မြန်မာ့အရေးကို နောက်ရောက်စေမယ့် ကမ္ဘာ့ရဲ့ အရေးကိစ္စတွေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၇ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၄
မြန်မာ့အရေးကို နောက်ရောက်စေမယ့် ကမ္ဘာ့ရဲ့ အရေးကိစ္စတွေ
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ဘေးဒုက္ခသည် အရေး နဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့အရေး ကိစ္စတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် အာရုံစိုက်စရာ ဖြစ်လာခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လူထုဆန္ဒပြပွဲတွေ၊ အဲဒီနောက် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့အသစ်တွေ အများအပြားပေါ်ထွက်လာခြင်း ပြည်တွင်းစစ်မီး ကျယ်ပြန့်လာခြင်း၊ စစ်ဘေးဒုက္ခသည် သိန်းနဲ့ သန်းနဲ့ချီ ပေါ်ထွက်လာတာ၊ စစ်ရာဇဝတ်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းတွေ၊ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှု ထောင်ဂဏန်း၊ သောင်းဂဏန်းတွေ အထိရောက်ရှိလာနေခြင်းက နိုင်ငံတကာမှာ မြန်မာ့အရေးကို ဝိုင်းဝန်းဖြေရှင်းကြဖို့ ဆွဲဆောင်တဲ့ အကြောင်းအရာတွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ် အစပိုင်းတွေအထိ မြန်မာ့အရေးကို ဝိုင်းဝန်းအဖြေရှာဖို့ ၊ အကူအညီပေးဖို့ စိတ်ဝင်တစား ရှိခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ အာဆီယံအဖွဲ့အနေနဲ့ စစ်ကောင်စီကို တိုက်တွန်းမှု၊ အချက် ၅ ချက်ပါတဲ့ အာဆီယံ သဘောတူညီမှု စတာတွေကို စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး လအနည်းငယ် အကြာမှာ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမဲ့ လက်နက်ကိုင်ပဋိပက္ခ၊ အရပ်အခေါ်နဲ့ ပြည်တွင်းစစ်မီး ကျယ်ပြန့်လာပြီးနောက်မှာတော့ ပြည်တွင်းရှိ မြန်မာလူထုအများစုက အချိန်တိုအတွင်း အောင်ပွဲရလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် နိုင်ငံတကာ အစိုးရတွေ နဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာ့အရေးက ရေရှည်သွားမယ့် အရေးကိစ္စတရပ်အဖြစ် ရှုမြင်သုံးသပ်လာကြတာလို့ ကောက်ချက်ချမိပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ မြန်မာလူထုနဲ့ အချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေက မျှော်လင့်ခဲ့ကြသလို မြန်မာ့အရေးက အဖြေ မြန်မြန်ဆန်ဆန် ထွက်မလာနိုင်တော့ဘဲ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ယူကရိန်း စစ်ပွဲဖြစ်ပွားလာချိန်မှာတော့ မြန်မာ့အရေးက ကမ္ဘာ့အလယ်မှာ နောက်တန်းရောက်သွားခဲ့ပြီး ယူကရိန်း-ရုရှားစစ်ပွဲက ရှေ့တန်းရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ်မှာ ပါလစ္စတိုင်း ဂါဇာကမ်းမြောင်ရဲ့ စစ်ပွဲက ယူကရိန်း စစ်ပွဲနဲ့ တန်းတူ နိုင်ငံတကာ အရေးမှာ ရှေ့တန်းရောက်လာခဲ့လို့ မြန်မာ့အရေးက တဖြည်းဖြည်းနဲ့ နောက်ကို ရောက်လာတာ တွေ့ရပါတယ်။
၂၀၂၄ မှာတော့ ကမ္ဘာ့အရေးအခင်းတွေမှာ ယူကရိန်း၊ ဂါဇာနဲ့တင်မဟုတ်တော့ဘဲ အရှေ့အလယ်ပိုင်းမှာ စစ်မီး ပိုကျယ်ပြန့်လာမယ့် လက္ခဏာတွေ ထပ်ပြီးတွေ့လာကြရတာ ဖြစ်ပါတယ်။ လက်ဘနွန်က ဟစ်ဇဘိုလာ၊ အီရန်၊ ယီမင်က ဟူသီသူပုန်တွေ နဲ့ အစ္စရေးလ် တို့ ဘယ်လို အသွင်သဏ္ဌာန်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေထဲ ပါဝင်လာကြမလဲ ဆိုတာတွေအထိ စဥ်းစားပူပန်နေကြတဲ့ အခြေအနေ ဖြစ်လာသလို အရှေ့အာရှမှာ တောင်တရုတ်ပင်လယ် ရေပိုင်နက်နဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံရဲ့ ပွတ်တိုက်မှုတွေ၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံ စတဲ့ ဒေသတွင်းမှာ ပဋိပက္ခဖြစ်လာနိုင်ခြေ ရှိတဲ့ အဖြစ်အပျက်တွေ ပိုမိုများပြားလာနေတာကြောင့် မြန်မာ့အရေးက အာရုံစိုက်မှု ပိုမိုလျော့ပါးလာနေတာ တွေ့ရမှာဖြစ်ပါတယ်။
မြန်မာ့အရေးက အိမ်နီးချင်းနိုင်ငံတွေအနက်က ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံလည်းဖြစ်ပြီး မြန်မာနိုင်ငံက မဟာဗျူဟာအရ ၄င်းတို့အတွက်အရေးပါတဲ့ တရုတ်နိုင်ငံရဲ့ ကြီးကြပ်မှုအောက်ကို ရောက်ရှိလာတဲ့ အနေအထားမျိုး အဖြစ် ပြောင်းလဲလာတာလည်း သတိပြုမိကြမယ် ထင်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးကို အဓိကထောက်ခံတဲ့ အမေရိကန် နိုင်ငံသည်ပင်လျင် တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ရှုမြင်ချက်တွေကို တစိတ်တပိုင်း သဘောတူ လက်ခံထားသလားလို့ ယူဆစရာတွေလည်း ရှိနေတာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန် အကြား ဆန့်ကျင်ဘက် အမြင်၊ ထုတ်ဖေါ်ပြောဆိုချက်တွေ သိသာထင်ရှားစွာ မရှိခဲ့တာလည်း သတိပြုမိကြပါလိမ့်မယ်။
အိမ်နီးချင်းနိုင်ငံတွေအနက် ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ၄င်းရဲ့ နယ်စပ်လုံခြုံမှုလောက်သာ စိတ်ဝင်စားပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်လို့ ပြည်တွင်းစစ်ပွဲတွေနဲ့ပတ်သက်လို့ တိုက်ရိုက် သက်ရောက်မှု ကြီးကြီးမားမား မရှိတာကြောင့်လည်း ၄င်းတို့အနေနဲ့ မြန်မာ့အရေးမှာ ဒီလောက် ပါဝင်နေခြင်း မရှိပါဘူး။ အာဏာလက်ရှိ စစ်ကောင်စီနဲ့ တရားဝင် ဆက်ဆံနေပြီး စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် ဘယ်အဖွဲ့နဲ့မှ ထိတွေ့ဆက်ဆံတာ ကူညီတာတွေ မတွေ့ရပါဘူး။ နောက် အိမ်နီးချင်း တနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံ အနေနဲ့လည်း ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ထိုင်းအစိုးရကတော့ တရုတ်နိုင်ငံနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး တရုတ်ရဲ့ လမ်းကြောင်းကို ဆန့်ကျင်မယ့် အနေအထားမတွေ့ရပါဘူး။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့လည်း ၄င်းတို့နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုတွေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပါဝင် ပတ်သက်နိုင်တဲ့ အနေအထားမရှိသလို နှစ်ရှည်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ရေးကိုသာ အာရုံစိုက်နိုင်တော့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ခြုံငုံ သုံးသပ်ကြည့်ရင် မြန်မာ့အရေးပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို လျော့နည်းလာနေပြီး တရုတ်နိုင်ငံနဲ့ အာဆီယံရဲ့ သဘောထား၊ မူဝါဒ၊ ဖော်ဆောင်မှုတွေကသာ ပြင်ပ တွန်းအားဖြစ်စေမယ့် အခြေအနေဖြစ်ပြီး ပြည်တွင်းက အင်အားစုတွေ အနေနဲ့ မိမိတို့ အင်အားနဲ့ သာ အပြောင်းအလဲကို ရှေ့ဆက်လှမ်းကြရမယ့် အနေအထား ရောက်နေတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar