Breaking News

ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်း

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၉ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၄

ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်း 

မြန်မာကျပ်ငွေ တန်ဖိုး မကြုံဖူးလောက်အောင် ကျဆင်းနေပြီး သြဂုတ်လ ၉ ရက်နေ့မှာ အမေရိကန် ၁ ဒေါ်လာကို ၆၀၀၀ ကျပ်အထိ စံချိန်တင်ကျဆင်းခဲ့ပြီး ကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ရွှေဈေးမှာလည်း တကျပ်သား ၇၁ သိန်းကျပ်ဝန်းကျင်အထိ ရောက်ခဲ့တယ်လို့ သတင်းတွေထဲ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း ဖြစ်ပေါ်နေတဲ့သတင်းတွေထဲ စစ်ကောင်စီက ပြည်ပမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေကို ပို့ဆောင်ပေးတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို ၄င်းတို့ဝန် ဆောင်မှုပေးတဲ့အလုပ်သမားတွေ မိသားစုထံတရားဝင်လမ်းကြောင်းက ငွေပြန်မပို့ခဲ့ရင် အေဂျင်စီလိုင်စင်ကိုပယ်ဖျက်မယ်ဆိုတဲ့ အခါအားလျော်စွာ ထုတ်ပြန်နေတဲ့ စည်းမျဥ်းစည်းကမ်းတွေလည်း ခုရက်ပိုင်း ထပ်မံပေါ်ထွက်လာပါတယ်။

 ပြည်ပပို့ကုန်ပို့ပြီး ရလာတဲ့ နိုင်ငံခြားငွေကိုလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ လဲလှယ်ရမယ့် ရာနှုန်းကို ၁၀ ရာနှုန်း လျှော့ချပေးတယ် ဆိုတဲ့ ထုတ်ပြန်ချက်လည်း ထွက်ပေါ်လာပြီး နိုင်ငံခြားငွေ ပြတ်လပ်မှု၊ တနည်းအားဖြင့် လိုအပ်ချက်နဲ့ ဝင်လာတဲ့ ပမာဏ မမျှတာတွေ ဖြစ်ပေါ်နေတာကို ပြသတဲ့ လက္ခဏာတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

ဒါက စီးပွားရေး နယ်ပယ်ဘက်က၊ ပို့ကုန်သွင်းကုန်ဘက်က ဖြစ်ပွားနေတဲ့ အနေအထားတွေ ဖြစ်ပြီး တခြားတဖက်မှာ စီးပွားရေးလုပ်ငန်းနဲ့ မသက်ဆိုင်ဘဲ ပြည်တွင်းက လက်နက်ကိုင် တိုက်ပွဲတွေ အခြေအနေ မတည်မငြိမ်ဖြစ်ပွားနေတာ၊ စစ်မှုထမ်းဥပဒေ စတာတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကာလတခုထိ ရွှေ့ပြောင်းနေထိုင်ကြမယ့်သူတွေက ၄င်းတို့ရဲ့ ငွေတွေကို ဘတ်ငွေအဖြစ်လဲလှယ်တဲ့ ဝယ်လိုအားကလည်း မြန်မာကျပ်ငွေကို တန်ဖိုး ကျဆင်းဖို့ ကြီးမားတဲ့ တွန်းအားတခုဖြစ်စေတယ်လို့ မှန်းဆရပါတယ်။ 

လားရှိုးမြို့ ကျပြီးနောက်မှာ ပြင်ဦးလွင်က ရှေ့တန်းခံစစ် ဖြစ်လာမလား၊  မန္တလေးမြို့ရော လားရှိုးလိုဖြစ်လာမလား စတဲ့စိုးရိမ်မှုတွေက မြို့နေလူထုကို လူရော ပိုင်ဆိုင်မှုအချို့ပါ ရွှေ့ပြောင်းဖို့ တွန်း အားဖြစ်စေတာလည်း ဖြစ်ပါတယ်။ 

မြန်မာကျပ်ငွေတန်ဖိုးကျရခြင်းက အခြေခံအကြောင်းရင်းတွေ လုံလောက်စွာရှိနေပြီး လတ် တလော ဈေးမငြိမ်စေတဲ့ နိုင်ငံရေးအခြေအနေ၊ ဈေးကစားမှုတွေက ထပ်မံပေါင်းထည့်လိုက်ပြီး စံချိန်တင်ကျဆင်းတာတွေ ဖြစ်ပေါ်လာတာလို့ကောက်ချက်ချရင် မှားမယ်မထင်ပါဘူး။ မြန်မာငွေ တန် ဖိုးကျစေတဲ့အခြေခံအကြောင်းရင်းကတော့ စစ်ပွဲရဲ့ ကုန်ကျစရိတ်နဲ့ စစ်ပွဲတွေကြောင့် ကုန်ထုတ် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အစရှိတဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ ကျဆင်းသွားတာကြောင့် နိုင်ငံရဲ့ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု ဝန်အားမမျှ ဖြစ်လာခြင်းက အခြေခံ အကြောင်းရင်းဖြစ်နေတာပါ။ ကုန်ထုတ်လုပ်မှု သိသိသာသာကျဆင်းလာနေတာနဲ့ နိုင်ငံထဲမှာနေထိုင်နေတဲ့ လူထုအနေနဲ့အခြေခံ လိုအပ်နေတဲ့ လူသုံးကုန်၊ စားသောက်ကုန်၊ လောင်စာဆီ၊ အိမ်ရာ ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်း၊ ဆေးဝါး စတာတွေအတွက်ဝယ်ယူဖို့ နိုင်ငံခြားငွေလိုအပ်ချက်က ငွေကြေးတန်ဖိုးကို သက်ရောက်စေတာလည်း ဖြစ်ပါတယ်။ 

ရွှေဈေးတက်ခြင်း၊ ဒေါ်လာဈေးတက်ခြင်း ဆိုတဲ့ခေါင်းစဥ်က မြင်သာတဲ့ခေါင်းစဥ်ဖြစ်ပြီး ကျပ်ငွေတန်ဖိုးကျတယ်ဆိုတဲ့အချက်က နောက်ကွယ်က အကြောင်းဖြစ်နေတဲ့သဘောဖြစ်ပါတယ်။ 

ယခင်နှစ်တွေကတော့ ကျပ်ငွေတန်ဖိုးထိုးကျတဲ့ဖြစ်စဥ်က တနှစ်မှာ တကြိမ်ကနေ ၂ ကြိမ်လောက် ဖြစ်လေ့ရှိပြီး ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေမှာ စည်းမျဥ်းစည်းကမ်းထုတ်ပြန်ချက်တွေထုတ်ပြီးနောက် အကျိုးဆက်အနေနဲ့ ဆက်လျက် ဖြစ်ပေါ်လေ့ရှိပြီး အခုနှစ်မှာတော့ စစ်ပွဲတွေရဲ့ အသုံး စရိတ်လည်း ယခင်နှစ်တွေထက် ပိုမိုများပြားလာတဲ့ အနေအထားနဲ့အတူ တန်ဖိုးထိုးကျတဲ့ ဖြစ်စဥ်တွေက လအနည်းငယ်အတွင်း တကြိမ်ပြီးတကြိမ် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

၁ ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင်ကနေ ကျပ် ၃၀၀၀ ဝန်းကျင် ဖြစ်ဖို့က တနှစ်လောက် အချိန်ကြာ မြင့်ခဲ့ပေမယ့် ခုအခါမှာ ကျပ် ၄၀၀၀ ကနေ ကျပ် ၆၀၀၀ အထိ ဖြစ်ဖို့က လအနည်းငယ်မျှသာ ကြာမြင့်တဲ့ အနေအထားဖြစ်လာပါတယ်။ တန်ဖိုးကျဆင်းမှုပိုမြန်ဆန်လာပြီး မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု သိသာစွာကျဆင်းလာနေပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုနည်းပါးလာလေလေ  မြန်မာကျပ်ငွေ ပိုင်ဆိုင်မှုကို အခြားသော တန်ဖိုးခိုင်မာတဲ့ ငွေကြေးအဖြစ် ပြောင်းလဲတာတွေ  ပိုမိုများလာလေလေ ဖြစ်ပေါ်နေတာပါ။ ဒီအခြေအနေက ကျပ်ငွေရောင်းလိုအား တနည်းအားဖြင့် နိုင်ငံ ခြားငွေဝယ်လိုအား ပိုမိုမြင့်တက်စေပြီး ငွေလဲနှုန်း ဈေးကွက်ကို တပြန် သက်ရောက်မှုတွေ ဖြစ်ပေါ်စေတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

ကျပ်ငွေတန်ဖိုးကျခြင်းက လူထုအတွက် ဘာတွေ အကျိုးဆက်ဖြစ်နိုင်သလဲ ဆိုတာတော့ မေးစရာ သိပ်မလိုလောက်အောင် လက်တွေ့ခံစားနေကြရတဲ့ ကုန်ဈေးနှုန်းမတန်တဆကြီးမြင့်လာတဲ့ သက် ရောက်မှုတွေ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

တဖက်မှာ ကျပ်ငွေတန်ဖိုးထိုးကျခြင်းက နိုင်ငံရေးဖြစ်စဥ်၊ စစ်ရေးဖြစ်စဥ်တွေအပေါ် ဘယ်လို သက်ရောက်မှုတွေရှိနိုင်လဲဆိုတဲ့ မေးခွန်းကိုတော့ သေသေချာချာ လေ့လာသုံးသပ်ပြီးမှသာ ပြောနိုင်မယ်လို့ ယူဆရပါတယ်။ 

မြန်မာကျပ်ငွေကို အယုံအကြည်မရှိလောက်တော့တဲ့အထိ ဖြစ်လာစေမလား၊ မြန်မာကျပ်ငွေက စစ်ကောင်စီ နဲ့အတူ အင်အားချည့်နဲ့ ကျဆုံးပြီဆိုရင် အစားထိုးမယ့် ငွေကြေးတစုံတရာများ လိုအပ်လာမလားဆိုတဲ့ မေးခွန်းတွေ ၊ စဥ်းစားစရာတွေလည်း ရှိကောင်းရှိလာမယ့် အနေအထားလို့ ဆိုရင် စောကောင်းစောနေပေမယ့် မကြာခင် စဥ်းစားကြရမယ့် ကိစ္စတရပ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar