ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၃ )
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၃ )
(မိုးမခ) ဩဂုတ် ၃၁ ၊ ၂၀၂၄
"ဒီနေ့ တာမွေမြို့နယ် ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းထဲမှာရှိနေတဲ့ ရဲ ၃ ကောင်ကတော့ ပွဲချင်းပြီး သေတယ်။ ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်။ အခြေအနေမကောင်းဘူး" ဟု Anonymous Force (ရန်ကုန်စစ်ဒေသခွဲ - PRF) က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့လယ်က ရဲစခန်းကြီးမှာ နေရတယ်ဆိုလို့ အေးဆေးနှပ်နေရမယ် မထင်နဲ့။ မြို့လယ်ကောင်က စစ်တပ်ဝင်းကြီးထဲ ဝင်ဖို့လဲ ဘာမှခက်တာ မဟုတ်၊ အချိန်မကျလို့ မအုပ်သေးတာဘဲရှိ။
အဲဒါတွေကြောင့် သွေးရူးသွေးတန်း ခွေးရူးချေးပန်းနဲ့ ပလအန(ပြည်သူ့လုပ်ကြံရေးနဲ့ အနိုင်ကျင့်နှိပ်စက်ရေးအဖွဲ့ ဖွဲ့ပြီး နောက်ဆုံး ရမ်းခြင်းနဲ့ ရမ်းနေတာ။
အလုပ်သွားသူဖမ်း၊ စားပွဲထိုး ဝင်ဆွဲ၊ ကေတီဗွီထဲ ဝင်မွှေ၊ ရပ်ကွက်တွေထဲ သောင်းကျန်း၊ လမ်းကဖြတ်လု၊ နာမည်တပ်ခေါ်၊ ကားပေါ် ဆွဲချ လူဖမ်းပွဲကို လုပ်ချင်သလို လုပ်နေကြတော့တာ။ ခွေးစိတ်ပေါက်နေတော့လဲ လူ့တန်ဖိုး ဆိုတာ ဘာသိတော့မှာလဲ။
ကန့်ဘလူမြို့က အမျိုးသား ၁၀၀နဲ့ ကျွန်းလှက အမျိုး သား ၆၀ ကိုစစ်မှုထမ်းဖို့ခေါ်ယူမယ်တဲ့။ လွယ်လှချည်လား။ လူတွေကို ဈေးထဲက ခရမ်းချဉ်သီးဝယ်သလို တပိဿာဘယ်လောက်လဲတောင်မမေးတော့ဘဲ ဆွဲသွားတာ။ အဲဒါကို ပြည်သူ့လုံခြုံရေးတဲ့၊ အကြမ်းဖက်နှိပ်နင်းရေးတဲ့။ ပလအနတဲ့။ တကယ်တော့ ပြည်သူ့လုပ်ကြံရေး၊ အကြမ်းဖက်နှိပ်စက်ရေးဘဲလေ။
လူတွေ လိုက်ဖမ်းတော့ အလုပ်လဲ ထွက်မလုပ်ရဲ၊ အလုပ်အကိုင်ကလဲ မရှိရတဲ့ကြားထဲ ဈေးတွေကလဲ ကြီးသထက်ကြီးလာ ဖြတ်လေးဖြတ်ကပါ လုပ်တော့ ဒုက္ခအကြီးအကျယ် ရောက်တာပေါ့လေ။ အဲဒီထဲမှာ Non CDM တွေကရော သိကြားသားမို့လား၊ လစာပါ ထုတ်မရတော့ ငတ်ပြီပေါ့။ သူတို့ကျ စောင့်ရှောက်ဖေးမမယ့်သူက မရှိ၊ အချင်းချင်းလဲ မကြည့်ရှု၊ လူကြီးကလဲ ကိုယ်လွတ်ရုန်း ဗုန်းထားတာတွေနဲ့ စားသာနေသေးတယ်လေ။ အောက်ခြေက လုံးလုံးငတ်၊ ငတ်ကြောင်းလဲ မပြောဝံ့။ ပြိတ္တာ ဖြစ်တာတောင် ဆွံအပြိတ္တာ။
စစ်တပ် ဆိုတာ အထက်ဖားအောက်ဖိ ကိုယ်ကျိုးကြည့်ဝါဒနဲ့ အသားသေ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓာတ်နဲ့ ကြီးပြင်းလာသူတွေဆိုတော့ အောက်မှာ ဘာဖြစ်ဖြစ် ကြည့်တဲ့ လူတန်းစား မဟုတ်ဘူးလေ။
စကခ ၁၆ မှူး ဗိုလ်မှူးချုပ်သော်ဇင် အိမ်က ကျပ်သိန်းထောင်ချီတန်တဲ့ အရက်ပုလင်းနဲ့ ဝိုင်ပုလင်းတွေကို တော်လှန်ရေးတပ်က သိမ်းဆည်းရမိတဲ့ပုံတွေ တက်လာတယ်။ ဒါ ဗိုလ်မှူးချုပ်တယောက်ရဲ့ အရက်ဖိုးနော်။ ကျားဖြန့်ဗိုလ်မှူးချုပ်ပေါ့။ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်မှူးကြီးတွေဆို တွက်သာကြည့်။ အဲဒီလို စည်းစိမ်တွေ အပျက်မခံနိုင်လို့ လူ့အသက်တွေ အကုန်ချရင်းနေတာ။ သေသွားတဲ့ ပြည်သူ ခဏထားအုံး၊ သူတို့လူ ပျူတွေ၊ ရဲတွေ၊ စစ်သားတွေ၊ အုက်ကြီးတွေစာရင်းဘဲတွက်။ အခု စစ်မှုထမ်းဆိုပြီးထင်သလိုဆွဲခေါ်ခံရတဲ့လူတွေအသက်ကိုဘဲတွက်။ ခုချိန်ထိ သူတို့သား သမီး၊ မြေး၊ တူ၊ တူမ၊ ဦးလေး ဦးကြီး၊ ညီတွေ၊ အကိုတွေ မပါသေးဘူး။ တခြားသူတွေပဲ အသေခံခိုင်းနေတုန်း။ သူတို့ အဲလို မတန်မရာတွေနဲ့ သောက်စား ပျော်ပါးနေဖို့အတွက် တအိမ်ဝင်တအိမ်ထွက် လူဆွဲ အသေခံခိုင်းနေတာ။
မအလ အာဏာရူးလို့ မဆီမဆိုင် သေပေးနေရသူတွေဆိုတာ နေ့စဉ်နဲ့အမျှပဲ။ တနေ့ကပဲ မုံရွာမြို့ အိုးရှင်းစူပါစင်တာနား ချင်းတွင်းမြစ်ကမ်းက မြစ်ဘေးတာရိုးပေါ်မှာ ကလေးနှစ်ဦးနဲ့ လူကြီးလေးယောက် ပစ်သတ်ခံလိုက်ရတယ်။ သူတို့က ဘာမှ လုပ်လို့မဟုတ်ဘူး။
အိုရှင်းစင်တာအရှေ့ဘက် ဗိုလ်ချုပ်လမ်းဘေးမှာ အထိုင်ချထားတဲ့ အငတ်တပ်က ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ငွေတောင်းနေချိန် မြို့ပေါ်က စစ်ကောင်စီလှည့်ကင်းတပ်ဖွဲ့နဲ့တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်လို့ အနားမှာ ဆော့နေတဲ့ ငါးနှစ်အောက် ကလေးနှစ်ဦးနဲ့ အမျိုး သားလေးဦး ကျည်ထိမှန် သေဆုံးတာ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အရပ်သား ၅၅၅၅ ဦး သတ်ဖြတ်ခံရပါတယ်။
စစ်ကိုင်းတိုင်းမှာတင် ခွေးတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၇ လအတွင်း ပြည်သူ ၄၉၉ ဦး သေဆုံးပြီး ၄၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။
မွန်ပြည်သစ်ပါတီ- AD ကတော့ ပလအန ဆိုတဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ မှာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့ ပြောတယ်။
ကရင်တောမှာလဲ ရန်ကုန်ကနေ ဘားအံထိ ကြမ်းနေတယ်။
အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက် အုပ်ချုပ်ရေးမှူး မန်းကျော်နိုင်ဦးက ဧည့်စာရင်းနဲ့ နေထိုင်သူ အလုပ်သမားတွေကို စစ်မှုထမ်းမယ် ဆိုပါမှ ဧည့်စာရင်းပေးမယ်၊ စစ်မှုမထမ်းပါက ဧည့်စာရင်းစစ်ပြီး စစ်တပ်ထဲသို့ ဖမ်းဆီးထည့်သွင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး စီးပွားရေး အလုပ်ရှင်များထံမှ အကျပ်ကိုင် ငွေညှစ်နေတယ်။
"အလုံ၊ ကရင်ခြံရပ်ကွက်မှာ စစ်မှုထမ်းရန်အတွက် လုပ်ငန်းရှင်တွေဆီ လူတစ်ယောက် တောင်းပါတယ်။ မပေးနိုင်ပါက လူစားထိုးထည့်ရန် တစ်ယောက်စာအတွက် သိန်း ၃၀ တောင်းတယ်။ အဲဒီထဲက ၅ သိန်းကို လူစားထိုးဖို့ ရှာပေးတဲ့အဖွဲ့ကို ပေးရပြီး အုပ်ချုပ်ရေးမှူးက ၂၅ သိန်း ယူတယ်" ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြတယ်တဲ့။
စစ်မှုထမ်း အပတ်စဥ် ၅ အတွက် Orchid Condo မှာ နေတဲ့ ပြည်သူတွေဆီက လူငယ် ၁ ဦး တောင်းခံနေပြီး မပေးနိုင်လျှင် ငွေကျပ်သိန်း ၃၀ ပေးရန် တောင်းတယ်၊ လူရှာမရလို့ ပြည်သူတွေကလဲ သိန်း ၃၀ ပေးဖို့ သဘောတူလိုက်ရတယ်တဲ့။
အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်မှာလဲ အုပ်ချုပ်ရေးမှူး ကျော်ကျော်လွင်က ရပ်ကွက်နေ လူငယ်တိုင်းကို အတင်းအဓမ္မစစ်မှုထမ်းရန် စာရင်းကောက်တာ၊ ဖောင်ဖြည့်တာ လုပ်ဆောင်နေတယ်။
"အိမ်မှရှိတဲ့ လူငယ် ယောင်္ကျားလေးတွေကို အကုန် ရုံးကို ခေါ်ပါတယ်။ ၂ ယောက် ရှိရင် ၂ ယောက်၊ ၃ ယောက်ရှိရင် ၃ ယောက် ခေါ်ပါတယ်။ စာရင်းသွင်းခိုင်းပါတယ်၊ ဖောင်ဖြည့်ခိုင်းတာပေါ့ဗျ။ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေလည်း တောင်းပါတယ်"
ကန်ကြီးထောင့်မြို့နယ် လွစင်ဆိပ်ကျေးရွာနဲ့ အညာစုကျေးရွာ ရွာ ၂ ရွာမှာ ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အုက်ကြီးကြည်ဇော်က အသက် ၃၅ နှစ်မှ အသက် ၆၅ အထိ သက်ကြီးပိုင်းအမျိုးသားများကို ခေါ်ယူစုဆောင်းတယ်၊ ပြီးတော့ စစ်မှုထမ်းရသူများအတွက်ဆိုပြီး တစ်အိမ် ၂၀,၀၀၀နှုန်းနဲ့ ရွာ၂ ရွာလုံးရှိ ပြည်သူများထံက ငွေတောင်းတယ်။ စစ်မှုထမ်းအပတ်စဉ် ၅ အတွက်လည်း လူငယ်များကို ပေါ်တာဆွဲတယ်။
" လက်ရှိ အညာစုကျေးရွာ မှာရှိတဲ့ လူငယ်၂ ဦးကို စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အုပ်ကြီးကြည်ဇော် ဆိုသူဟာ လက်ရှိ စစ်ခွေးလက်ထက်မှာ ဝင်ရောက်လာတဲ့ ပျူစောထီး ဖြစ်ပါတယ်"
ဘားအံမြို့နယ်၊ ကော့ဂွန်း(ဘားကပ်) ကျေးရွာအုပ်စုမှာလဲ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်ရှိ အမျိုးသားများကို ကျေးရွာလုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် အမာခံအဖွဲ့ဝင် ၁၀ ဦး၊ အရန် ၂၀ ဦးနဲ့ ဖွဲ့စည်းမယ်ဆိုပြီးအစည်းအဝေးခေါ်ထားပါတယ်။
ဒီနေ့ သောက်စရာ ကျားဖြန့်ဗိုလ်မှူးချုပ်သော်ဇင်ပိုင် သိန်းရှစ်ဆယ်တန်ဝိုင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar