Breaking News

မောင်ဘဦး - "မိရိုးဖလာ နှင့် ခေတ်စမ်းကဗျာများ"

Art by Than Htay Maung

"မိရိုးဖလာ နှင့် ခေတ်စမ်းကဗျာများ"
မောင်ဘဦး
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၄

  "... လမ်းလျှောက်ပြန်လာတာလား...။ လာဗျ၊ ရေနွေးရှိတယ်။ အံမယ်...။ အမ်ပီသရီးတရားဖိုင် နားထောင်ရင်း လမ်းလျှောက်တယ်ပေါ့။ ကောင်းတယ်-ကောင်းတယ်။"

(ဖုန်းနားကြပ်ကိုဖြုတ်၊ စပီကာကိုချဲ့၊ သီချင်းကိုလိုက်ဆိုရင်းပြော)
   "×××မိရိုးဖလာ ×
    ×ကျနော်တို့တောရွာလယ်သမားတွေမှာ×××
    × မိုး× ခေါ်ကြပြန်တာ ×
    × ဗုံရှည်သံတွေ(ဟေ)×× သာ ×××

   အစစ ကုန်ဈေးနှုန်းတွေ တက်လွန်းလို့ ထွက်ပေါက်အနေနဲ့ပါ ဆရာကြီးရယ်။ ဆရာကြီးက ဒီပနီတွေနဲ့ပါလား...‌ဗျ။"

   "ဒီပနီမဟုတ်ပါဘူးဗျာ။ ဆရာဇော်ဂျီရဲ့ 'ခေတ်စမ်းကဗျာများ'စာအုပ် ပါ။"

   "ဘာလိုလိုနဲ့ 'ဝလယ်'(ဝါတွင်းကာလ အလယ်)တောင် ရောက်လာပြီ နော်။ မနေ့က သီလယူရာ မမြင်လို့။ ကျနော်တော့ ဝါတွင်း ၃ လ, ၁၃ လှည့်လေးလောက်တော့ ဥပုသ်‌ပါတ် မပျက်အောင် သွားတယ်ဗျ...။"

   "... ဝါတွင်း-ဝါပ ဥပုသ် ရပါတယ်။ အရင်အပတ်က မိုးကြောင့် ကျောင်းမရောက်တော့ဘူး။ အိမ်မှာတင် သီလယူလိုက်တယ် ဗျ။ အိမ်ကဘုရားရှေ့မှာပဲ အာမခံချက်ပေးပြီး စောင့်စည်းလိုက်တယ်ပေါ့ ဗျာ။"

   "ဗျာ... ...။ အာမခံ...။"

   "...ဒီလိုလေဗျာ။ ‌ဥပုသ်ကျောင်း သွားကြတော့ ဘုန်းကြီးက၊ 'တိသရဏေန သဟ၊ အဌင်္ဂသမ္ပန္နာဂတံ၊ ဥပေါသထသီလံ ဓမ္မံ ယာစာမိ'ဆိုပြီး၊ 'သီလတောင်း'ချပေးတယ်လေ။ နောက်က လိုက်ဆိုရတာလေဗျာ။
   'တိသရဏေန၊ သရဏဂုံ၃ပါးနှင့်။ သဟ၊ တကွ။ ဥပေါသထသီလံ ဓမ္မံ၊ ၈ပါးသီလ,ဥပုသ်တရားကို။ ယာစာမိ၊ တောင်းခံပါ၏။' 'ပေးပါ' ပေါ့ဗျာ။ ၃ ခါတိတိ တောင်းတာနော်။

   ဆရာဇော်ဂျီရဲ့ 'ထ,လော့မြန်မာ အိုမြန်မာတို့' ကဗျာထဲက 'ယာစကာမျိုး၊ တညှိုးညှိုးလျှင်၊ ပုထိုးမြင့်မောင်း၊ ကျောင်းကန်ဘုရား၊ လှည့်လည်သွားလျှက်၊ မစားလေရ၊ ဝမ်းမဝ၍၊ ဆွမ်းမျှမတင်နှိုင် ရှိမည်တည်း' ထဲက၊ 'ဆွမ်းတော် ထား၊ ဝမ်းတော်မှ အနိုင်နိုင်'ဆိုသလို၊ မြို့ရွာလူနေအိမ်တွေဆီမှာ တောင်းမရတော့လို့ ဘုရားကျောင်းကန်တွေဆီ လှည့်လည်ပြီး တောင်းကြရတဲ့ 'ဖုန်းတောင်း ယာစကာ'တွေလို၊ ဒုတိယမ္ပိ,တတိယမ္ပိ၊ ၃ကြိမ်၃ခါတိတိ၊ ပေးပါပေးပါ တောင်းခံ။ ပြီးတော့မှ 'အာမဘန္တေ'၊ အာမခံပါ၏၊ အာမခံထားခဲ့ကြတယ် လေဗျာ။ ပြီးတော့ နမောတဿ ၃- ကြိမ်နဲ့ သရဏဂုံ ၃ ပါးကိုလည်း ၃- ခေါက်တိတိ၊ 'ဂစ္ဆာမိ'ခဲ့ကြပြီး၊ 'အာမဘန္တေ'၊ အာမခံကြပြန်ရော။
   ဟော...။ နောက်ဆုံးမယ် လိုက်နာစောင့်ထိန်းရမယ့် သီလ ၈-ပါး ချပေးတော့ နောက်ကလိုက်ဆိုပြီး၊ 'အာမခံပါ၏'ခဲ့ကြတာကို ပြောတာပါ။"

   "အဲဗျာ။ ပင်စင်နာဖြစ်တာတောင် ကြာလှပြီ၊ ခုမှပဲ လင်းတော့တယ်၊ ကျေးဇူးတင်ပါတယ် ဗျာ...။"

   "... ကျေးဇူးတရား တင်ရှိသွားပါတယ်ပေါ့။ ဟုတ်လား၊ ကိုယ့်ဆရာရ။"

   "ဟာ...။ ဒီနေ့တော့ နောက်ကလိုက်ပြီး အာမေဋိတ်အံ့ဩဝမ်းသာ၊ 'ဟာ' တွေချည်းပါ ဆရာကြီးရာ။ 'ကျေးဇူးတင်ပါတယ်'ရဲ့ အဓိပ္ပာယ်ကို သိသလိုလိုနဲ့ ရေလဲသုံးနေတာ၊ ခုမှပဲ အလင်းရတော့တယ်။ 
   လမ်းမှာတောင် ချာတိတ်လေးတယောက်၊ ကျုပ်ရှေ့တင် စက်ဘီးစီးရင်း လဲသွားလို့ စက်ဘီးလေး ထောင်ပေးတော့၊ 'ကျေးဇူး,ဘကြီး'ဆိုပြီး စီးချသွားလေရဲ့။ လိုရင်းတိုရှင်း၊ အတိုအနံ့ ကြိုက်ကြလွန်းတဲ့ ခေတ်ကိုး ဗျ။ ကိုယ်‌ပြောတဲ့အဓိပ္ပာယ် ကိုယ်နားလည်ပါ့မလားတော့ မသိဘူး။"

   "... ခုနစကား ဆက်ဦးမယ်ဗျ။ အဲသလိုအာမခံချက်ယူပြီးတော့ နောက်ဆုံးပိတ်မယ် 'အပ္ပမာဒေန သမ္ပါဒေထ'၊ 'မင်းတို့ မမေ့ကြနဲ့' တဲ့ဗျ။ သတိထပ်ပေးလိုက်တာ။ 'အာမခံထားတယ်နော်၊ မေ့မနေကြနဲ့ဦး'... ပေါ့ဗျာ။

   "ဟာ... ။ ဆရာကြီးပြောမှ ကြက်သီးတောင် ထ,မိတယ်။ ဝန်ထမ်းဘဝ ကောင်လေးတစ်ယောက်ကို 'ပီ-အီး-ဒီ-အီး'ဝင်တုန်းက၊ သူ့မှာ မိသားစုက များ၊ အလုပ်က သူတယောက်ထဲပဲ ရှိတာမို့၊ 'ခံဝန်ချက်လက်မှတ်' ပဲ အထိုးခိုင်းပြီး အလုပ်မဖြုတ်ခဲ့ဘူး။ နောက်ထပ်လုပ်ရင်တော့ ကျုပ်က တန်းဖြုတ်ရမှာ ဗျ။ နောက်ထပ်လည်း ဆက်မလုပ်တော့ပါဘူး။ 'ခံဝန်ချက်' ကြောက်တာကိုးဗျ။

   ရ-ဝ-တ တို့, အုပ်ချုပ်ရေးမှူးတို့,စခန်းမှူးတို့ဆီ ခံဝန်ချက်ကျတော့ သည့်ထက်ပိုပြီး ကြောက်လိုက်ကြတာဗျာ။ ဘုရားကျတော့ အိမ်တောင် ပြန်မရောက်သေးဘူး၊ ဥပုသ်ကျိုးတော့တာပဲဆရာကြီးရယ်။ အံမယ်၊ ကိုကြီးကျော်တို့, မောင်တင့်တယ်တို့, မင်းညီနောင်တို့, ဦးရှင်ကြီးတို့ကိုလည်း ကြောက်ကြသေးသဗျ။"

   "ဟဲဟဲဟဲ...။ ဒါပေါ့ဗျ။ အိမ်ရောက်တော့ကော။ ဥပုသ်ကြီးနဲ့၊ အရောအနှောနဲ့ မစစ်တဲ့ဆီကို မပြည့်တဲ့ခွက်ကြီးနဲ့, ပန့်ကြီးနဲ့, ကတ္တားကြီးနဲ့၊ ချင့်ရောင်းလိုက် ချိန်ရောင်းလိုက်။ လက်ထဲ ပစ္စည်းရှိရက်နဲ့ တက်ဈေးကြောက်လို့ 'ပစ္စည်းက ပြတ်နေတယ်' လိမ်ပြောလိုက်နဲ့။ 'အာမခံ'က နာရီပိုင်းတောင် ခံပါ့မလား...။"

   "အဟုတ်ပါပဲ ဗျာ။ မိရိုးဖလာ...၊ မိရိုးဖလာ...။ အဓိပ္ပာယ်မသိပဲနဲ့ လုပ်လာခဲ့ကြတာ။"

   "လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယ-မိဘတွေရော၊ ကျုပ်တို့ ဆရာတွေရော၊ ဘာသာရေးခေါင်း ဆောင်လို့ခေါ်ရမယ့် ဘုန်းကြီးတွေရောပေါ့ဗျာ။ သွင်သင်မှူ့ မဲ့ခဲ့ကြ၊ မရှိခဲ့ကြ၊ အားနည်းခဲ့ကြတာကိုးဗျ။
   ကျုပ် ကျောင်းအုပ်ဘဝတုန်းက၊ ကလေးတွေစာမေးပွဲစစ်မယ့်နေ့ရဲ့ အရင်တရက်မှာ ခုံတွေစီခိုင်းတော့ တချို့မိဘတွေက ဒါတွေသိလို့ ကျောင်းမထည့်ချင်ကြဘူးဗျ။ ကျုပ်လုပ်တုန်းက ကျောင်းလုပ်သားတို့ ဒရ ဝမ်တို့ဆိုတာ မရှိသေးဘူးလေ။ ဒါဟာ ကလေးတွေရဲ့စုပေါင်းဆောင်ရွက်လိုစိတ် အချင်းချင်းယိုင်းပင်းကူညီလိုစိတ်, ပရဟိတစိတ်ဓါတ်ကို မိဘတွေက တားမြစ်လိုက်တာ ပဲဗျ။ အောင်မယ်...။ ကလေးချင်း ရန်ဖြစ်ကြရင်၊ အိမ်ကမိဘက၊ 'နောက် ဒီလို ခံလာရရင် အိမ်ကျ အရိုက်...။ ပြန်လုပ်ခဲ့'...တဲ့ဗျ။ ရွှေမြန်မာမိဘတွေရဲ့ သွင်သင်လိုက်ကြပုံက။ အညာမှာ ပြောတာပါနော်။ ဟိုး မန္တလေး,ရန်ကုန်မြို့ကြီးတွေတော့ တာဝန်မကျဖူးလို့ မသိပါဘူးဗျ။"

   "ကျုပ်တောင် စောစောက 'အခြေခံပညာ' အဓိပ္ပါယ်ကို မသိတော့ သားသမီးတွေကို စာတွေရေးနှိုင်ဖတ်နှိုင်မှ ဟုတ်တယ်ထင်ခဲ့တာ ဗျ...။

   တလောက အမေရိကန်သမတ သေနတ်နဲ့အပစ်ခံရတဲ့ ဗီဒီယိုဖိုင် ကြည့်လိုက်တော့၊ မဲဆွယ်ဟောပြောပွဲလူအုပ်ရဲ့ အပြင်ဖက်မှာ ကလေးလေးက သေနတ်သံကြားလို့ နားကို လက် ၂ ဖက်နဲ့ပိတ်၊ ခေါင်းငုံ့ပြီး ဒူးထောက် ကုန်းချလိုက်တာ မြင်လိုက်ရတယ်။ 'သူတို့ဆီမှာ 'ဘေးအန္တရာယ်' ကျရောက်ခဲ့ရင် ဘာလုပ်ရမယ်ဆိုတဲ့ အခြေခံ ပညာကို ငယ်ငယ်ကတည်းက သိနေကြတာကိုး' ဗျ။

   ကျုပ်ဖြင့် တလောလေးကတင် အိမ်ဝင်းထဲ လမ်းလျှောက်နေတုန်း သေနတ်သံကြားလိုက်တော့ လန့်ဖျန့်မှင်သက်မိပြီး ဒီအတိုင်းရပ်နေမိသဗျ။ နားပိတ်ဖို့တို့ လှဲချဖို့တို့ လုံခြုံတဲ့နေရာဆီ ပြေးသွားဖို့တို့ မသိခဲ့ပါဘူး။ ဘယ်နေရာ လုံခြုံတယ်ဆိုတာတောင် ဖုန်းထဲမှာ အယ်နျူဂျီ သတိပေးချက်တွေ ကြည့်လို့ သိရတာပါ။
   ကျုပ်တို့ဆီတော့ဗျာ၊ စာမှ စာ။ ငယ်ငယ်ရွယ်ရွယ် ပါဝါမျက်မှန်လေးတွေနဲ့။ ဒါမှ 'ဟုတ်သနဲ့' ကိုးဗျ။"

   " ဆွမ်းခံကိုယ်တော်လေးတွေအထိ၊ မျက်မှန်လေးတွေနဲ့လေဗျာ။ စာမှ စာပဲ လေ။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ နောက်ဆုံးပိတ် စည်းကမ်းချက်ကို ပထမ၊ ပထမဆုံး စည်းကမ်းချက်ကိုကျတော့ နောက်ဆုံး ပိတ်'၊ ထားကုန်ကြပြီလေ။ (*)
   အနေအထိုင်တို့ လက်တွေ့အကျင့်တို့က ပါမလာဘူးဗျ။

   ပါ,ပါရဲ့။ ကိုယ်တော်တချို့။ တရားအဟော...။ တယ်ကောင်းလှ ဆိုပဲဗျ။ အာနာပါဏကမ္မဌာန်းထဲက၊ 'လုံးစုံလင်းရာ တ-၌သာ၊ စ-မှာ ငြိမ်းစေဘိကို၊ ရှင်းရှင်းလင်းလင်းသိလိုပါတယ်ဘုရား' ဆိုတော့၊ စိတ်ဆိုးတဲ့ မျက်နှာ ကြီးနဲ့၊ 'ကျုပ်တို့က ပရိယတ်သမားတွေ။ ပရိယတ်က ဘယ်လောက်ထိ အရေးကြီးသလဲ ဒကာကြီးသိလား။ ပရိယတ်မရှိရင် ခင်ဗျားတို့ ပဋိပါတ် မရှိနှိုင်ဘူး။ ကွယ်သွားမယ်။ ဘာညာ ခပ်ငေါက်ငေါက် ပြောတော့တာပဲဗျို့။ ဒီမိုကရေ- မစိတစီခေတ်က မန်းမြို့တော်ဝန်ကိုတောင် ငေါက်မှတော့ ကျုပ်လို မူအုပ်ပင်စင်နာ၊ ဘာနေလိမ့်တုန်းဗျ။ သူ့နောက်မှာက တရားကန်တော့ပွဲသိမ်းမဲ့ ဒကာဒကာမတွေရော၊ စက်သမား,ကပ္ပိယတွေရော၊ တရားထောက်တွေရော၊ လိုက်လာကြတာဗျာ...။ အဖွဲ့ကလည်း တယ်တောင့်သကိုး။ အံမယ်...။ တရားပွဲမစခင် ကျုပ်တို့အညာထုံးစံ 'နှဲပြားကြီး'(**) ကိုတောင် အပိတ်ခိုင်းပြီး၊ သူ့ဘွဲ့အမည် ပါတဲ့ သူ့မူပိုင်လိုဂိုသီချင်း ‌ဖွင့်တာခင်ဗျ။ 

   'နွားနို့အရသာ နွားကျောင်းသားက မခံစားရရှာသလို'ပေါ့။"

   "အာ...ဆရာကြီး။ အဲဒါ ဘုရားလက်ထက်က နွားကျောင်းသား နော်။ ခုခေတ် နွားကျောင်းသားကတော့ နွားနို့ပွဲရုံ, နို့ချက်ရုံတွေဆီ ဆိုင်ကယ်ကယ်ရီဘေး၂ ဖက်က နို့ပုံးကြီးတွေနဲ့ ပို့တောင်နေကြပြီလေ။ 'ရွှေမန်းတင်မောင်'ထဲကလို၊ '××× မြန်မာနိုင်ငံတော်ဝယ်× မင်းသူဌေးကုန်သည်× လယ်ပိုင့်ရှင်လယ်သမား(အာဟာ) ×ဆင်းရဲ သားမကျန်ပေ×' (လေသံ နှိမ့်လျက်) ဝန်ထမ်းတွေထိ အကုန်၊ သူခိုးနဲ့ အလိမ်အကောက်တွေချည်းပါ ဆရာကြီး။"

   "ဒီဂျီ -ပင်စင်နာကြီးက ဘယ်ဆိုးလို့လဲ။ ဒါတော့ ကိုယ့်ဆရာက အသိဆုံး နေမှာပါ။ ကျုပ်အယူအဆက တော့ 'သူခိုးလက်သင့်ခံ'တွေက အဓိက ဗျ။ လယ်တီဆရာတော်ကြီး 'နွားမေတ္တာစာ'ထဲကလိုပေါ့။ 'ဝယ်သူက မူလ၊ ရောင်းသူက ဘူတ၊ ဝယ်သူများမှ၊ ရောင်းသူ ရွှင်၊ ရောင်းသူရွှင်လို့ တွင်တွင်သတ်' ဆိုသလို သူခိုးအပြင် 'သူခိုလက်သင့်ခံတွေကိုပါ ထိထိရောက်ရောက် အမိဖမ်း အပြစ်ပေး၊ ပြည်သူတွေကလည်း သူခိုးလက်သင့်ခံတွေကို ဆိုရှယ်ပန်းနစ်ရှ်မင့် လုပ်ကြရမယ်ဗျ။ ဘာသာရေးခေါင်းဆောင်တွေပါ ပါရမှာနော်။ ခုဟာက ခိုးလို့ဖြစ်ဖြစ် တိုက်လို့ဖြစ်ဖြစ် မတရားချမ်းသာတဲ့ သိန်းရာထောင်ချီလှူတဲ့သူကျတော့၊ 'ဒကာကြီး ရှေ့ကိုကြွ...။' ရိုးရိုးသားသားချွေးနဲစာနဲ့ နည်းနည်းပဲလှူတဲ့သူကျတော့ အရေးတောင်မလုပ်။ ဒီလိုတော့ မဖြစ်သင့်ပေဘူး ဗျ။"

   "ဝန်ထမ်းဆိုလို့၊ အဲမယ်...။ ဟိုကောင်တွေကတော့၊ ပြည်သူတွေ,ဝန်ထမ်းတွေရဲ့ စာရိတ္တကျတော့ ဖျက်ဆီးပြီး၊ သူတို့ကိုယ်သူတို့ကျတော့ ဝန်ထမ်းမဟုတ်ဘူး ဆိုသဗျ။ စတန်းဒပ်အာမီကြီးက ကောင်တွေ လေ။"

   "သူတို့ကတော့ သူခိုး-ငတို-လူလိမ်လောက်တင် မက၊ ဓါးပြအကြီးစားတွေမို့ နေမှာပေါ့လေ။ 'ဝစီကံနှုတ် ထွက်'ကို ကြည့်ပါလားဗျ။ 'ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး'တို့။ 'အာဏာသိမ်းပစ်လိုက်ရမလား'တို့၊ 'မလုပ်ရဲတာ ဘာမှ မရှိဘူး'တို့။
   'ကာယကံ'ဖက်က ကြည့်ဦးမလား။ ပြည်သူတွေကို ပြန်ပေးဆွဲ၊ သိန်းရာထောင်ချီ အရွေးခိုင်း၊ လူသတ်, မုဒိမ်းကျင့်, နေအိမ်တွေ မီးရှိူ့။ လူသတ်တာတောင် အပိုင်းပိုင်းခုတ်ထစ်။ ဘာတဲ့။ 'ဘီလူးစစ်ကြောင်း' ဆိုလား။ တကယ့်ကို 'ဗဲရီးဗဲရီး-လိုးဝက်စ်-စတန်ဒပ် အာမီ'လေဗျာ။"

   "အဲဒီ 'ဘီ-လူး'က အခုတော့ ပီဒီအက်ဖ်,ကလေးတွေနဲ့တွေ့လို့ 'ဘလူး'၊ ပြာနှမ်းသွားပါပြီ ဆရာကြီး... ။"

   "စကားမစပ်၊ အရင်ဥပုသ်ပတ်က သီလယူပြီး ရွာကို တညအိပ် ရောက်ခဲ့သေးတယ်ဗျ။ မီးဘေးသင့်တွေကို တိုက်ပန်းကန်လေးတွေ သွားလှူရင်း။ ဥပုသ်စောင့်တော့ ညစာအတွက်လည်း မလိုတော့တာနဲ့...။ ရောက်တဲ့ညပဲ စခတွေဝင်လာတယ်ကြားလို့ ကျောင်းထဲပြေးကြရသဗျ။ ၂ နာရီ,၃ နာရီလောက်တင် ကြာမှာပါ။ ဝင်တာ မဟုတ်ဘူး၊ ကင်းပုန်း ဝပ်တာတွေကို ပြန်ခေါ်တာဆိုလား။"
   "‌ပြေးရင်း ဘုန်းကြီးကျောင်းထဲရောက်တော့ ရွာကလူတွေ တော်တော်များများတောင် ရောက်နေကြပြီ။ ဒါနဲ့ နေရာလွတ်လေးရှိတဲ့ဆီ ဝင်ထိုင်မယ်လုပ်တော့၊ 'ဦးကြီး အဲဒါ သူများနေရာ'... တဲ့ဗျ။ ခါးတဝက်လောက်က ကြိုးချည်ထားတဲ့ ဆာလာအိတ်လေးတော့ ဘေးမှာ ချထားတာ မြင်ရဲ့။ 'စခတွေမရှိတော့ဘူး၊ ပြန်ကြစို့' ဆိုတဲ့အထိ အဲသည့်နေရာပိုင်ရှင်က ရောက်မလာဘူးဗျ။ ကျုပ်ဖြင့် အံ့ဩသွားသဗျာ။ ဘုန်းကြီးကျောင်းလို နေရာမျိုးမှာတောင် နေရာအပိုင်စီးထားတတ်တဲ့ ရွှေညာသူရွှေညာသား တွေကိုလည်း ဩချမိပါရဲ့။ မျှဝေသုံးစွဲမှူက 'ဇီးရိုး'ပဲ ဆရာကြီးရာ။ ဘာတဲ့၊ အရင်က ဆရာကြီးရွတ်ပြတဲ့ 'သာရဏီယတရား ၆ -ပါး' လေ။

   'မျက်မှောက်မျက်ကွယ်၊ ဤနှစ်သွယ်မှာ၊
   မေတ္တာ ပွားများ၊ ကံသုံးပါးနှင့်၊
  သီတင်းသုံး အတူနေ၊ ပုဂ္ဂိုလ်တွေနှင့်၊ အညီအမျှ၊ ပေးဝေငှလျှက်၊
   မကျိုးမပေါက်၊ သီလစောင့်လျှက်၊
   အယူတရား၊ မှန်ကန်ငြား၊
   ၆-ပါး သာရဏီယ။'

   "ဒုက္ခသည်အချင်းချင်း အိတ်ဆွဲယူသွားတာတို့၊ စခတွေဝင်လို့ ပြေးကြတော့ ရွာထဲလူမရှိချိန် နေအိမ်ဝင်ခိုးတာတို့၊ ဆိုလာပြား ဖြုတ်မ,သွားတာတို့ဆိုတာတွေကို အမြဲကြားနေရတာပါ။ ကိုယ့်ရပ်နဲ့ ကိုယ့်ရွာမယ် ကာကွယ်ရေး,လုံခြုံရေး,အုပ်ချုပ်ရေး အဖွဲ့တွေဖွဲ့ပြီး၊ ထိန်းသိမ်းကြရမှာပါ။ ကာကွယ်ရေးကောင်း, လုံခြုံရေးကောင်း, အုပ်ချုပ်ရေးကောင်းတဲ့ ရွာတွေကတော့ တော်လှန်ရေးကာလ, တည်ဆောက်ရေးကာလတွေမှာ သိပ်'နာ'မှာ မဟုတ်ပါဘူး။ အဲ...။ ပ ၃- လုံး မရှိတဲ့, ပ ၃ -လုံး ညံ့ဖျင်းတဲ့ ရွာတွေကတော့ နာကြရမှာပါပဲ။"

   "နေရာမှတ်ကြတာတော့ ဟိုးအရင် ဗလာပွဲတွေမှာ ဖျာနေရာ ပွဲဝင်းခုတင်နေရာ 'ဦး'ကြတာလောက်ပဲ ရှိတာပါ။ ဒါလည်း ပွဲကော်မီတီက မဲစနစ်နဲ့ နေရာချပေးတော့ ပြဿနာမရှိလှပါဘူး။ တခု သတိပြုဖို့ကတော့၊ ခေတ္တခဏနေစရာလေးတောင် မှတ်ထားတယ်၊ ဦးထားတယ်ဆိုမှတော့ ကျန်တဲ့ ဝတ်ရေးနဲ့ စားရေးကိစ္စတွေဆို ပိုဆိုးပြီပေါ့။ အဲ့လို ပုဂ္ဂိုလ်မျိုးကို ကျန်အားလုံးက ညီညီညွတ်ညွတ်နဲ့ 'အက်စ်-ပီ', 'ဆိုရှယ် ပန်းနစ်'ကြပေါ့။"

   "ခက်တာက အဲဒီ နေရာမှတ်ထားတဲ့သူက ဦ္ဇင်းကြီးရဲ့ နှမတွေ တဲ့ဗျ။ ကျောင်းကလည်း တကျောင်းထဲရှိတော့ ဦ္ဇင်းကြီးဩဇာ မလွန်ဆန်နှိုင်ရဲကြပေဘူးပေါ့ဗျာ။"

   "ဒီမှာ သတိပြုစရာက 'အက်စ်-ပီ' မှာ ကြားနေဆိုတာ လုံးဝမရှိရပါဘူး။ ရှိခဲ့ရင် သူသည်လည်းပဲ နေရာမှတ်တဲ့သူနဲ့ တဂိုဏ်းထဲပဲ။"
   "ဘုရားလက်ထက်က ကျောင်းခွဲဘယ်နှစ်ကျောင်းရှိခဲ့လို့လဲ ဗျာ။ ဇေတဝန်တို့, ဝေဠုဝန်တို့, ပုဗ္ဗာရုံတို့, ကုသိန္နာရုံတို့ဆိုတာကလည်း၊ သူတလူ ငါတမင်း မဟုတ်ကြပဲ၊ တဆူတည်းသော ဘုရားရဲ့ ရွှေလက်ထက်အောက်မှာချည်းပဲ ဗျ။"
   "အက်စ်-ပီမှာ ရာထူးရာခံ,ဆွေမျိုးရင်းချာ,ဆရာဒကာဆိုတာ မရှိဘူးဗျ။ ဘုရားပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် ရဟန္တာမထေရ်မြတ်ကြီးတွေကိုယ်တိုင် မခေါ်မပြော, အရေးမလုပ်အဖက်မလုပ်ပဲ အက်စ်-ပီအလုပ်ခံရတဲ့သူက ဘုရားရဲ့ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်လေဗျာ။ 'ဘုရားဖွားဖက်တော်မို့ ဘုရားမျက်နှာ ထောက်ကြဦးမှပဲ' ရှိခဲ့ကြသလား။ တညီတညွတ်ထဲပဲ ဒဏ်ခတ်ကြတာ မို့လား။ 'ကြားနေ'ကော၊ ပါလို့လား။"

   "သံဃာတွေ သင်းကွဲကြလို့ 'ပလလဲတော'ထဲကို ဘုရားရှင် တပါးတည်းကြွသွားတော့ရော။ အာဠဝီ-သာဝတ္ထိမြို့သူမြို့သားတွေက 'ဒီရဟန်းတွေ သူတို့အလုပ် သူတို့လုပ်နှိုင်အောင်၊ ဆွမ်းတွေကွမ်းတွေ လိုလေသေးမရှိ၊ လှူကြတန်းကြပါဘိရက်ကနဲ့၊ ကိုယ့်အလုပ်ကိုယ် မလုပ်ကြပဲ၊ သောက်စကားများကြလို့ ဘုရားရှင်ကို ဝါတွင်း ၃ လပတ်လုံး မဖူးရ,မမြင်ရဘူး။ ဒို့လှူတဲ့ ဆွမ်းတွေကွမ်းတွေ စားတော့မယ်လုပ်တုန်းကတော့ဖြင့်...၊

   'ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊
   မြူး,ရယ်,မာန်ကြွ,လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး။
   လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျှက်၊
   အသက်မျှတမ်း၊ မမောပမ်းငြား၊ 'ဘုရားသာသနာ၊ ကျင့်၂-ဖြာ'ကို၊ ကျင့်ပါနိုင်စေ။
   ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊
   ယာပိုထ်မျှလစ်၊ ခမ်းသိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း'၊ မျက်စေ့ကြီးစုံမှိတ်ပြီး အသီးသီးအသကအသက ရွတ်ဆိုကြလို့ အဟုတ်မှတ်နေ၊ ဒီလောက်တောင်ရှိလှ၊ ဆွမ်းမလောင်းကြနဲ့တော့ဟေ့' ဆိုတုန်းကရော...။

   ငါနဲ့ရင်းနှီးတဲ့ ကိုယ်တော်, အိမ်ရှေ့ ဆွမ်းအမြဲရပ်တဲ့ကိုယ်တော်, ထိုင်ကိုယ်တော်, မော်တော်ပီကယ်ဖမ်းတုန်းက လိုက်ပြောပေးတဲ့ကိုယ်တော်, စခဆွဲလို့ သိန်း ၅၀၀နဲ့ လိုက်ရွေးပေးတဲ့ကိုယ်တော်, အရင်းအနှီးလုပ်ဖို့ ဘယ် လောက်ကြီးတောင် ထောက်ပံ့ခဲ့တဲ့ကိုယ်တော်,ရယ်လို့ကော...။
   ဘယ်အပါးမှ ဆွမ်းမလောင်းကြပါဘူး။ ညီညွတ်လိုက်ကြတာ ဗျာ။
   'သင်္ကန်းက ရှိသေး၊ ဒို့တော့ ငရဲကြီးမှာကြောက်ပါ့'ဆိုတဲ့ ကြားနေတဲ့သူလည်း မရှိပါဘူးဗျာ။"
   "ကျုပ်တို့ အညာမယ် ကျုပ်ငယ်ငယ်တုန်းက မိသားစုဆွေမျိုးတသိုက်ရဲ့ အက်စ်-ပီ၊ ကျေးရွာအလိုက် အက်စ်-ပီ၊ ဆိုတာ ရှိတယ်ဗျ။

   'မျိုးရိုးက လက်ခပ်ဆော့ဆော့နော်၊ သွားများ မစ,လေနဲ့'တို့၊
   'အမလေး... ငါ့သမီးရယ်၊ မျိုးရိုးကိုက သူများမလိမ်ရ-ကိုယ့်ပေါင်ကိုယ် ဆွဲလိမ်တဲ့မျိုးရိုး၊ စိတ်များမကူးလိုက်ပါနဲ့'တို့၊
   'ရပ်ရွာဆုံးဖြတ်ချက်ကို မလိုက်နာဘူး၊ သာရေးနာရေး မသွားကြေး'တို့၊  'မင်္ဂလာဆောင် ခဲဘိုး(ဂဲဘိုး)မထမ်းဆောင်လို့ အပျိုခေါင်း/ကာလသားခေါင်းက ပြစ်ဒဏ်ပေးတယ်'တို့ ပေါ့ဗျ။"

   "ဆရာဇော်ဂျီရဲ့ 'ခေတ်စမ်းကဗျာများ' ဆိုလို့၊ ခုနက ဆရာကြီးရွတ်ပြတဲ့ 'ထလော့မြန်မာ'ကတော့ ခုထိ ရ,နေတုန်းပါပဲ။ ထကြွကြလော့၊ နိုးကြားကြလော့က အစချီပြီး ဆော်ဩသွားလိုက်တာ ဗျာ။"

   "နေဦးဗျ။ ဒီကဗျာထဲမှာ ပြုပြင်ပြောင်းလဲစရာတွေ ပါနေတာကို သတိပြုမိရဲ့လား။"

   "ဗျာ...။ ကျောင်းသားဘဝကတည်းက အာဂုံဆောင်အလွတ်ကျက်၊ အလုပ်ထဲရောက်၊ အရာရှိကြီးဖြစ်၊ ပင်စင်နာအထိ၊ သတိမထားမိပါဘူး ဆရာကြီးရယ်။ လင်းစမ်းပါဦး။"

   "လွတ်လပ်ရေး ခေတ်ဦးကာလ၊ ပြန်လည်တည်ဆောက်ရေး ကာလမှာ ဆရာဇော်ဂျီတို့ ဆရာကြီးမင်းသုဝဏ်တို့ဟာ မိရိုးဖလာ အမှားကြီးတွေကို တော်တော်ကြီး ထောက်ပြ ပြင်ဆင်ပေးပြင်ဆင်ခိုင်းခဲ့ကြသဗျ။ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ တခဲနက် ပြုပြင်‌ပြောင်းလဲခဲ့ကြလို့၊ အဲသည်အချိန်က မြန်မာဟာ အရှေ့တောင်အာရှမှာ ပထမဆုံး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွေဘာတွေနဲ့၊ ဘောလုံးဆိုလည်း အရှေတောင်အာရှမှာ ထိပ်တန်း။ စင်္ကာပူကတောင် မြန်မာကို အတုလာယူကြရသဗျ။

   ဟို မအိန်လုံးတွေ စစ်အာဏာလည်းသိမ်းရော ခုမြင်တဲ့အတိုင်း၊ အရာရာ ချွတ်ခြုံကျ၊ 'ဓါးမနောက်ပိတ် ကွင်း' ဖြစ်ရတော့တာပါပဲဗျာ။ ဗိုလ်ချုပ်ကြီး,ဗိုလ်ချုပ်မှူးကြီးတွေကတော့ မီလျံနာဘီလျံနာ သာမက၊ တြီလျံနာအထိ ချမ်းသာကုန်ကြတော့တာပါပဲ။"
   ဆရာကြီးမင်းသုဝဏ်ရဲ့ 'သပြေသီးကောက်' ကဗျာထဲမယ်၊ 'မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့၊ မြွေနဂါးတောင် ကြောက်ဖူးကွယ်၊ ဒို့လည်းကြောက်ပေါင်အတူသွားစို့...၊'ဆိုတာများ။ 'သရဲကြီး...'တို့၊ 'ဂုံးမဲကြီး...'တို့၊'စလောင်း ဖုံး ၂ ချပ်တီးရင် ကျားကြီးကိုက်လိမ့်မယ်'တို့၊ ကလေးတွေမကြောက်ကြောက်အောင် မိရိုးဖလာ ခြောက်လှန့်ထားခဲ့တာတွေကို၊ 'ဂျိုနဲ့မို့လား ကွ'။ 'နဂါးကြီးတောင် မကြောက်ဖူး'။ 'အေး၊ ဟုတ်တယ်ကွ။ ဒို့လည်း မကြောက်ဖူးဟေ့၊ အတူတူသွားကြစို့။'လို့ ကလေးဘဝကတည်းက တော်လှန်ပစ်လိုက်တာ ပါပဲ။

   ဆရာကြီဇော်ဂျီဆိုရင်၊ 'ဒို့တိုင်းပြည်လောက် ဘုရားတွေစေတီတွေ ပေါလိုက်တာကလည်း လွန်ရောကွာ။ နောက်ထပ်နောက်ထပ်‌လည်း အသစ်အသစ်တွေ တည်နေကြတုန်း။ ဒါထဲကတောင် မွဲလိုက်တာကလည်း လွန်နေရောပဲ။ စေတီဘုရားတည်တိုင်းသာ ချမ်းသာကြရင် မွဲစရာအကြောင်း တစက်မှ မရှိဘူး။ တခုခုတော့ လွဲနေကြပြီ။ မှားနေကြပြီ။ လွဲနေမှားနေတာတွေကို သိအောင်လုပ်ပြီး၊ အလွဲအမှားတွေကို ထကြွတော်လှန်ပစ်ကြ' လို့ ပြောနေသလိုပဲဗျ။"
   "တကယ်က သမ္ပဒါတရား ၄-ပါးနဲ့ ပြည့်စုံ‌ရင် ဘုရားတည်တည်မတည်တည်၊ ဗုဒ္ဓဘာသာဝင်ဝင် မဝင်ဝင် ချမ်းသာမယ်လို့ ဟောခဲ့တာဗျ။ သာသနာဆိုတာ အဆုံးအမ ဗျ။ ဘုရား အဆုံးအမတွေသာ လိုက်နာနေ။ ဘုရားသာသနာထဲ ရှိနေတာဗျ။ ဘုရားအဆုံးအမနဲ့ အံချော်နေလို့ကတော့ သာသနာ့ အပြင်ဖက် ရောက်နေတာပါပဲ။"

   "အစစ်ပေါ့ ဆရာကြီးရယ်။ တလောကတောင် နပတမှာရုပ်ပွားတော် အကြီးကြီးတည်လိုက်သေးဗျာ။ အဲ...။ အနေကဇာလည်းတင်ပြီးရော တက်လိုက်တဲ့ ကုန်ဈေးနှုန်းတွေ။ အကြီးအကျယ်ပဲဗျာ။ တာဝတိံသာ ဟိုဖက်တောင် ကျော်သွားသေးဗျား။ သေလိုက်တဲ့ ပြည်သူတွေ၊ စစ်ခွေးတွေ။ သောက်သောက်လဲပဲ။ လွဲမှားတာက တော့ ဧကန် အမှန်ပါပဲဗျ။"

   "တောင်တန်းဆရာတော်ကြီးက၊ 'ပရိတ်ရေ ပွက်တာ ကိုယ့်ကိုယ်၌ကလည်း သီလလုံနေမှ...တဲ့။ စားပွဲပေါ်က ပုလင်းတိုင်း ပွက်တာမဟုတ်ဘူး...'လို့ မိန့်ခဲ့တာပဲဗျာ။ မိရိုးဖလာ သောက်တလွဲတွေကတော့ လူ-ရှင်-ရဟန်း ညီညီညွတ်ညွတ် ထကြွတော်လှန်ပစ်ကြမှ။ ဗိုလ်ချုပ်ပြောသလို 'သူများက ခြေတလှမ်းလှမ်းရင်၊ ခင်ဗျားတို့ကျုပ်တို့က လေးငါးဆယ်လှမ်း အလှမ်းနှစ်ဆယ် ပိုလှမ်းနှိုင်မှ တော်ရုံကျမယ်' ပေါ့ဗျာ။"

   "အဲ၊ ခြေလှမ်းရင်း ငြင်းကြခုန်ကြ ရန်ဖြစ်ကြတာပေါ့ဗျာ။ ဟဲဟဲဟဲ။ မလှမ်းပဲ ထ,သာ ပြန်မသွားကြနဲ့ ဗျို့...။
   ကျုပ်တော့ ထ,ပြန်ပြီဗျို့။ မဟေသီက လမ်းလျှောက်တာ ကြာလှချည့်၊ တော်ကြာ၊ ပေါ်တာထဲ ပါသွားတယ် ထင်နေမိ မစိုးလို့။"


သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။
မောင်ဘဦး (၈၆၊ ခေါင် ကျော် ၁၀)

*(စိတ်ကောင်းရှိဖို့က - ပထမ ။ ဝိနည်းလေးစားဖို့က -  ဒုတိယ။ ကျမ္မာဖို့က - တတိယ။ သန့်ရှင်းဖို့က -  စတုတ္ထ။ အဝတ်အစားတတ်ဖို့က - ပဉ္စမ။ အနေအထိုင်တတ်ဖို့က - ဆဌမမ။ အပြောအဆိုတတ်ဖို့က - သတ္တမ။ အသွားအလာတတ်ဖို့က - အဌမ။ စည်းကမ်းလိုက်နာဖို့က - နဝမ။ စာတတ်ဖို့က - ဒသမ။)

**(အညာဒေသ အလှူ,မင်္ဂလာဆောင်ပွဲများတွင် လော်စပီကာ ခေါ် အသံချဲ့စက် အဝင်နှင့် ပွဲအပြီး,အထွက်တို့တွင်၎င်း၊ သံဃာတော်များ ကြွမလာခင်လေးနှင့် သံဃာတော်များ ပြန်ကြွရာတို့တွင်၎င်း၊ နှဲကြီး,စည်းဝါး, ပလုပ်တုတ်, လင်းကွင်းနှင့် မောင်းစသည့် တူရိယာတို့ကိုသာတီးမှူတ်၍ အသံဖမ်းယူထားသော 'ရေကင်းသံ'တီးလုံးကို 'နှဲပြားကြီး'ဟု ခေါ်ကြ၏။ 'ဘုန်းကြီးတွေကြွလာပြီ...။ နှဲပြားကြီး ချတော့ဟေ့။'
 ဟူ၍လည်း အသံချက်စက်ဆရာကို ‌သတိပေးကြ၏။)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar