Breaking News

တိုက်ပွဲ ရောက်လာတဲ့ ရှမ်းမြောက်ဒေသက သီပေါမြို့ ၊ မန္တလေး နဲ့ ပြင်ဦးလွင် တို့က နောက်ထပ် ပစ်မှတ်လား


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၄

တိုက်ပွဲ ရောက်လာတဲ့ ရှမ်းမြောက်ဒေသက သီပေါမြို့ ၊ မန္တလေး နဲ့ ပြင်ဦးလွင် တို့က နောက်ထပ် ပစ်မှတ်လား

သြဂုတ်လ ၉ ရက် ၁၀ ရက်နေ့တွေမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမပေါ်က နောက်ထပ်မြို့တမြို့ဖြစ်တဲ့ သီပေါမြို့ဆီ တိုက်ပွဲရောက်ရှိလာတာ တွေ့ရပါတယ်။ လားရှိုးမြို့နဲ့ ကျောက်မဲမြို့ အကြားရှိပြီး ဒုဌာဝတီမြစ်နဘေးမှာ တည်ရှိတဲ့မြို့ဖြစ်ပြီး ရှမ်းစော်ဘွားတွေ နေထိုင်ခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့ရာမှာ ပြည်ထောင်စုလမ်းမပေါ်က ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တို့ကို TNLA လက်နက်ကိုင်အဖွဲ့က ပထမဦးဆုံး တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာ ၊ လားရှိုးမြို့ကို MNDAA ကသိမ်းယူပြီး သီတင်းပတ်အကြာမှာ သီပေါမြို့သိမ်းတိုက်ပွဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

လောလောဆယ် ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ သီပေါမြို့ကို TNLA လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်နေတာလို့ ဖော်ပြထားကြပါတယ်။ စစ်ကောင်စီ အနေနဲ့ လားရှိုးမြို့ မှာ အခြေစိုက်ထားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို လက်လွှတ်ဆုံးရှုံးခဲ့ပြီး သီတင်း တပတ်ဝန်း ကျင်အကြာမှာ သီပေါ မြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီ တပ်ရင်းတွေကို သိမ်းယူဖို့ TNLA တပ်တွေက စတင်တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတဲ့ မြို့တွေအနက် တရုတ်နိုင်ငံနယ်စပ် မြို့ မူဆယ်မြို့ နဲ့ သီပေါမြို့တို့သာ မြောက်ပိုင်း ညီနောင်မဟာမိတ် လက်နက်ကိုင်တွေအနေနဲ့ သိမ်းယူဖို့ ကျန်ရှိနေတဲ့သဘောဖြစ်ပြီး မူဆယ်မြို့ အနီးက ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းနေရာကို ယခင် ပထမအကျော့ စစ်ဆင်ရေးကာလကတည်းက သိမ်းယူခဲ့ပြီးဖြစ်ပေမယ့် တရုတ်နိုင်ငံနဲ့ နယ် စပ်မြို့ ကျယ်ဂေါင်နဲ့ ထိစပ်နေတဲ့ မူဆယ်မြို့ကိုတော့ တရုတ်နိုင်ငံက တိုက်ပွဲဖြစ်ပွားတာ၊ မြို့သိမ်း တိုက်ပွဲ လုပ်ဆောင်တာကို မလိုလားကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံကို သတင်း စကား ပါးထားတာကြောင့် တိုက်ခိုက်သိမ်းယူခြင်း မရှိသေးတဲ့ သဘောလို့လည်း ကောက်ချက်ချ ပြောဆိုမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

နယ်စပ်ဒေသ မဟုတ်တဲ့ သီပေါမြို့ကိုတော့ ခုရက်ပိုင်းအတွင်း TNLA က စတင်တိုက်ခိုက်နေပြီး ယနေ့နောက်ဆုံး ရရှိတဲ့ သတင်းတွေထဲမှာ သီပေါမြို့ ထောင်အနီးမှာ တိုက်ပွဲတွေ ဖြစ်နေသလို အကျဥ်းထောင်လည်း ပွင့်သွားပြီလို့ အချို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

မကြာသေးတဲ့ သီတင်းပတ်အတွင်းမှာပဲ လားရှိုးမြို့သိမ်းတိုက်ပွဲတွေအတွင်း လားရှိုးထောင် ပွင့်ခဲ့ပြီး အကျဥ်းသား ၂၈၀၀ ကျော် လွတ်မြောက်ခဲ့သလို အကျဥ်းထောင်ပေါ် လက်နက်ကြီး သို့မဟုတ် ရှော့တိုက်ဒုံးလိုမျိုး ကျရောက်တာကြောင့် ၁၀၀ ဝန်းကျင် သေဆုံးခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ရှမ်းမြောက်ရဲ့ ပြည်ထောင်စု လမ်းမတလျှောက် လတ်တလောဖြစ်ပွားခဲ့တဲ့ မြို့နဲ့ တပ်စခန်း၊ တပ် ရင်း၊ တိုင်းစစ်ဌာနချုပ် သိမ်းယူတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အနေနဲ့ ဆုတ်ခွာတာ၊ လက်နက်ချတာ၊ ထိခိုက်သေဆုံးပြီး တကွဲတပြား ဆုတ်ခွာကြရတဲ့အဖြစ်တွေနဲ့ ရင်ဆိုင်နေကြရပြီး လက်လွှတ်ဆုံးရှုံးသွားတဲ့နယ်မြေတွေ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ဖို့ အလားအလာမမြင်တွေ့နိုင်သလို၊ ရှမ်းမြောက်ဒေသက ဆက်စပ်နေတဲ့ နယ်မြေဒေသတွေ နောက်ထပ်မဆုံးရှုံးအောင် ခုခံကာကွယ်ဖို့က ပိုအရေးကြီးနေတဲ့ အနေအထားဖြစ်ပါတယ်။ 

လားရှိုးတဝိုက်မှာ တန့်ယန်းလို၊ မိုင်းရယ်လို မြို့တွေက တပ်စခန်းတွေက နောက်ထပ် စစ်မျက်နှာဖြစ်လာနိုင်ပေမယ့် ဝ လက်နက်ကိုင်တပ်တွေက ကြားဝင်ထိန်းထားတဲ့ သဘောမျိုး နေရာယူထားတဲ့ အချက်က တန့်ယန်း၊ မိုင်းရယ်တို့ကို ဆက်လက်တိုက်ခိုက်ဖို့ အခွင့်အလမ်းကို အတားအဆီး ဖြစ်စေတာလည်း ဖြစ်နိုင်ပါတယ်။ ဝ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့အကြား ဘယ်လိုပြောဆိုမှုတွေရှိသလဲဆိုတာ ဘယ်သူမှမသိရှိကြတဲ့ အနေ အထားဖြစ်ပြီး၊ ဝ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဘယ်လက်နက်ကိုင်တိုက်ခိုက်မှုမှာမှ ပါဝင်မှာ မဟုတ်ဘူးလို့သာ ဖော်ပြထားတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း MNDAA လို လက်နက်ကိုင် အဖွဲ့အနေနဲ့ ဝ တပ်ဖွဲ့ ရဲ့ အကူအညီ အထောက်အပံ့မပါဘဲ အခုလို ၁၀၂၇ စစ်ဆင်ရေးကို အောင်မြင်အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ယူဆမှုနဲ့ ကောက်ချက်ချမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

သီပေါမြို့သိမ်းတိုက်ပွဲ စတင်နေစဥ်မှာပဲ မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းရဲ့ အနောက်တောင်ဘက်အဆုံး ပြင်ဦးလွင်နဲ့ မန္တလေးတို့ကို မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့ မဟုတ်တဲ့ MDY-PDF လို့ အမည်ပေးထားတဲ့ မန္တလေးတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လာမယ့်အနေအထားတွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ ပြင်ဦးလွင်ကို တိုက် ခိုက်လာမယ်ဆိုခဲ့ရင် နောင်ချိုနဲ့ မိုးကုတ်ကို သိမ်းယူထားပြီးဖြစ်တဲ့ TNLA ရဲ့ အကူအညီသို့မဟုတ် ဦးဆောင်မှုပါဝင်မှာ အသေအချာ ဖြစ်ပြီး ပြင်ဦးလွင်နဲ့ ကားလမ်းအားဖြင့် မိုင် ၄၀ ကွာဝေးတဲ့ မြေ ပြန့်မှာ တည်ရှိတဲ့ မန္တလေးမြို့ကို တိုက်ခိုက်ခဲ့မယ် ဆိုရင် MDY-PDF အပြင် အခြားစစ်ရေးအတွေ့ အကြုံ ပိုများတဲ့ လက်နက်နဲ့ လူအင်အားပိုမို တောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်ထဲက ဘယ်လို အဖွဲ့တွေ ပါဝင်နိုင်သလဲဆိုတာ ခန့်မှန်းဖို့ စောသေးတယ်လို့လည်း ပြောနိုင်ပါတယ်။ 

ပြင်ဦးလွင်ကို နောင်ချိုက တဆင့် ဘန့်ဘွေးကုန်း၊ ဝက်ဝံ စတဲ့ ကားလမ်းတလျှောက် ဆက်စပ်နေတဲ့နေရာတွေမှာ MDY-PDF နဲ့ TNLA တို့ လှုပ်ရှားမှုတွေ ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်း ငယ်က ပြင်ဦးလွင်မြို့က မြို့ခံတွေနဲ့ စစ်တပ်မိသားစုတွေပါ မန္တလေး နဲ့ နေပြည်တော်၊ ရန်ကုန်တို့ဘက်ဆီ ကားတွေနဲ့ တိမ်းရှောင်နေခဲ့တဲ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့ပြီး ဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်နဲ့ အခြားသောတပ်ရင်းတွေ စစ်တပ်နဲ့ပတ်သက်တဲ့မိသားစုတွေ အငြိမ်းစားစစ်အရာရှိတွေနေထိုင်ကြတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ပြင်ဦးလွင်ကိုမကျအောင် အတတ်နိုင်ဆုံးကာကွယ်မယ်လို့မှန်းဆရပေမယ့် စစ်မျက်နှာများစွာ တပြိုင်နက်ထဲတိုက်ခိုက်နေရတဲ့လက်ရှိအနေအထားမှာ အင်အားအားဖြင့်၊ စိတ်ဓာတ်အားဖြင့် မကျအောင် ခုခံကာကွယ်နိုင်မလားဆိုတာ သံသယဖြစ်စရာအနေအထားလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar