Breaking News

မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာကွဲနိုင်တယ် ဆိုတဲ့ စိုးရိမ်မှု နဲ့ အနာဂတ် နိုင်ငံတော်

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၄


မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာကွဲနိုင်တယ် ဆိုတဲ့ စိုးရိမ်မှု နဲ့ အနာဂတ် နိုင်ငံတော် 

ပြည်မကို ဗဟိုပြုထားတဲ့၊ ဗမာလူမျိုးအများစု ပါဝင်ပြီး လက်နက်ကိုင် ပုန်ကန်တဲ့ တပ်မရှိတဲ့ တိုင်းရင်းသားတွေကို စုဆောင်းကာ တပ်ရဲ့ အမိန့်ပေးသူ အရာရှိအဆင့်မှာ ဗမာအများစုနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ် ပြိုကွဲသွားတာ သို့မဟုတ် စစ်ရှုံးသွားခဲ့ရင် ဘာဖြစ်မလဲ ဆိုတဲ့ ဖြစ်နိုင်ခြေကို နိုင်ငံတကာ အစိုးရတွေ၊ အိမ်နီးချင်းနဲ့ အင်အားကြီးနိုင်ငံတွေက လူသိရှင်ကြား ထုတ်ပြောလေ့ မရှိသော်လည်း ဖြစ်နိုင်ခြေ တခုအဖြစ်နဲ့ တောက်လျှောက် ထည့်သွင်းစဥ်းစားလေ့ရှိတာ ဖြစ်ပါတယ်။ 

ဗဟိုအင်အားအကြီးဆုံး စစ်တပ် မရှိတော့ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဗမာလက်နက်ကိုင်အဖွဲ့တွေ ဘယ်လို ညှိနှိုင်းဆွေးနွေးကြမလဲ၊ ဘယ်လို အခြေခံပေါ်မှာ ရပ်တည်ပြီး နိုင်ငံကို ရှေ့ဆက်သွားကြမလဲ ဆိုတဲ့ အချက်ကို အဆိုပါ နိုင်ငံတွေက မြန်မာဘသာသာနဲ့ ဆိုရင် “လက်တွေ့နိုင်ငံရေး” လို့ဆိုရမယ့် real politics ရှုထောင့်ကနေ စဥ်းစားကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒေသတွင်း ရိုက်ခတ်နိုင်ခြေ၊ အိမ်နီးချင်းနိုင်ငံတွေကို ရိုက်ခတ်နိုင်ခြေ စတဲ့ အကျိုးသက်ရောက်မှု၊ အကျိုးစီးပွားလိုမျိုး ရှုထောင့်တွေကလည်း စဥ်းစားကြတာ ဖြစ်ပါတယ်။ ဖြစ်စေချင်တဲ့ ဆန္ဒလိုမျိုးထက် ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ခြေ အနေနဲ့ စဥ်းစားကြတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းတလျှောက် ကွန်မြူနစ်ဝါဒနဲ့ သွားလိုတဲ့ ကွန်မြူနစ်ပါတီ ၂ ပါတီ၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်းဆိုကြတဲ့ တိုင်းရင်းသားလူမျိုးစုအချို့ က လက်နက်ကိုင် လမ်းစဥ်ကို စတင်ရွေးချယ်ခဲ့ကြပြီးနောက်မှာ ဆယ်စုနှစ်တခုအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တိုးတက်များပြားလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင် လမ်းစဥ်က ပိုမို အားကောင်းလာခဲ့ပြီး စစ်တပ်က တပါတီစနစ်ကို ထူထောင်တာ၊ နိုင်ငံရေး လှုပ်ရှားမှုသာမကပဲ တိုင်းရင်းသား ယဥ်ကျေးမှု၊ ဘာသာစကား ထိန်းသိမ်းစောင့်ရှောက်တဲ့ လှုပ်ရှားမှုတွေကိုပါ ကန့်သတ် တားမြစ်တာတွေ လုပ်ခဲ့တာကြောင့် လက်နက်ကိုင်လမ်းကြောင်းနဲ့ ရပ်တည်ကြတဲ့ အဖွဲ့တွေ ပိုမိုများပြား လာခဲ့တာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ် ၇ ခုကျော် ကာလအတွင်းမှာ မြန်မာပြည်ပြည်တွင်းစစ်မှာ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ၁၉၇၀ ပြည့်နှစ်ကျော်ကာလမှာ ဦးနု ဦးဆောင်တဲ့ ပြည်ချစ်ပါတီရဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဘုံရန်ဘက် အနေနဲ့ တိုက်ခိုက်ခဲ့တာက “ဗမာ့တပ်မတော်” ဖြစ်နေခဲ့တာပါ။ ဒီစစ်တပ်က ဗဟိုအင်အားအဖြစ်နဲ့ ဖက်ဒရယ်စနစ်နဲ့ သွားလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် စနစ်နဲ့ တည်ဆောက်လိုတဲ့ ဗကပတို့ကို အားပြိုင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး စစ်ရေးအခင်းအကျင်းက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုမှု၊ စစ်အာဏာသိမ်းမှု၊ လူထုဆန္ဒပြလှုပ်ရှားမှုကို အင်အားသုံးဖြိုခွဲမှုတွေ အပေါ် စုပြီး လက်နက်ကိုင် လမ်းကြောင်းပေါ် တကျော့ပြန် ရောက်ခဲ့ကြရာမှာ ၁၉၄၉-၁၉၅၂ ခုနှစ် တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကာလနဲ့ နှိုင်းယှဥ်စရာ ဒုတိယအကြိမ်ပြည်တွင်းစစ် ဖြစ်စဥ်ထဲ ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ဗဟိုအင်အား မရှိတော့ရင် ဘာဖြစ်နိုင်သလဲ ဆိုတဲ့ ဖြစ်နိုင်ခြေကို အထက်က နိုင်ငံတကာ အစိုးရအချို့နဲ့ အနောက်နိုင်ငံ အခြေစိုက် သုတေသနအဖွဲ့ အချို့က ဖြစ်နိုင်ခြေ တခုအဖြစ် စဥ်းစားကြတာ ဖြစ်ပါတယ်။ စစ်တပ်ကို စစ်ပြိုင် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စည်းလုံးမှု၊ ဘုံရည်မှန်းချက် ရှိသလား၊ ဘုံသဘောတူညီချက် ရှိသလား၊ စစ်တပ်က ဗဟိုအင်အားအဖြစ်ကနေ ပျောက်ကွယ်သွားတဲ့ အချိန်မှာ အစားထိုး ဝင်ယူမယ့် အဖွဲ့အစည်း အနေနဲ့ ရှိသလား ဆိုတဲ့ မေးခွန်းတွေကို ဖြေကြည့်ကြပြီး မြန်မာနိုင်ငံရဲ့ မကြာခင်ကာလ ဖြစ်နိုင်ခြေကို တွက်ဆကြတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

၄င်းတို့အနေနဲ့ လက်တွေ့နိုင်ငံရေး ရှုထောင့်မျိုးက စဥ်းစားကြတဲ့အခါမှာ မြန်မာနိုင်ငံကို ကွဲအက်လွယ်တဲ့ ပစ္စည်းတခုလို စဥ်းစားပြီး တစစီကွဲထွက်မသွားခင်မှာ နေရာတနေရာကနေ နောက်တနေရာကို ဒီအစုအဝေးအတိုင်း ပြောင်းလဲဖို့ သဘောမျိုး စဥ်းစားကြတဲ့ သဘောလို့ ယူဆရပါတယ်။ အင်အားကြီးနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အဲလို လမ်းကြောင်းမျိုးနဲ့ ပြောင်းလဲစေချင်တဲ့ ဆန္ဒရှိတဲ့ သဘောလို့ သံတမန် ရေးအရ ပြောဆိုမှုတွေမှာ တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံထဲက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတချို့ကတော့ စစ်တပ်ကို အပြီးတိုင် ဖယ်ရှားရေး၊ အဆုံးထိ အနိုင်ရရေးကိုသာ ရည်မှန်းထားကြတာ ဖြစ်လို့ နိုင်ငံတကာ အစိုးရအချို့နဲ့ မြန်မာပြည်တွင်းက စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတချို့နဲ့ သဘောထား အမြင်ချင်း ကွဲလွဲကြတာလည်း ဖြစ်ပါတယ်။ 

ခုနှစ်ဆန်းပိုင်းက စလို့ ရှမ်းမြောက်ဒေသမှာ နယ်မြေတွေနဲ့ မြို့တွေ စစ်ကောင်စီထိန်းချုပ်မှုကနေ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းယူနိုင်ခဲ့ပြီးနောက် အုပ်ချုပ်ရေး ဖော်ဆောင်မှုတွေ လုပ်လာကြပါတယ်။  အခုလို နယ်မြေတွေ သိမ်းယူရရှိပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြား၊ နားလည်မှု၊ နယ်မြေ သတ်မှတ်မှုဆိုင်ရာ ပြဿနာတွေ ပေါ်ထွက်လာနိုင်တဲ့ အလားအလာကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရအချို့က ဖြစ်နိုင်ခြေတခု အနေနဲ့ ရှုမြင်သလို စိုးရိမ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေ ရောက်လာချိန်မှာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အကြား နယ်မြေနဲ့ စိုးမိုးအုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပြီး သဘောတူညီမှု၊ နားလည်မှုတခု ရရှိထားသင့်ပြီဆိုတဲ့ အယူအဆတွေလည်း ထွက်ပေါ်လာကြတာ တွေ့ရပါတယ်။ 

တိုင်းရင်းသားနယ်မြေတွေ၊ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်ထောင်စု အဆင့်လို့ ယူဆထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ အကြားမှာ ကြေလည်စွာ ဆွေးနွေးမှုတွေ အခုအချိန်မှာ ရှိသင့်နေပြီလို့ ယူဆတာတွေလည်း ရှိနေပြီး အနာဂတ်ပုံဖော်မယ့် နိုင်ငံရဲ့ ပုံသဏ္ဌာန် တခုခုတော့ စိတ်ကူးထဲ ပုံဖော်ထားသင့်ပြီလို့ ယူဆမှု ပြောဆိုမှုတွေလည်း ထွက်ပေါ်လာနေတာ ကို တွေ့ရပြီး ဗဟိုအစိုးရ သို့မဟုတ် အတူတကွပူးပေါင်း တည်ထောင်ကြမယ့် နိုင်ငံတော်တခု ရဲ့ ပုံသဏ္ဍာန် ပေါ်ထွက်လာသင့်တဲ့ အချိန်လည်း ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar