Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၈ )


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၈ )

(မိုးမခ) ဩဂုတ် ၂၀ ၊ ၂၀၂၄


မြိုင်နယ်မှာ ယာယီသမ္မတ မအလထက် လက်‌စောင်းထက်တဲ့ အတည်သမ္မတ ပေါ်ထွက်လာပါပြီ။ 

ပျူခေါင်းဆောင်ကနေ အတည်သမ္မတဖြစ်လာသူက ဗိုလ်ကျော်ဆန်းဝင်း တဲ့။ တထောင်တန် ငါးထောင်တန် တသောင်းတန်တွေကို မိတ္တူကူးပြီး အဲဒီပေါ်မှာ သူ့လက်မှတ်တံဆိပ်ရိုက်ပေးပြီး သုံးခွင့်ပြုလိုက်တယ်။ သုံးရမယ့်ဆိုင်ကတော့ သူ့အိမ်ကဆိုင်နဲ့ သူ့အမျိုးတွေ ဖွင့်ထားတဲ့ဆိုင် နှစ်ဆိုင်ပဲ ရှိပေမယ့် လောင်းကစားဝိုင်းတွေမှာ သုံးနေကြတယ်။ ကျန်ပြူတွေလဲ ကိုယ့်ရွာနဲ့ကိုယ် ထုတ်ကြပြီး တဗိုလ် တမင်းခံလို့ ကွန်ဖက်ဒရိတ်ပျူနိုင်ငံတွေ ထောင်ကြမယ့် သဘောပါဘဲ။ မအလတောင် သူ့နာမည်နဲ့ငွေမထုတ်နိုင်သေးတာ ရှက်စရာကောင်းလှပါတယ်။ 

ယာယီသမ္မတ ကာချုပ်ရဲ့ စစ်သား သရောကြီးခိုင်းနေချက်ကတော့ အလုပ်ရုံက အလုပ်သမားတွေကို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲတဲ့အဆင့်တောင် ရောက်လာပေါ့။ ကြံ့ဖွတ်တွေကလဲ စစ်တပ်ထဲ မဝင်ကြတဲ့နောက်ဆုံး မထူးဇာတ်ခင်းနေရှာပုံဘဲ။ အဲဒီကောင်တွေကလဲ လေဘဲတွေလေ။ သူ့အတွက် ဘာမှအသုံးမကျတဲ့ လေဘဲတွေပေါ့။ တတိုင်းပြည်လုံးက အလုပ်အကိုင်တွေ ရပ်သွားပစေ၊ ငါ စစ်သားရဘို့အဓိကဖြစ်နေရပြီ။ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် တဘက်ဆွဲရွာမှာ မနက်ဆိုင်း ညဆိုင်း အလုပ်ဆင်းရတဲ့ မာမားခေါက်ဆွဲခြောက်စက်ရုံက အမျိုးသားဝန်ထမ်း ၇၀ ခွေးဆွဲသွားတယ်။ မာမားစက်ရုံက Thai President Foods Plc ကုမ္ပဏီပိုင်၊ ခုတော့ ကုမ္ပဏီက လိုက်ညှိနှိုင်းနေကြတုန်းတဲ့။ ထိုင်းလဲ သူ ကြောက်ရတဲ့ထဲ ပါနေပြီဆိုတော့လေ ပြန်လွတ်လာလောက်ပါတယ်။ 

ခွေးနဲ့နှိုင်းပြီး စစ်ခွေး ရဲခွေး ပျူခွေးလို့သာ ပြောရတာ၊ ခွေးမြင် အားနာရတဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဒီကောင်တွေက ခွေးထက် ယုတ်ညံ့တာကိုး။ ခုလဲကြည့် မင်းကွန်းက မြသိန်းတန်ဘုရားမှာ တပ်စွဲသတဲ့။ စွဲစရာလား၊ တကယ့်ယဉ်ကျေးမှုပစ္စည်း။ အဲဒီခွေးထက်ယုတ်တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့များ ၅ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသတဲ့။ 

လပခတိုင်းမှူးအသစ်ထက် အသစ်လေးလဲ အရင်ကောင်လို ဖင်မနွေးခင် ပြေးရအုံးမယ် ထင်တယ်။ သပိတ်ကျင်း စာရင်းဖြတ်နေသလို ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ စစ်ကောင်စီတပ် အထိုင်ချရာ နေရာကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်တိုက်တာ စစ်ခွေး ၁၀ ကောင်ထက်မနည်း မရဏစခန်း မြန်းသွားသတဲ့။ 

မြို့သာစက်မှုဇုန်ဟာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၉၈ ဘီလျံခန့်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ဝ၈ သန်းပါဝင်ပါတယ်။ ၂၀၂၂တုန်းက မအလလာကြည့်သွားသေးတော့ ဟိုကောင် ခေါင်းမီးတောက်နေလောက်ပြီ။ မြင်းခြံတဝိုက်ကလဲ အတင်းနှံဖိုက်နေတုန်း။ နွားထိုးကလဲ နွားသိုးကြိုးပြတ်။ တောင်သာကလဲ ထောင်ကွာချည်း။ 

မိုးမောက် စိုးအောက်သွားချိန် ကချင်နဲ့ မန္တလေး တိုက်ရိုက်တိုးယိုပေါက်ဖြစ်ဖို့ မဝေးတော့လောက်အောင် သပိတ်ကျဉ်း တနယ်လုံး သိမ်းပိုက်နိုင်တော့မယ်။

မန္တလေး - မိုးကုတ် ကားလမ်းပေါ်က စစ်အုပ်စုရဲ့ အကြီးဆုံး ဂိတ်တစ်ဂိတ်ဖြစ်တဲ့ ဖော့တောလမ်းဆုံဂိတ်ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်။ သေတဲ့ ၂၀ ထဲမှာ ဘီလူးစစ်ကြောင်းက ကောင်တွေပါပြီး စစ်ကြောင်းမှူးနဲ့ ငါးယောက် အရှင်မိထားပါသေးတယ်။ အဲဒီကောင်တွေက ပြည်သူကို ခေါင်းဖြတ် ခြေဖြတ် လက်ဖြတ်ခဲ့တဲ့ ကောင်တွေပါ။

ဖော့တောလမ်းဆုံဟာ မန္တလေး - မိုးကုတ်လမ်း၊ မန္တလေး - သပိတ်ကျင်း - ထီးချိုင့် - ဗန်းမော် လမ်းပေါ်မှာ တည်ရှိပြီး လမ်းဆုံလမ်းခွ အချက်အချာ နေရာဖြစ်ကာ အဲ့ဒီဂိတ်မှာ အစောင့်ကျတဲ့ စစ်အုပ်စုက ကချင်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်ဘက်က ဝင်ရောက်လာတဲ့ ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီး ငွေညှစ်တာ၊ ယခုလပိုင်း တိုက်ပွဲတွေ ပြင်းထန်လာချိန် ခရီးသွားပြည်သူကို PDF အဖြစ် စွပ်စွဲပြီး ထင်တိုင်းကျဲ ဖမ်းဆီးတာတွေ လုပ်နေတဲ့ နေရာ ဖြစ်ပါတယ်။ (ခလရ) ၁၄၈ ကို သိမ်းပိုက်ပြီးနောက် ဖော့တောလမ်းဆုံဂိတ်ကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်တာပါ။ သပိတ်ကျင်းမြို့နဲ့ ခုနှစ်မိုင်အကွာက အမှတ်(၁၃) စစ်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၁၃)မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်။ သပိတ်ကျင်း တနယ်လုံးကို အပြီး သတ် သိမ်းပိုက်နိုင်ဖို့ သပိတ်ကျင်းမြို့၊ ၇ မိုင်ခေါ် အောင်ချမ်းသာရွာရှိ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ-၂)၊ (၇)မိုင်ရွာနဲ့ (၆)မိုင်ရွာကြားက အမှတ်(၉၅၁) အင်ဂျင်နီယာတပ်၊ တကက(၁၃)တပ်၊ ကျောက်ကြီး သိပ္ပံနှင့် နည်းပညာတပ်၊ ခုတင် (၂၀/၁၀၀) စစ်ဆေးရုံ၊ အမှတ် (၁၂၁) တပ်ရဲ့ ထောက်ပို့ရုံးတို့သာ ကျန်တော့တာပါ။

မကြာခင် ဗိုလ်ချုပ်ဂွမ်မော်ဟာ မန်းတက္ကသီလာထဲ အလွမ်းပြေရောက်လာနိုင်ကြောင်းပါခမျာ။ 

ထားဝယ်ဘက်ကတော့ လူကြီးခရီးစဉ်ကြိတ်ဖို့ ကန်ထရိုက်ယူထားလား မှတ်ရတယ်နော်။ နယ်စပ်ရေးရာဝန်ကြီး လိုက်လာတဲ့ကားနဲ့ လမ်းပိုင်းလုံခြုံရေး ယူနေတဲ့ စစ်ခွေးတွေကို ကြိတ်တာ  ၈ ဦး ဂစ်သွားသတဲ့။ 

ပေါင်တွေကွနေတဲ့ အောင်ဇေယျစစ်ကြောင်းအတွက် ရှမ်းပြည်နယ်က မြေဩဇာလေးတွေကို ကော့ကရိတ် ထပ်ပို့နေပါတယ်။ စစ်ဥထမ်းနဲ့ဆွဲလာတဲ့ စစ်သားသစ်အများစုနဲ့ တပ်မ ၅၅ လက်အောက်ခံ အမှတ် ၃ ခြေလျင်တပ်ရင်းဟာ ဒေါနမှာ ကျောချဖို့ လာကြပြီ။ 

ကရင် ထွန်သလို မွန်ကလဲ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို စိတ်ရောကိုယ်ပါ အမျိုးမျိုး၊ အဖုံဖုံ အခါမလပ် ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ အမြစ်ဖြတ်ချေမှုန်းရေးအတွက် မွန်ပြည်သူများ အပါအဝင် မွန်အင်အားစုအားလုံး တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အတွက် ပူးတွဲထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ တော်လှန်လာတာ ၇၇ နှစ်ကြာလာတာတောင် တွေဝေနေတဲ့သူတွေက တပုံကြီး ကျန်သေးတာကိုး။ စစ်တပ်ကို ဘယ်လိုမှမနိုင်တော့ဘူးဆိုပြီး လက်မှိုင် ချနေတဲ့အုပ်စုတွေလေ။ တော်လှန်ရေး ယုံကြည်မှုပျောက်ပြီး တော်လှန်ရေးသွေးထိမ်သွားသူတွေကို ပြန်နှိုးဆော်ကြတာပါ။ 

မအလအဖို့တော့ အရှေ့နဲ့ အနောက် တောင်နဲ့ မြောက်မှာကွယ် အဆိုးများက နေရာတိုင်း ဝိုင်းဆိုသလို အနောက်တလွှားကနေ တနိုင်ငံလုံး ပတ်ကစားနေတဲ့ AAကလဲ မောင်တောကို အလုံးစုံသိမ်းပိုက်ရရှိရေး တိုက်ခိုက်ရင်း စကစနဲ့ အကြမ်းဖက်မူဆလင်လက်နက်ကိုင်များရဲ့ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရတဲ့ INGO, UN ဝန်ထမ်းများအပါအဝင် ပြည်သူ နှစ်သောင်းကျော်တို့ကို ကယ်ထုတ်နေပါတယ်။

ဒါပေမဲ့လို့ တခြားတစ်ဖက်မှာတော့ အကြမ်းဖက် လက်နက်ကိုင်အုပ်စုများနဲ့ ဆက်နွယ်မှုရှိနိုင်တဲ့ တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေးသမားတချို့က အကွက်ကျကျ စီစဥ်ခြယ်လှယ်ထားတဲ့ သတင်းအမှားများ ဖြန့်ဝေနေတယ်လို့ AA စစ်ဦးစီးချုပ် ကပြောပါတယ်။

"တနေ့တခြား လူထုယုံကြည်မှု ကျဆင်းကာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေကြသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နိုင်သော မျက်နှာပြောင်တိုက် မသမာသော လူ့အခွင့်အရေးသမားတချို့သည် ပိပိရိရိ လှည့်ဖြားထားသည့် မုသားစကားတို့ကို အကွက်ကျကျ စီစဉ်ထားသည့် အချက်အလက်တို့နှင့် ရောနှောကာ မီဒီယာပေါ်တွင် ပွက်ပွက်ညံအောင် ဖြန့်ဝေနေကြသည်" လို့ ပြောဆိုထားတယ်။

မောင်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားခဲ့ရတဲ့ မူဆလင်အများဆုံးပါတဲ့ စစ်ဘေးရှောင်များကို AA က အခြေခံ စားသောက်ရေး၊ ကျန်း မာရေးနဲ့ နေထိုင်ရာ နေရာများ စီစဥ်ပေးထားပါတယ်။ 

စစ်ကောင်စီဘက်က နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ အာဆာအဖွဲ့ဝင်တွေက မောင်တောမြို့ရပ်ကွက်တချို့ကို မီးရှို့ဖျက်ဆီးနေပါတယ်။

AA က —

(၁) ဖက်ဆစ် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊ 

(၂) ဖက်ဆစ် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် မူဆလင်အကြမ်းဖက်အုပ်စုများ၊ 

(၃)  ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၊ 

(၄) အထက်ဖော်ပြပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊

(၅) ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မ ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူလူထုများနှင့် 

(၆) ပေကပ်နေထိုင်လိုကြသော သူများ စသည့်အုပ်စုများအဖြစ် တွေ့ရှိရသည်လို့ မြို့က မထွက်ဘဲ ပေကပ်ကပ်လုပ်နေသူတွေကို သူ့ထုတ်ပြန်ချက်မှာ အုပ်စုခွဲပြထားပါတယ်။ 

အဲသလို အဘက်ဘက်ရှုံးနေတဲ့ စစ်ရှုံးကောင်စီက အရပ်ဘက်နဲ့ စစ်ဘက် တွဲဖက်ပါဝင်တဲ့ လုံခြုံရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ ဖွဲ့စည်းတယ်ဆိုပြီး ခွေးတွေ ဝမ်းသာအောင် ချီးယိုပြနေတယ်။

အရပ်ဘက်နဲ့ စစ်ဘက်ဆိုလို့ ကြည့်လိုက်တော့ နယ်စပ်ရေးရာဝန်၊ ပြည်ထဲရေး၊ ကာကွယ်ရေး စစ်ရုံး၊ ဒုတိုင်း မှူး၊ ပြည်နယ်နှင့်တိုင်းစစ်ကောင်စီ လုံခြုံရေးဝန်၊ ရဲ တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ထွေအုပ်၊ မီးသတ်နဲ့ ဖွဲ့ထားတာ။ အရပ်သားဆိုလို့ မူးလို့ကို ရှူစရာမပါတာ။ ထွေအုပ်နဲ့ မီးသတ်ကလဲ စစ်သားနဲ့ စစ်ပြန်ပဲ။ မီးသတ်တွေ အချောင်နှံခံရကိန်းဆိုက်လာပြီပေါ့လေ။ အဲဒီရာထူးတွေက မင်းအောင်လှိုင် တယောက်တည်း ရာထူးလေးခု ယူသလို စစ်သားနဲ့ စစ်ထွက်ကို ပတ်ခန့်ထားတာတွေချည်း။ ဘာမှ အသစ်အဆန်း မဟုတ်။ အရပ်ဘက် စစ်ဘက်ဆိုပြီး ကုလားကြီးကနေ အရာကြီးလုပ်ထားတာ။ ထူးလာမှာဆိုလို့ စက်ရုံ အလုပ်ရုံတွေကို လူဗြောင်ဝင်ဆွဲတာ၊ အရပ်သားပိုင်ကားတွေကို ထင်သလို ယူသုံးလာမှာ တခုပဲ ရှိတယ်။ ဒါလဲ လုပ်နေကျပါပဲ။ လူရော ပစ္စည်းရော လွတ်ရာကျွတ်ရာပို့ထားကြပေါ့။ အဓိကလက်ညှိုးထိုးပြမှာကတော့ အုပ်ကြီးတွေပဲ။ 

စစ်ရှုံးကောင်က သူ နိုင်တဲ့ကောင်တော့ ဖိထောင်းတယ်နော်။ စစ်တိုင်းတတိုင်း တလ တိုင်းမှူးသုံးယောက်လောက် လဲနေရာက ခု စိုးဝင်းပါ ထိုးသွင်းပြီ။ ကိုးကွင်းလေး မျက်နှာကြောမှမဟုတ်၊ ဘယ်အကြောမှ တင်းနိုင်မယ် မထင်တော့ဘူး။ စိုးဝင်း ကိုမျှော်တဲ့ကောင်တွေ ရှိလို့ သေချာချိုးပြတာ။ အေးလေ မိန်းမတောင် သောက်ဖြစ်ရှိအောင် ယူနိုင်တဲ့ကောင်မှ မဟုတ်တာ။ ခံပေါ့။ ပြန်လဲ ချရဲမယ့်ကောင် မဟုတ်။ မျက်နှာကြီးသာ အလကားနေရင်း စူပုတ်ထားတာ။ ဒါလဲ မယားပါသားပဲရှိတဲ့ကောင်တွေမျက်နှာမျိုးပါဘဲ။

မအလက ညိုစော၊ အောင်လင်းဒွေးနဲ့ ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူး တိုးပေးပြီး သူ့တာဝန်တွေလွှဲပြီး စိုးဝင်းကို ဖင်တေ့ခိုင်းထားရုံမက စိုးဝင်းရဲ့တာဝန်တွေကိုပါ ထုတ်နုတ်ပြီး ဟိုသုံးယောက်ကို ထပ်ဆောင်းပေးလိုက်သေးတာ။ ပြီးတော့ ကြမ်းတပြေးတည်း အထိုင်မခံတော့ဘဲ အောက်ထပ်မောင်းချလိုက်တာ။ ခုတော့ ရေနွေးပွက်ပွက်ထဲ ထည့်ခံလိုက်ရတဲ့ လက်ဖက်ခြောက်ဖတ်လေးပေါ့လေ။ 

ဒီကနေ့ အစားအသောက် လက်ဖက်ခြောက်ကောင်းကောင်းနဲ့ ရေနွေးပွက်ပွက်ဆူ တခွက်သာ။ 

👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar