ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၁ )
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၁ )
(မိုးမခ) ဩဂုတ် ၂၈ ၊ ၂၀၂၄
"ကျွန်မတို့ လမ်းထဲမှာတော့ စစ်မှုထမ်းဖို့ အမျိုးသမီးတွေကို စာရင်းတွေ လိုက်ကောက်ပြီးပြီ၊ တချို့ ကလေးမလေးတွေ အလုပ်သာ လုပ်နေရတာ ဘယ်တော့ လာခေါ်မလဲ စိုးရိမ်နေကြရတာ၊ ပြည်ပထွက်ဖို့ကျတော့လဲ တခုပြီး တခု ပိတ်ထားတော့ မလွယ်ကူတော့ဘူးလေ၊ အဲ့တော့လဲ စားဝတ်နေရေးအရ ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ပြီးပဲ အခြေအနေကြည့်နေရတာပေါ့" လို့ လှိုင်သာယာသူက ပြောတယ်။
စစ်ခွေးတွေက အလုပ်သမားစာရင်း ခဏခဏတောင်းနေတယ်။ လှိုင်သာယာမှာက အမျိုးသမီးအလုပ်သမားအများကြီး မဟုတ်လား။ ဒါတွေကို အပတ်စဉ် ၅ ခေါ်ဖို့ မြေခွေးက ယုန်ကို ချောင်းသလို ချောင်းနေတာလေ။
မိဘပြည်သူတို့၊ ခုက ရပ်ကွက်ထဲ ရွာထဲ အိမ်ထဲဝင် ပေါ်တင်လူပတ်ဆွဲ စစ်ထဲသွင်းလုပ်နေကြပြီ။ ကိုယ့်သားသမီးကို နီးရာ PDF ဆီသာ ပို့ထားပေတော့။ မုံရွာမှာ နှစ်ရက်ဆက်တိုက်ဆွဲတာ လူတရာကျော် ပါသွားပြီ။
"မြို့ထဲက လမ်းတွေမှာ ဒီနေ့ တော်တော်ဆိုးတယ်၊ စစ်ဆေးဖမ်းဆီးတာက လက်ဖက်ရည်ဆိုင်တွေထဲအထိ ၀င်ဆွဲတယ်၊ တောင်လက်ကလာတဲ့ လူငယ်တွေ ဖမ်းတယ်၊ သက်ကြီးပိုင်းတွေကိုဖမ်းပြီး ပိုက်ဆံတောင်းတယ်"။
မုံရွာမြို့ပေါ်ရပ်ကွက်တွေမှာ စစ်တပ်က အိမ်စီးကား၊ ခွေးဘီလူးကားတွေနဲ့ လှည့်ပြီး ဖမ်းတာ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုနဲ့ ကိတ်မုန့်ဆိုင်တစ်ခုက လူငယ် အမျိုးသားဝန်ထမ်းတွေကို ဖမ်းသွားတယ်။ ရွာဘက်က လာသူတွေကိုလဲ လမ်းက စောင့်ဖမ်းလို့ အလုပ်မဆင်းရဲကြဘူး။
မှော်ဘီမြို့နယ် ဘိုးချောင်းစံပြကျေးရွာက ဘုန်းကြီး ကျောင်းထဲ စစ်ကားသုံးစီး ရောက်လာပြီး ကျောင်းမှာအခြေချကာ အနီးအနားက ပသီအုပ်စု ချောင်းဝအုပ်စုကျေးရွာတွေကနေ စစ်ဥထမ်းမယ့် လူငယ်တွေ တောင်းနေတယ်။ အပတ်စဉ် ၅ အတွက်နဲ့ ပြည်သူ့စစ်လုပ်ဖို့အတွက် လူငယ်နဲ့ လူကြီးတွေ ပါဝင်ကြဖို့ အနီးအနားကရွာတွေကို ဇွတ်ဖိအားပေးလာတယ်။ ရွာသားတွေအပြင် မထွက်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်မှုထမ်းမယ့် လူမပေးနိုင်လို့ အပြင်ကို သတိထားထွက်ကြဖို့ ပြောနေကြတယ်။
မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ထူအုပ်စု၊ ကျားသေရွာမှာလဲ-
"ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဆန်းက ရပ်ရွာအတွင်းမှ ပြည်သူများကို ခြိမ်းခြောက်ပြီး စစ်ဥထမ်းဖို့ ခေါ်ဆောင်နေတယ်။ ရပ်ရွာထဲမှာ တလကို လူငယ် ၃ ဦး စစ်တပ်ထဲ ပို့ပေးနေတယ်။ သူ့လည်း ပြန်မပြောရဲဘူး။ သူ့ကို ကလန်ကဆန်လုပ်ရင် စစ်တပ် ခေါ်ဖမ်းခိုင်းတယ်။ ထောက်ပို့၊ PDF အဲဒီလိုတွေ နာမည်တပ်ပြီး ဖမ်းခိုင်းတာ"
စစ်ဥထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်လို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ အကုန် စစ်မှုထမ်းရမယ်လို့ အစည်းအဝေးခေါ်ပြီး ပြောဆိုလာတယ်၊ အစည်းအဝေးခေါ်ရင် မြန်အောင်စစ်တပ်က ဗိုလ်ကြီးကို သူ့အိမ်မှာ ခေါ်ထားသေးတာ။
"ရွာမှာ အိုမင်းမစွမ်းတဲ့ မိဘကို လုပ်ကျွေးနေတဲ့ သူတွေလဲ စစ်တပ်ထဲ ပို့နေတယ်။ အခုကတော့ စစ်တပ်ကို ခေါ်ထားပြီး ကျေးရွာနဲ့ လူထုကို ခြိမ်းခြောက်ပြီး လုပ်ချင်တာလုပ်နေတာ"။
စကားမစပ်၊ ပလအန(ပြည်သူ့လုပ်ကြံရေးနဲ့ အကြမ်းဖက်နှိပ်စက်ရေး)အဖွဲ့ဖွဲ့ပြီး တနိုင်ငံလုံးက ရလအနအဖွဲ့တွေကို လက်နက်တပ်ဆင်မှာမို့ စစ်တပ်ကို သစ္စာမခံတဲ့ အုပ်ကြီးတွေကို စတင် လဲလှယ်ပြီဆိုတော့ PDF တွေအဖို့ရာလဲ လုပ်ရကိုင်ရ ပိုအဆင်ပြေတာပလေ။ ရလအနတွေဟာ ပြည်သူ့စစ်ယူနီဖောင်းလဲ အမြဲဝတ်ဆင်ထားရမယ်ဆိုတော့ အင်း မအလက ဖရဲသီးခင်းပိုင်ရှင်များလားမသိ။
ထပ်ပြီး စကားမစပ်ပြောရရင် တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုန်း၊ ကာမီကာဇေ အသေခံဒရုန်းတွေနဲ့အုန်းတာ ခွေးငါးကောင် မဟောင်နိုင်တော့ဘူးတဲ့။ တောင်ငူလေတပ်ကတော့နော် ဒရုန်းစမ်းကွင်းကြီးကို ဖြစ်လို့။ တဖြည်းဖြည်း လေယာဥ်ကွင်းတွေလဲ မျိုးတုံးတော့မှာ။
မအလကသာ အာဏာသိမ်းပြီး ဘယ်ကို ဘယ်လိုအုပ်ချုပ်ရမှန်းမသိတာရယ်၊ TNLA ကတော့ သူနဲ့ မဟာမိတ်တွေ သိမ်းယူနိုင်ခဲ့တဲ့မြို့တွေကို ၂၀၂၅ ခုနှစ်မှာ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နဲ့ အရပ်သားတွေပူးပေါင်းပြီး အုပ်ချုပ်မယ့်အစိုးရအဖွဲ့ ပေါ်ပေါက်လာအောင် ဆောင်ရွက်မယ် ပြောပြီ။
အင်း ဒါတွေကြည့်ရင် မအလ ရူးကြောင်မူးကြောင်တွေ ပြောမယ်ဆို ပြောစရာပေါ့။ သူ့ခမျာလဲ လက်ကျန်မြို့ကလေးတွေ ချေချဘူးတယ်ရှိအောင် ကြောက်ကြောက်နဲ့ လိုက်ချနေရရှာတာကိုး။
စကားမစပ် ထပ်ပြောရရင် ကသည်းမကလေးတွေက အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း သွယ်သွယ်ပျောင်းပျောင်းနဲ့ အင်မတန်ချောတာ၊ ရွှေဘိုမင်းကြိုက်တွေပေါ့။ နှမြောစရာကောင်းတာက စစ်ကောင်စီနဲ့ သွားပေါင်းမိတာဘဲ။ နိုင်ငံရေးအမြင် အားနည်းတဲ့ ခေါင်းဆောင်ဖွတ်တကောင်ရှိပုံရတယ်။
ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အထက်ပိုင်းရှိ လောင်းမင်းရွာမှာ တပ်စွဲထားတဲ့ ခမရ ၃၀၉ ကို ဒေသခံ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်ရာမှာ အဲဒီ ကသည်းလက်နက်ကိုင်တပ်တွေကပါ စစ်ကောင်စီဘက်က ဝင်ကူတိုက်တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားတယ်။ ကသည်းတွေကတော့ ဘုံပျောက်တော့မှာ သေချာတယ်။ ကသည်းတပ်တွေဟာ ချင်းပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတချို့နဲ့ စစ်ကိုင်းတိုင်း တမူး၊ ခါမ်းပါတ်၊ ဟုမ္မလင်း၊ ရွှေပြည်အေးမြို့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ဝင်တိုက်ပေးခဲ့သလို တိုက်ပွဲအတွင်း ကသည်းလက်နက်ကိုင်တွေဆီက ရတဲ့ သက်သေတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားသတဲ့။
သပိတ်ကျင်းကတော့ ပီဒက်တွေ အိတ်တွင်းမှာဆိုသလို သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ ခရိုင်မှူး ဒု-ဗိုလ်မှူးကြီး စိုးမင်းသူကိုပါ လက်ရဖမ်းရုံမက လက်နက်ခဲယမ်းတွေကလဲ အဇမ်းအဇမ်းကို ရလာတာပါကလား။ မအလအဖို့ရာ မန်းလေးမှာ တခရိုင်လုံး ပျောက်သွားတဲ့အဖြစ်ပေါ့။ ဗိုလ်ချုပ်တွေ ခရိုနီတွေ ပအိုဝ်းဓားပြကြီးတွေပါ ပတ္တမြားရော ရွှေရော လုပ်ကွက်တွေ ကြောင်ပျောက်ကုန်တယ်။ ကရင် BGFတွေပါ ရွှေလုပ်ကွက်တွေ လစ်သွားတာဘဲ။
စစ်တပ် ဆိုတာကလဲ စောရနက္ခတ်မိတယ် ပြောရမလားဘဲ၊ စစ်ဥထမ်းဖို့သာ လိုက်ဖမ်းနေတာ၊ သင်တန်းဆင်း စစ်သားသစ်တွေကို လစာ ၅ သိန်း ၁ သောင်းပေးမယ်ပြောထားပြီး လက်တွေ့မှာ ၁ သိန်း ၇ သောင်းဘဲ ပေးသတဲ့၊ ဘယ်ကောင်တွေ ဖြတ်အုပ်တယ်မသိ။ ဒါမှမဟုတ်ရင် ကာပုက လိမ်တာလား၊ ဘတ်တာလား။ တပ်သားသစ်တွေက အချင်းချင်းတွေ့ရင် သရေကြိုးတင်းအောင်ကိုင်ချည်းပဲ ပြောနေကြတယ်တဲ့။
စစ်ဥထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို လစာနဲ့ စားရိတ် လစဉ် ၅ သိန်း ၁ သောင်းကျော်ခံစားခွင့်ပေးမယ်လို့ စစ်တပ်ထဲ မဝင်ခင်က ပွားထားတာ။ စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်လဆို ၃ သိန်း ၆ သောင်း ကျော် ကျန်မယ်ပေါ့။ လက်တွေ့က တသိန်းခုနှစ်သောင်းကျော်ဘဲပေးလို့ ငါကိုင်တုတ်နေတာတဲ့။
"လစာတွေက သူတို့ ပြောသလို အပြည့်မပေးဘူး။ လစာကိုတောင် လကုန်ပြီး ၁၀ ရက်ကျော်၊ ၁၅ ရက်လောက်မှ ပေးတယ်။ သင်တန်းတက်တုန်းက တစ်လကို ၅ သိန်း ၁ သောင်းကျော် စုစုပေါင်း ရမယ် ပြောတယ်။ တကယ် သင်တန်းဆင်းပြီးတော့ ၂၈၀၀၀၀ ပဲရမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့ကို ရှေ့တန်းပို့တယ်။ အဲဒါ အခု လစာက ၂၈၀၀၀၀ လည်းမရဘူး။ ၁ လကို ၁၇၄၀၀၀ ကျပ်ပဲ ပေးပါတယ်" လို့ ရှမ်းတောင်၊ ပင်လောင်းဘက် အပို့ခံရတဲ့ တပ်သားသစ်တစ်ဦးက ရှင်းပြတယ်။ အဆင့်ဆင့် ဖြတ်ဝိုက်ထားကြတာ။ တပ်သားသစ် ခွင်ကလဲ နောက်ဆုံးခွင်လိုမျိုးဆိုတော့ ကြိတ်ကြပြီပေါ့လေ။ တပ်မရှိတဲ့နောက် ရပ်တည်ဖို့ ပြေးဖို့ ငွေလိုတယ် မဟုတ်လား။
သက်စွန့်စရိတ် တလ ၁ သိန်းပေးမယ်ဆိုတာလဲ အပလာတဲ့။ လူပျိုတွေအတွက် ရိပ်သာ၊ အိမ်ထောင်သည်တွေအတွက် တိုက်ခန်းတွေ နေအိမ်လိုင်းခန်းတွေမှာ ရေ၊ မီး၊ အိမ်လခ အခမဲ့နေထိုင်ခွင့်ပေးမယ်ဆိုတာတွေကလဲ ရွှီးတာတဲ့။ တပ်ထဲ လိုင်းခန်းတွေမှာလဲ နေရာမချ၊ မိသားစုကိုလဲ တာဝန်ကျရာတပ်ကို လုံး၀ ခေါ်ယူခွင့်မပေး၊ ရှေ့တန်းရောက်ချိန်များဆို မိသားစုကို ဆက်သွယ်ခွင့်တောင်မပြုဘူးတဲ့။
"သင်တန်းတက်တုန်းကတော့ ရွှန်းရွှန်းဝေနေတာပဲ ပြောတာ။ သင်တန်းလည်းဆင်းရော လုပ်ချင်ရာလုပ်တော့တာပဲ။ ကျနော်တို့ကိုလည်း ၂ နှစ်လို့သာ ပြောတာ။ အခုက အိမ်ကိုလည်း ဆက်သွယ်ခွင့်မပေးဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်။ တခုခု အိမ်ကိုပြောချင်ရင် အခြားသူတွေဆီက ဖုန်းငှား၊ အခုသတင်းဌာနကိုတောင် ယုံကြည်စိတ်ချရသူတွေဆီကနေ ဆက်သွယ်တာပါ။ ပြောချင်တာကတော့ အဲဒါ ကျနော်တစ်ဦးတည်း ဖြစ်နေတာမဟုတ်ဘူး။ စစ်မှုထမ်းသင်တန်းဆင်းအားလုံး ကြုံနေရတာ"။
လစဉ် ခေါ်ယူနေတဲ့ စစ်ဥထမ်းသင်တန်းများအတွက် လူမပြည့်လို့ အသက်အကန့်အသတ်ကို ဖြေလျှော့ပြီး အသက် ၃၅ နှစ်ကျော်သူတွေကိုလဲ စစ်ထဲ ခေါ်သွင်းပြီး စစ်ဥထမ်းသင်တန်း တက်ရောက်ခိုင်းနေတယ်။
ကိုးကန့်တွေကတော့ မအလတပ်နဲ့ပြောင်းပြန်။ ပြောင်းပြန်ဆို မအလက တကန့်မှမရှိတဲ့ကောင်လေ။
ဩဂုတ်လ ၂၃ ရက်နေ့က MNDAA တပ်မတော်က ထူးခြားတဲ့ တပ်သားသစ်ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်။ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီရဲ့ ဒုတိယအတွင်းရေးမှူး Mr.Li Xinhai နဲ့ ဒေသခံ စစ်ဘက်နဲ့ နိုင်ငံရေးဌာနက တာဝန်ခံပုဂ္ဂိုလ်တွေ အခမ်းအနား တက်ရောက်ခဲ့ကြတယ်။ အခမ်းအနားမှာ ကိုမိုးထွန်း ဦးဆောင်တဲ့ ဗမာရဲဘော် ၁၃ ဦးဟာ အသစ်စက်စက် စစ်ယူနီဖောင်းများ ၀တ်ဆင်၊ ညာလက်သီးများကို ဆုပ်ကိုင်ပြီး မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှာ တရားဝင်ပါဝင်ရန် MNDAAတပ်မတော်အလံရှေ့မှာ လေးလေးနက်နက် ကတိသစ္စာပြုကြတယ်။ Mr.Li Xinhai က ကတိသစ္စာပြုပွဲ ပြီးဆုံးသွားခြင်းဟာ စစ်မှန်တဲ့ မဟာမိတ်စစ်သည်တစ်ဦး ဖြစ်လာခြင်းပဲလို့ ပြောတယ်။
၂၀၁၅ ခုနှစ်အစောပိုင်းက ဗမာစစ်သုံ့ပန်းများနဲ့ လက်နက်ချအလင်းဝင်သူများဟာလဲ မဟာမိတ်တပ်မှာ တရားဝင်ဝင်ရောက်ခဲ့ကြပြီး ဗမာရဲဘော်အချို့မှာ ကိုးကန့်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်နေပြီတဲ့။
သူတို့ရဲ့ ပူးပေါင်းပါဝင်မှုဟာ ရောင်စုံရိုးရာယဉ်ကျေးမှုကို စစ်တပ်စခန်းထဲ သယ်ဆောင်လာပြီး မတူညီတဲ့ လူမျိုးစုတွေကြား စည်းလုံးညီညွတ်မှုစိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကို တွန်းလှန်ဖို့ သန္နိဋ္ဌာန်ကို ပြသခဲ့တာလို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်တပ်ထဲကို ဝင်ရောက်သူတွေထဲမှာ စစ်ကိုင်းဘက်က လူငယ်တွေလည်းပါတယ်တဲ့။
MNDAA ဟာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံနဲ့ သိန္နီတို့ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ စစ်ကောင်စီလက်ထဲက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ မှာ လားရှိုးမြို့ကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ကနေ့အစားအစာ ကိုးကန့်လက်ဖက်သုပ်။
👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar