွင် ရှိပါသည် ဆိုငြား၊ ဘိုးဘွားမိဘအမွေဖြင့် ချမ်းသာကြသူများ၊ အာဏာရှင်များနှင့် ၎င်းတို့၏အပေါင်းအပါများ စသည် တိုင်းပြည်၏သယံဇာတများကို မတရားသိမ်းယူထားကြသူများ၊ သွင်းကုန်ထုတ်ကုန်တို့ကို သွင်းခွင့်ထုတ်ခွင့်ပါမစ် ရနေသူများ၊ အလေးချိန်ခွင်တင်း တောင်း ကတ္တား ဆီပန့်အမှား ဆီအမှားများဖြင့် ချမ်းသာကြသူများ၊ စသည်ဖြင့် မတရားသဖြင့်ကြီးပွားချမ်းသာနေကြသူကသာ များလှသည်။ ယုတ်စွအဆုံး စစ်ပြေးခိုလှူံကြရာ ဘုန်းကြီးကျောင်းလိုနေရာမျိုးကိုပင်၊ 'ငါက အရင်မှတ်ထားတာ၊ သူက အရင် မှတ်ထားတာ'၊ မျှဝေသုံးစွဲမှူက ဗလာနတ္ထိ။ 'မေတ္တာသဟဂတေန စေတသာ၊' အာဂုံဆောင်ရွတ်ပါငြား၊ လက်တွေ့ကား မပါ၊ မရှိ။
(၄)
အညာ၏နွေ ပူလွန်းလှချေသည်။ မီးလောင်ပြင် မို့လားတော့ မသိ။ အညာ၏မိုးကလည် ဘယ်အညိုးနှင့် သဲကြီးမဲကြီးရွာလေသည် မသိ။ စိုက်ခင်းတချို့ ရေထဲပါကုန်သည်။ နေအိမ်တချို့ ရေဝင်သည်။ လာမည့် အညာ၏ဆောင်းသည်လည်း ခိုက်ခိုက်တုန်အောင် ချမ်း၍ကောင်းပါလိမ့်ဦးမည်။
အဖြူရောင် ခေါက်ထည်ကြမ်းသာမက လုံချည်အင်္ကျီ၊ စောင်,ခြင်ထောင် ခေါင်းအုံးအပေါင်းတို့သည်လည်း စခ,တို့၏ ရှိူ့မီးထဲ ပါသွားချေပြီ။ မိုးကအေးအေး၊ ပုဆိုးကိုခြုံ ဗပါင်၂ လုံးကြား လက်နှိုက်၍၊ စစ်ကြောင်းထိုးသံကို နားစွင့်ရင်း ကွေးကြရချေပြီ။
နေရေး,ဝတ်ရေးထက် စားရေးက ပိုအရေးကြီးငြား၊ စားစရာရှိပြန်တော့ ပန်းကန်ခွက်ယောက်က မလုံလောက်။ မိုးကရွာ လူကစုံ။ ရှိသည့်ထမင်းဟင်း လုံလောက်အောင် ပြိုင်တူဝင်ကာ စားကြတော့၊ မိဘတို့ အထူးတားမြစ်ထားသည့်၊ "အိုးစွပ်' မစားကောင်းဘူး"ဟူသော ဒယ်အိုးဒန်အိုးထဲ လက်နှိုက်ကာ စားကြရလေပြီတည်း။
သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။
မောင်ဘဦး
(၁၃၈၆၊ ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar