Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၇ )

(မိုးမခ) ဩဂုတ် ၁၈ ၊ ၂၀၂၄

17/8/24

Diary in the darkness 


မြင်းခြံ ၊ တောင်သာမှာ စစ်ကောင်စီ အစိုးရတပ်ယန္တရား အားလုံးနီးပါးရပ်ဆိုင်း။

ကျိုင်းတုံ မှာ ဝ နဲ့ စစ်ကောင်စီ ဆွေးနွေး။ မြို့လုံခြုံရေး တင်းကျပ်။ 

ရှမ်းအရှေ့ပိုင်း စစ်ပွဲများ ဖြစ်လာဖွယ်ရှိ။

ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် MNDAA ထံ အညံ့ခံ ဗီဒီယို ကြည့်လိုက်ရ။ ဗိုလ်ချုပ်စိုးတင့်က ဂလန်ဂလားနဲ့၊ အင်္ကျီအဖြူလက်တို ဝတ်ထားပြီး လက်နက်ချတပ်သားတွေကြား အထင်းသား မြင်နေရ။ စစ်ကောင်စီပြန်ကြားရေး ဇော်မဲလုံးက တနေ့က ကြေညာသွားတဲ့ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတယ် ဆိုတဲ့ ဗိုလ်ချုပ်နဲ့ တပ်သားတွေပါ။ မြန်မြန်လျှောက်လေ မြန်မြန်လျှောက်လေ လို့ လေသံဝဲဝဲနဲ့ ပြောနေတဲ့ တော်လှန်ရေးတပ်သားတွေရဲ့ အသံတွေကိုလည်း ကြားလိုက်ရ။ 

စက်သုံးဆီ တန်းစီ၊ မိုင်ချီရှည်နေတဲ့ ကားတန်းကြီးများ ရုပ်သံတွေ လူမှုကွန်ရက်မှာ တက်နေ။ အစိုးရဗဟိုဘဏ်က လောင်စာဆီ ဝယ်ဖို့ ဒေါ်လာတွေ ထုတ်ရောင်းမယ်လို့ ကြေညာ။ ဒေါ်လာဈေး နည်နည်းကျပေမယ့် ဓာတ်ဆီဝယ်ဖို့ တန်းစီနေတဲ့ ကားတန်းတွေကတော့ ဒီနေ့ထိ ရှိနေဆဲပါ။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဒီလ ၁၄ ရက်နေ့က ရောက်လာပြီး ဦးသန်းရွှေ၊ မင်းအောင်လှိုင်တို့နဲ့တွေ့တဲ့ သတင်းဂယက် မြန်မာ့နိုင်ငံရေးကို သိသိသာသာ ရိုက်ခတ်။ တရုတ် ကြေညာတဲ့ချက်နဲ့ စစ်ကောင်စီ ကြေညာချက် သိသိသာသာ ကွဲလွဲ။ 

ဝမ်ယိ မလာခင် တရက် စစ်တပ်က အချင်းချင်း အာဏာသိမ်းပြန်ပြီဆိုတဲ့ သတင်းတွေကြောင့် တညလုံး အိပ်မပျော်။ ဘာဖြစ်လာမှာလဲ။ စိုးရိမ်ရမှာလား။ ဝမ်းသာရမှာလား မသိ။ ဝမ်ယိနဲ့ မင်းအောင်လှိုင် တွေ့ဆုံတဲ့ ဓာတ်ပုံတွေ တက်လာမှ ကောလာဟလတွေ ငြိမ်သွားတယ်။ ကောလာဟလ သတင်းဆိုတာက အခြေအမြစ်မရှိဘဲ ထွက်လာတာမဟုတ် ဆိုတာတော့ သေချာတယ်။ 

တော်လှန်ရေးတပ်တွေက ကျေးလက်ကို သိမ်းထားကြပြီး မြို့သိမ်းတိုက်ပွဲတွေကို အားစမ်းနေကြတယ်။ စစ်ကောင်စီတပ်တွေကလည်း ဗုံးအဆက်မပြတ်ကြဲနေကြတယ်။ 

AA က ဂွအထိ ရောက်လာပြီ။ မြစ်ဝကျွန်းပေါ်ကို ခြိမ်းခြောက်နေတယ်။ ညီနောင်သုံးဖွဲ့ က ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ခြိမ်းခြောက်နေတယ်။ ကချင်က ကချင်ပြည်နယ်တခုလုံးကို လွှမ်းမိုးထားရုံမက စစ်ကိုင်တိုင်း၊ မန္တလေးတိုင်းကိုပါ ခြိမ်းခြောက်နေပြီ။ ကရင်နဲ့ ကယားကလည်း စစ်တောင်းမြစ် အနောက်ခြမ်းနဲ့ နေပြည်တော်ကို ဦးတည်နေပြီ။ စစ်ကောင်စီတပ်တွေကလည်း ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်။ 

မိုးကုတ်က စစ်ရှောင်လာတဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေ ရန်ကုန် ရောက်လာကြပြီ။ ကိုယ်လည်း ဘာမှမကူနိုင်။ သွားတွေ့ အားပေးဖို့တောင် taxi ခ ဈေးကြီးနေလို့ မသွားနိုင်။ ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ပြီး အားပေးစကားပြောနေရတယ်။ 

ဒီရက်ပိုင်း ကွယ်လွန်သူတွေ၊ ဆေးရုံတက်ရသူတွေ အတော်များတယ်။ ဖုန်းနဲ့ပဲ အားပေးစကားပြောနေရတယ်။ တာဝန်မကျေနိုင်တဲ့ ကိုယ့်ဘဝကြောင့် စိတ်မကောင်း ဖြစ်ရတယ်။ ရင်ထဲမှာ ပြည့်ကြပ်နေတယ်။ 


အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar