အောင်ဝေး - ကောင်းသောသစ်ပင်
အောင်ဝေး - ကောင်းသောသစ်ပင်
(မိုးမခ) ဩဂုတ် ၂ ၊ ၂၀၂၄
သွေးနဲ့စိုက်တဲ့
သစ်ပင်။
သွေးနဲ့စိုက်တဲ့သစ်ပင်
သွေးနဲ့ပဲ
ရှင်သန်ရတယ်
ရာဇဝင်ထဲက သစ်ပင်။
မျက်ရည်က
တစ်စက်ကျရင်
တစ်ပင် ထပေါက်တဲ့
အစဥ်အလာရဲ့ သစ်ပင်။
ဒီသစ်ပင်မှာ
ဝိညာဥ်တစ်သောင်း
နားနေကြတယ်။
မိစ္ဆာပုံပြင် မလိုဘူး
လိပ်ပြာလုံရင်
ရပြီ။
မုန်တိုင်းထဲ
အကိုင်းအလက်တွေ အခုတ်ခံရ
သွေးနဲ့စိုက်တဲ့ သစ်ပင်။
အရိုင်းအစိုင်းတို့လက်ထဲ
သမိုင်းအပိုင်းခံရ
မျက်ရည်က ပေါက်တဲ့သစ်ပင်။
ဒီသစ်ပင်
အမြစ်တွေ
ရင်ထဲနက်နက်
တိုးဝင်နေတဲ့ မှော်ဝင်သစ်ပင်။
မာရ်နတ်က
စစ်ဖိနပ်နဲ့
ဖိနင်းသတ်လည်း
မသေတဲ့ သစ်ပင်။
အတိတ်ကောင်းတော့
အရိပ်လည်း ကောင်းစမြဲ
ကောင်းသောသစ်ပင်။
နွေဦးပေါက်တော့
သစ်ပင်ကြီးအောက်မှာ
သစ်ပင်ကလေးတွေ
ထပ်ထပ်ပေါက်လာတယ်။
ဘယ်တော့မှ
ဒီသစ်ပင်
အရိပ်မငတ်တော့ဘူး။ ။
အောင်ဝေး
(၇၊ ၃၁၊ ၂၀၂၄)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar