Breaking News

ကောင်းဇေလူ - မြန်မာ့အရေး - တရုတ်က လက်ရဲဇက်ရဲ လုပ်နေချိန် အမေရိကန်-အီးယူ ဆုတ်ဆိုင်းမနေသင့်

ကောင်းဇေလူ - မြန်မာ့အရေး - တရုတ်က လက်ရဲဇက်ရဲ လုပ်နေချိန် အမေရိကန်-အီးယူ ဆုတ်ဆိုင်းမနေသင့်

(မိုးမခ) ဩဂုတ် ၁၉ ၊ ၂၀၂၄


ယခု ၂၀၂၄ သြဂုတ်လအတွင်း မြန်မာ့နိုင်ငံရေး အလှုပ်အခတ် အလွန်များခဲ့တာကို တွေ့ရတယ်။ အထူးသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ နေပြည်တော်ခရီးစဉ်ကြောင့် မြန်မာပြည်သူလူထုအကြား အလွန် စိတ်မချမ်းမသာ ဖြစ်ရတယ်။  နေပြည်တော်ခရီးစဉ်မှာ '၀မ်ရီ' ဟာ  စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ရုံမက စစ်တပ်အကြီးအကဲဟောင်း ဦးသန်းရွှေကိုလည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းတွေအရ သိရတယ်။

မြန်မာ စစ်ကောင်စီရဲ့ ၂၀၂၁ ဖေဖော်၀ါရီ ၁ ရက် အာဏာသိမ်းမှုဟာ မြန်မာပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ တိုင်းပြည်ပြန်လည်ထူထောင်ရေး မျှော်မှန်းချက်ကို နင်းချေဖျက်ဆီးလိုက်တာ ဖြစ်တယ်။

 ၂၀၂၁ ဖေဖော်၀ါရီမှ  ယခု ၂၀၂၄ သြဂုတ်လအထိ အကြမ်းဖက်စစ်တပ်ဟာ ကိုယ့်ပြည်သူလူထုကို သွေးချောင်းစီး သတ်ဖြတ်ရုံမက ပြည်သူ့အိုးအိမ်တိုက်တာ အခြေခံအဆောက်အအုံတွေကိုလည်း မီးရှို့ ဗုံးကြဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေတယ်။ လူမဆန်တဲ့ စစ်ရာဇ၀တ်မှုပေါင်း အမြာက်အမြား ကျူးလွန်နေကြောင်း သက်သေအထောက်အထားတွေ အခိုင်အမာ တွေ့ရတယ်။ ဒါကြောင့် မြန်မာစစ်တပ်ဟာ  စည်းစနစ်ရှိတဲ့ အဖွဲ့အစည်းလို့  မဆိုနိုင်လောက်အောင် ကိုယ်ကျင့်သီလပျက်ယွင်းနေတဲ့ ရာဇ၀တ်ဂိုဏ်းတခု ဖြစ်လာတာ တွေ့ရတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi  ဟာ ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ရဲ့ သွေးစွန်းနေတဲ့ လက်ကို ဆွဲကိုင်နှုတ်ဆက်ခဲ့တာဟာ အံ့ဖွယ်တခုပါပဲ။  မြန်မာပြည်သူလူထုက တခဲနက် ထောက်ခံထားတဲ့ NUG PDF အပါအ၀င် နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုတော့ မသိကျိုးကျွံလုပ်နေတာ သိသာတယ်။

မြန်မာနိုင်ငံအပေါ်  ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနဲ့ ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေးမှာ တရုတ်က ဆက်လက်ကူညီဖို့ မျှော်လင့်ကြောင်း စစ်တပ်အကြီးအကဲဟောင်း ဦးသန်းရွှေက ပြောကြားခဲ့ကြောင်း၊ နေပြည်တော်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး နဲ့  ဦးသန်းရွှေ ပြောဆိုတာကို တရုတ်သံရုံးက သတင်းထုတ်ပြန်တာ တွေ့ရတယ်၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့စဉ်  တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေမှုနဲ့ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

သတိထားသင့်တဲ့ အချက်က— တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံအပေါ်  မဟုတ်မမှန် ပြောဆို လုပ်ကြံ တိုက်ခိုက်နေမှုမှန်သမျှကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တာကိုတော့ စစ်ကောင်စီမီဒီယာတွေက မဖော်ပြကြကြောင်း။ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ထိထိရောက်ရောက် လည်ပတ်ဖို့နဲ့ စီမံကိန်းနဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံအောင်လုပ်ဖို့ မစ္စတာ ဝမ်ယိက သတိပေးခဲ့ကြောင်း  ဆိုတာကိုလည်း စစ်ကောင်စီ မီဒီယာတွေက မဖော်ပြကြပါဘူးလို့ Irrawaddy သတင်းက ထောက်ပြထားတာ တွေ့ရတယ်။ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ စစ်စခန်း တော်တော်များများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် ရက်ပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြန်မာနိုင်ငံကို ရောက်လာခြင်းဖြစ်တယ်။ 

အခုနှစ်ဆန်းပိုင်းက တရုတ်နိုင်ငံ ကြားဝင်စေ့စပ်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြီး နှစ်ဖက် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေချိန်လည်း ဖြစ်တယ်။

တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံအောင်လုပ်ဖို့ မစ္စတာ ဝမ်ယိက သတိပေးခဲ့တဲ့အချက်က စဉ်းစားစရာကောင်းပါတယ်။ မြန်မာဘက်က လုံခြုံရေးတာ၀န်မယူနိုင်ခဲ့ရင် တရုတ်က ဘာလုပ်လာနိုင်သလဲ ဆိုတဲ့ မေးခွန်းကို ပေါ့ပေါ့တန်တန် မထားသင့်ဘူး ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေမှုနဲ့ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်ကြောင်း၊ အစရှိသဖြင့် အသံကောင်း ဟစ်နေပေမယ့် သူကိုယ်တိုင်ကတော့ လက်ရဲဇက်ရဲ ၀င်ရောက်စွက်နေပုံကို အထင်အရှား တွေ့မြင်နေရပါတယ်။

ဆိုးလွန်းတဲ့ အချက်ကတော့ မြန်မာပြည်သူလူထုကို မလေးစားဘဲ မြန်မာလူထုရဲ့ ဆန့်ကျင်ဘက် ရန်သူ အကြမ်းဖက်စစ်တပ်ကို ထောက်ခံ ပံ့ပိုးနေခြင်းပါပဲ။ အဲဒီအချက်က မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ စစ်ကောင်စီဘက်ကို လိုက်နေတဲ့ တရုတ်ကို မြန်မာလူထုက ဆန့်ကျင်နေကြတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ 

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက လွှမ်းမိုးချုပ်ကိုင်ထားတာက ရေရှည်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒေသတွင်း ပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမှာကလည်း တရုတ် မဟုတ်ဘူးလို့ မြန်မာ့အရေး လေ့လာသူ ထိုင်းနိုင်ငံ Thamasat University က Assist-Professor Dulyapak Preecharush က ဆိုပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရေရှည်အတွက်ဆိုရင်တော့ တရုတ်နိုင်ငံထက်စာရင် တခြား နိုင်ငံအစုအဖွဲ့တွေက ပိုပြီး ပါဝင်သင့်တယ်လို့ မြန်မာပြည်ရဲ့ ဖက်ဒရယ်နိုင်ငံရေးအကြောင်း စာအုပ်ရေးသားသူ Dulyapak Preecharush ထောက်ပြကြောင်း ဗွီအိုအေ သတင်းအရ သိရတယ်။  

"မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လို ဖန်တီးမလဲ ဆိုတာ ဆွေးနွေးတဲ့အခါမှာ အမေရိကန်၊ အိန္ဒိယ၊ မလေးရှားနဲ့ တခြား ဖက်ဒရယ်ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ နိုင်ငံမျိုးတွေကသာ ပဋိပက္ခဖြေရှင်းရာမှာ စံနမူနာပြဖြစ်နိုင်တာပါ။ တရုတ်နိုင်ငံဆိုရင်တော့ မဖြစ်နိုင်ဘူး။ တရုတ်မှာက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ကျင့်သုံးနေတာ မဟုတ်ပါဘူး။ ကွန်မြူနစ်အစိုးရ အုပ်ချုပ်တဲ့ တပြည်ထောင်စနစ်ပါ။”လို့ Dulyapak ထောက်ပြထားတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်တွေအတွင်း အကြမ်းဖက်မှုတွေတိုးလာပြီး အရပ်သားအများအပြား သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချလိုက်တယ်။ ရခိုင်ပြည်နယ် မောင်တောနဲ့ ရှမ်းပြည်နယ် လားရှိုးတို့မှာ ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေကနေ တိမ်းရှောင်ဖို့ ကြိုးပမ်းကြတဲ့ အရပ်သားတွေ သတ်ဖြတ်ခံနေကြရတယ်ဆိုတဲ့ စိုးရိမ်စရာသတင်းတွေ ကြားနေရပြီး ဒီဖြစ်ရပ်တွေဟာ ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြား စိုးရိမ်စရာ အလွန်ကောင်းတဲ့ အခြေအနေတရပ် ဖြစ်သလို သန်းနဲ့ချီတဲ့ ပြည်သူတွေက စစ်ပွဲကြားက မြေစာပင် ဖြစ်ကြရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၊ လက်ထောက်ပြောခွင့်ရသူ Farhan Haq က ၁၃ (ဩဂုတ်၊ ၂၀၂၄) နေ့စဥ် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာနေတဲ့အတွက် ကလေးငယ် ၆ သန်းအပါအဝင် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူ ၁၈.၆ သန်းရှိနေတယ်လို့လည်း ပြောခွင့်ရသူ Farhan Haq က နေ့စဥ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ အကူအညီတွေ အဲဒီလောက်ထိ လိုအပ်နေပေမယ့် ၂၀၂၄ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက်အတွက် လိုအပ်နေတဲ့ရံပုံငွေ ဒေါ်လာ ၉၉၄ သန်းမှာ ၂၁၄ သန်းသာရရှိထားတယ်လို့လည်း  Farhan Haq က ပြောကြားသွားတယ်။

မြန်မာတိုင်းရင်းသား ပြည်သူတွေအနေနဲ့ ပင်လုံစာချုပ် ချုပ်ဆိုကြစဉ်ကတည်းက ဖက်ဒရယ်စနစ်ကို လိုချင်ခဲ့ကြတာ ဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားပြည်သူ လူမျိုးပေါင်းစုံ နေထိုင်ကြတာဖြစ်တယ်။ မတူ ကွဲပြားတဲ့ ဓလေ့ဘာသာ ယဉ်ကျေးမှုတွေ အတူယှဉ်တွဲ နေထိုင်ကြတဲ့အတွက် ဖက်ဒရယ်ပုံစံမျိုး ထူထောင်သင့်တယ်လို့ လွတ်လပ်ရေးရပြီးကတည်းက ဖက်ဒရယ်ရည်မှန်းချက် ရှိခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့လည်း ၁၉၄၇ ဖွဲ့စည်းပုံ ရေးဆွဲတဲ့ ဦးချန်ထွန်းကိုယ်တိုင်က ဟန်ပြ ဖက်ဒရယ် (quasi-federalism) မျှသာ ဖြစ်တယ်လို့ ၀န်ခံခဲ့တယ်။ စင်စစ်တော့ ၁၉၄၇ ဖွဲ့စည်းပုံက ဗဟို ချုပ်ကိုင်မှုစနစ် ဖြစ်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီးဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဒရယ်စနစ် လိုလားပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပြီးတဲ့နောက် Unilateral Constitution ဖြစ်သွားခဲ့တယ်။ 

၁၉၆၂ ခုနှစ်မှာ ဦးနုက ဖွဲ့စည်းပုံ ပြန်ပြင်ဖို့ကြိုးစားပေမယ့်  ဗိုလ်နေဝင်းက ဖက်ဒရယ်ဟာ ပြည်ထောင်စုပြိုကွဲရေး အယူအဆဖြစ်တယ်လို့ဆိုပြီး၊ အာဏာသိမ်းခဲ့တယ်။ အဲဒီအချိန်ကစပြီး တိုင်းရင်းသားတွေက  ပင်လုံကတိအရ ဖက်ဒရယ်နိုင်ငံဖွဲ့စည်းပုံ တောင်းဆိုမှု ပိုပြင်းထန်လာခဲ့တယ်။ ဒါကြောင့် နောက်ဆုံး ဒီနေ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ (EAOs) အများအပြားပေါ်ထွန်းလာခြင်း ဖြစ်တယ်။ နိုင်ငံခြားသား မြန်မာ့အရေး ကျွမ်းကျင်သူတွေ ထင်ထားသလို ပြည်ထောင်စုပြိုကွဲရေး (Balkanization) ဆီ ဦးတည်နေခြင်း မဟုတ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ (EAOs) ရဲ့ မျှော်မှန်းချက်က "ဖက်ဒရယ်ပြည်ထောင်စု" ဖြစ်တယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းနဲ့ ဒေသတွင်း အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာ့အရေး အဖြေရှာနိုင်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲ (သြဂုတ် ၁၆) ရက်မှာ ပြောဆိုသွားတယ်။

"မြန်မာနိုင်ငံ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ ပြည်သူတွေ လုံခြုံစေဖို့နဲ့၊ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်ဖို့ ဘုံတူညီတဲ့ တသံတည်း ထွက်အောင် တရုတ်နိုင်ငံက အဖွဲ့အားလုံးနဲ့ လက်တွဲကြိုးပမ်းသွားဖို့ လိုလားပါတယ်။ မြန်မာ မပါဘဲ အာဆီယံ မိသားစုမဖြစ်နိုင်ပါဘူး"လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုသွားကြောင်း ဗွီအိုအေ သတင်းအရသိရတယ်။

မြန်မာနိုင်ငံအရေး အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အာဆီယံရဲ့ နည်းလမ်းအတိုင်း အဖြေရှာနိုင်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်းလည်း Wang Yi က ဆိုတယ်။ 

မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်း အားလုံးက အပြုသဘောဆောင် လုပ်ဆောင်ကြဖို့ မျှော်လင့်တဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားတယ်။ တရုတ်ရဲ့ သ‌ဘောထားတွေက အပေါ် ယံကြည့်ရင် စိတ်ရင်းကောင်းဟန် မြင်ရပေမယ့် တကယ်ကတော့ "မီးစတဖက် ရေမှုတ်တဖက် မူ၀ါဒ" ပါပဲ။ တရုတ်အနေနဲ့ စိတ်ရင်းကောင်းရှိရိုးမှန်ရင် အကြမ်းဖက် လူသတ်၀ါဒ ကျင့်သုံးနေတဲ့ စစ်အုပ်စုကို ဆက်ဆံမယ့်အစား ပြည်သူကို အကာအကွယ်ပေးနေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ဆက်ဆံသင့်တယ်။ ဒါကြောင့် ကိုယ်ကျိုးစီးပွားပဓာနပြုနေတဲ့ တရုတ်ဟာ တနေ့တခြား မြန်မာပြည်သူတို့ရဲ့ ရန်သူ ဖြစ်လာနေတယ်။ တရုတ်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်သူတို့အကျိုးစီးပွာကို မျက်ကွယ်မပြုဖို့ စဉ်းစားသင့်ပြီ ဖြစ်တယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကနေ အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးကြဖို့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) မှာပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတယ်။ 

စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း ‌ မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေ တဖြည်းဖြည်း အရှိန်မြင့် ဖြစ်ပေါ်လာနေပြီး အရပ်သားပြည်သူတွေပါ သေဆုံးတာအပြင် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အခြေအနေတွေကြောင့် အခုလို နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ 

လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ စည်းဝေးပွဲ နောက်ဆက်တွဲအဖြစ် ဆက်လက်ကျင်းပတဲ့ ဒီ အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနဲ့ ရုရှားနိုင်ငံတို့လည်း တက်ရောက်ကြတယ်လို့ ဆိုတယ်။

တချိန်တည်းမှာ ပြည်သူတွေကို ကူညီပေးပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ တိုက်ရိုက်ပံ့ပိုးကူညီမှု၊ အကူအညီတွေ တိုးမြှင့်ပေးဖို့ အမေရိကန်ရဲ့ ကတိပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG က သတင်းထုတ်ပြန်ခဲ့လို့  ဗွီအိုအေ သတင်းမှာ ဖော်ပြထားတယ်။  အမေရိကန်နိုင်ငံခြားရေးဌာနအကြံပေး Tom Sullivan ဟာ မြန်မာနိုင်ငံအပြောင်းအလဲ ကြိုးပမ်းသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ တိုင်းရင်းသားအဖွဲ့တချို့ ခေါင်းဆောင်တွေအပါအဝင် မြန်မာနိုင်ငံအပြောင်းအလဲအတွက် ကြိုးပမ်းနေကြသူတွေနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေ ဩဂုတ်လ ၁၅ ရက်နေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြကြောင်းသိရတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည်အသက်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken, USAID အကြီးအကဲ Samantha Power တို့ကို လွှတ်တော်မှာ ဩဇာညောင်းတဲ့ အထက်လွှတ်တော် Republican ပါတီခေါင်းဆောင် Mitch McConnell အပါအဝင် ပါတီ ၂ ရပ်လုံးက လွှတ်တော်အမတ်တွေက ဇွန်လကုန်ကပဲ စာပေးပို့ တောင်းဆိုခဲ့ကြပါတယ်။ ရက်စက်တဲ့ စစ်အစိုးရကို ရဲရဲဝံ့ဝံ့ တွန်းလှန်နေကြတဲ့ မြန်မာနိုင်ငံထဲက တော်လှန်ရေးအဖွဲ့တွေကို ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့ကူညီမှုတွေပေးနိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ အလုံးစုံပြည့်ဝပြီး တက်တက်ကြွကြွ ဗျူဟာနဲ့ မြန်မာနိုင်ငံ မူဝါဒတွေကို ပြန်လည်အသက်သွင်းပါလို့ စာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။(VOA)

"အရင်က သဘောတူထားတဲ့ အကြောင်းအရာတွေအတိုင်း ဆက်လက်ကူညီသွားမယ်ပေါ့နော်။ ကျွန်တော်တို့ ဒေသအုပ်ချုပ်မှုတွေကို ပိုမိုခိုင်မာအောင်လုပ်ဖို့၊ ကျွန်တော်တို့ အချင်းချင်းကြား ဖယ်ဒရယ် တည်ဆောက်တဲ့အပိုင်းမှာ ပိုပြီး စည်းစည်းလုံးလုံးရှိဖို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ အချက်က အဓိကကျပါတယ်။"  လို့  ဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ KNU ကရင်အမျိုးအသား အစည်းအရုံးပြောခွင့်ရ ဖဒိုစောတောနီးက ပြောပြပါတယ်။

မြန်မာဟာ လူဦးရေ သန်းတစ်ထောင်ကျော်စီ ရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံအကြားမှာ တည်ရှိနေခြင်း၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN) အဖွဲ့၀င် ဖြစ်နေခြင်း ဆိုတဲ့ အချက်တွေကြောင့် ပထ၀ီ၀င်နိုင်ငံရေးအရ အလွန်အရေးပါနေတယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံခြားရေးမူ၀ါဒဟာ အမြဲဘက်မလိုက်၀ါဒ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မြန်မာ တော်လှန်ရေးအင်အားစုတွေကို အနောက်အုပ်စုနဲ့ နီးစပ်သယောင် အမေရိကန်နဲ့ နီးစပ်သယောင် စွပ်စွဲနေတဲ့ အချက်က ရိုးသားမှုမရှိတာ တွေ့ရတယ်။ 

အမှန်တကယ်က မြန်မာနိုင်ငံကို သူ့ရဲ့ လက်အောက်ခံအဖြစ် နည်းမျိုးစုံနဲ့ သိမ်းသွင်းနေသူက  တရုတ်နိုင်ငံ ဖြစ်တယ်။ တရုတ်က ဆူပါ ပါ၀ါနိုင်ငံအဖြစ် ရပ်တည်ချင်ရင် သမာသမတ်ကျဖို့ လိုတယ်။ အမှန်တရားဘက်၊ ပြည်သူလူထုဘက်ကို မျက်နှာမူသင့်တယ်။ လက်ရှိ မြန်မာ့အရေးမှာ မြန်မာပြည်သူကို တရုတ်က ကျောခိုင်းထားတယ်။ လတ်တလောဖြစ်စဉ်တွေမှာ တရုတ်ဟာ အကြမ်းဖက်စစ်တပ်ဘက်က ရပ်တည်ရုံမက UWSA ကိုလည်း ကြိုးကိုင်ထားတာ တွေ့နေရတယ်။ ဒီလုပ်ရပ်တွေက တရုတ်ရဲ့ မရိုးသားမှုနဲ့ မြန်မာပြည်တွင်းရေးကို ဗြောင်ကျကျ ၀င်ရောက်စွက်ဖက်နေတာ မြင်သာပါတယ်။

ဒီတော့ နိုင်ငံတကာ နိုင်ငံရေး ချိန်ခွင်လျှာ မျှခြေဖြစ်နေဖို့ဆိုရင် အမေရိကန်နဲ့ အီးယူတို့အနေနဲ့လည်း မြန်မာ့အရေးမှာ တရားမျှတမှုရှိအောင် တင်းတင်းရင်းရင်း ရပ်တည်ပေးကြဖို့ လိုပါတယ်။

တရုတ်က လက်ရဲဇက်ရဲ မြန်မာ့အရေးမှာ ၀င်ရောက်စွက်ဖက်နေတာကို ဟန့်တားပေးဖို့ အနောက်အုပ်စုမှာ တာ၀န်ရှိပါတယ်။ လက်ရှိအချိန်အထိ ပြည်တွင်း ပြည်ပက ဆန့်ကျင်ကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံအားပေးနေတာကို ကြည့်ရင် တရုတ်ရဲ့ ရပ်တည်ပုံကို သိနိုင်တယ်။ 

မြန်မာပြည်သူတို့ရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီရဲ့ မိုက်မဲမှုကို တရုတ်က ရှုတ်ချမှု မလုပ်ခဲ့ပေမယ့်၊ အခု ‌မင်းအောင်လှိုင် အာဏာမြဲရေးအတွက် လုပ်မယ့် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံနေခြင်းဟာ မြန်မာပြည်သူကို ဆန့်ကျင်တာလို့ ဆိုရလိမ့်မယ်။ 

ဒီလို မြန်မာ့နိုင်ငံရေး ခက်ခဲကျပ်တည်းနေချိန်မှာ အမေရိကန်နဲ့ အီးယူတို့အနေနဲ့ ယူကရိန်းပြဿနာနဲ့ပဲ အလုပ်ရှုပ်နေကြပြီး၊ မြန်မာ့အရေးကို မျက်နှာလွှဲနေကြမယ်ဆိုရင် အနာဂတ်မှာ နောင်တကြီးစွာ ရပေလိမ့်မယ်။ 

မြန်မာ့နွေဦးတော်လှန်ရေးကို လက်ရှိအချိန်မှာ အကူအညီမပေးခဲ့ရင် အရှေ့တောင်အာရှမှာ တရုတ်သြဇာလွှမ်းမိုးတာ ခံရဖွယ်ရှိတယ်။ တရုတ်က ဒီမိုကရေစီဆန့်ကျင်ရေး လက်ရဲဇက်ရဲ လုပ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တွေ‌ဝေ ဆုတ်ဆိုင်းနေဖို့ မသင့်ဘူးလို့ ဆိုပါရစေ။  အရှေ့တောင်အာရှမှာ ဒီမိုကရေစီဘက်တော်သားတွေ အရေးနိမ့်မယ့်အရေးကို အမေရိကန်နဲ့ အီးယူတို့အနေနဲ့ မသိကျိုးကျွံပြုမနေသင့်တော့ဘူးလို့ နှိုးဆော်လိုပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar