Breaking News

ကိုနီတွတ် - ပြည်ကြီးရန်စွယ်၊ ပြည်ကြီးရန်ညှောင့် ပြည်ကြီးရန်မီး

Image - Credit


ပြည်ကြီးရန်စွယ်၊ ပြည်ကြီးရန်ညှောင့် ပြည်ကြီးရန်မီး
ကိုနီတွတ်
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၄

ဤကမ္ဘာလောကတွင် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ မျိုးနွယ်တစ်စုနှင့်တစ်စု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ "ရန်စွယ်၊ ရန်ညှောင့်၊ ရန်မီး" ထားကြခြင်းသည်မကောင်း။ ထိုမကောင်းသောအရာများကိုလည်း ကြာရှည်စွစွဲကိုင်မထားသင့်။ ထားခဲ့ပါက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ထားသူတိုင်းအတွက် ဆင်းရဲဒုက္ခ ပူပန် စိုးရိမ် စိတ်မချမ်းသာကိုယ်မကျန်းမာမှုများ တိုးပွားလာနိုင်သည်။ ထိုကြောင့် ထို "ရန်စွယ်၊ ရန်ညှောင့်၊ ရန်မီး " တို့ကို အပြီးတိုင်ဖယ်ထုတ်ရမည်ဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးဖြစ်ရခြင်းမှာ အကြမ်းဖက်မအလဦးဆောင်သည့် စစ်ခွေးတပ်က ပြည်သူများရွေးချယ်တင်မြှောက်အနိုင်ရရှိခဲ့သော ပြည်သူ့အစိုးရထံမှ ဥပဒေမဲ့အာဏာသိမ်းခဲ့ခြင်းကြောင့်ကို လူတိုင်းအသိ။အကြောင်းပြချက်မှာ မဲလိမ်၊ မဲခိုး၊ မဲမသမာမှုပြုလုပ်ခဲ့ခြင်းများကို ဖြေရှင်းမပေးခဲ့ခြင်းဟူသတတ်။ COVID -19 ဒုတိယလှိုင်း အပြင်းအထန်ဖြစ်နေသည့်ကြားက ကျန်းမာရေးနှင့်လိုက်ဖက်သော အစီအမံအကာအကွယ်များဖြင့် မိမိတို့နှစ်သက်ရာအစိုးရကို ရွေးချယ်တင် မြှောက်ခဲ့သောပြည်သူများစိုးရိမ်နေသည့်ကြားက စိုးရိမ်သည့်အတိုင်းဖြစ်ခဲ့ရာ ထိုအာဏာသိမ်းမှုကိုလုံးဝလက်မခံခဲ့ကြ။ ကနဦးနွေဦးတော်လှန်ရေးကို ပြည်သူများလက်သုံးချောင်းထောင်လမ်းပေါထွက်ဆန္ဒပြခဲ့သလို သံပုံတီးဆန္ဒပြခဲ့ခြင်း၊ လူမှုရေးပြစ်ဒဏ်များပေးခြင်းနှင့် အခြားအကြောင်း အရာအမျိုးမျိုးအလိုက် လက်နက်မကိုင်ပဲ ငြိမ်းချမ်းစွာ တော်လှန်ခဲ့ကြသည်။ လက်ထဲကိုင်ထားသည့်အရာဆို၍ ဖိုက်ဗာဂစ်ဂန်းများသာ။ ၄င်းသည်လည်း စခ၊ ရခများကိုပန်လည်တွန်းလှန်ရန်ထက် ကိုယ်ရောင်​ေဖျာက်ထွက်ပြေးကြရန်သာ ရည်ရွယ်ကြသည်။ မြန်မာပြည်အနှံအပြား မြို့တိုင်းရွာတိုင်း ပြည်သူအပေါင်း သိန်းသန်းချီဆန္ဒပြပွဲများကား ကမ္ဘာကျော်ခဲ့သည်။ ကြက်ပျံမကျလမ်းမပေါ်ပြည့်ကြပ်ဆန္ဒပြနေသောပြည်သူများကိုကြည့်၍ မအလဆင်းပေးရန် မထင်လိုက်ပါနှင့်။ အာဏာရူး၍အာဏာသိမ်းခဲ့သောမအလသည်ထိုစဥ်ကတည်းက သမ္မတရူးရူးနေ၍ ပလ္လင်ပေါ်ကဆင်းရန်နှင့် အရှက်မရှိခဲ့သည်ကို လူတိုင်းမျက်ဝါးထင်ထင်မြင်ခဲ့ရသည်မဟုတ်လော။

ညာဥ်ဆိုးကလည်းရှိ၊ လက်နက်ကိုင်တပ်၏ခေါင်ချုပ်လည်းဖြစ်၊ နဂိုကမှကြံ့ဖွတ်ပါတီမနိုင်လျှင် အာဏာ သိမ်းရန်ကြံစီ၊ ကြံစီသည့်အတိုင်းအကောင်အထည်ဖော်ခဲ့သောမအလနှင့် အာဏာရူးဗိုလ်ချုပ်တစ်စု။ ဘာမဆိုလုပ်ရဲသည်ဟုနိမိတ်ပြပြောခဲ့သည့်အတိုင်း ပြည်သူ၏ဆန္ဒကိုအသိအမှတ်မပြု။ သမ္မတလုပ်ချင်လွန်း၍ ဥပဒေအတိုင်းမလိုက်ပဲ အထက်စီးဖြင့် ခြိမ်းခြောက်တောင်းဆိုခဲ့သော်လည်းမရခဲ့သောကြောင့် အကြီးအကျယ်အရှက်ကွဲခဲ့မှုက မအလရူးသွပ်နေမှုကို အဆင်းဘီးတပ်ပေးသလို၊ သူခိုးလက်ထဲ ဓားထည့်ပေးလိုက်သလို ဖြစ်ခဲ့သည်။ လောဘ ဒေါသ မောဟကြီးသူ၊ ဣသာမစ္ဆေရကြီးသူ၊ ဟိရိသြတ္တပကင်းသူ၊ မိမိကိုယ်မိမိသက် တမ်းတိုးခဲ့သူ၊ သူ့လောက်အရည်အချင်းရှိသူမရှိ၍ ဆက်ထမ်းဆောင်ရပါသည်ဟု အရှက်မဲ့စွာပြောခဲ့သူနှင့် အပေါင်းအပါအကြမ်းဖက်များသည်လမ်းမပေါ် ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများ ၏ကို အကြမ်းဖက်နှိမ်နင်းခဲ့သည်မှာ ယခုဆို ၄ နှစ်ထဲရောက်လာလေပြီ။ ထိုအစဦးကတည်းက အကြမ်းဖက်မှုနှင့် ကြမ်းပြရမ်းပြခဲ့သည်။ အပြစ်ရှိသူကို ဥပဒေအတိုင်းဖမ်းဆီးထောင်ချခဲ့ခြင်းမျိုးမဟုတ်။

အကြောင်းမဲ့ဖမ်းချင်ရာဖမ်း၊ ဖမ်းချင်သလိုဖမ်း၊ အဖမ်းခံခဲ့ရလျှင် အလောင်းသွားထုတ်ရန်သာ။ ထိုအလောင်းကိုအလကားသွားထုတ်၍မရ၊ ရုပ်ပျက်ဆင်းပျက် ရင်ဘတ်ချုပ်ရိုးကြမ်းကြီးနှင့်အပြင် အခကြေးငွေပါပေးရသည်။ ရောဂါကြောင့်သေသည်ဟု ဝန်ခံကတိပြု လက်မှတ်ပါထိုးပေးခဲ့ရသည်။ လက်ရဲဇက်ရဲ ထိုမအလစစ်ခွေးတပ်သည် ပါးစပ်ကဥပဒေအတိုင်းဟုတတွင်တွင်ပြောပြီး လက်ကလူသတ်၊ အကြမ်းဖက်နှိပ်စက်၊ ဖမ်းဆီး ၊ ထောင်ချ၊ ဓမြတိုက်၊ မြို့ရွာများမီးရှို့ပြုလုပ်လာခဲ့သည်။ လက်နက်ကိုင်ထိုသတ္တိရှင်များ၏နှုတ်မှလည်း သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး လက်နက်မရှိသောပြည်သူများကို နိုင်ထက်စီးနင်းပြုကျင့်ခဲ့သည်မှာ အကြိမ်ကြိမ်အခါခါ။ အလွန်ရဲရင့်ကြပါပေ့။

မည်သူကများ ခေါင်းငုံခံကြပါမည်နည်း။ ပြည်သူကိုအကာအကွယ်ပေးရန် တာဝန်ရှိပါလျက် ဥပဒေမဲ့လုပ်ရပ်များလုပ်ခဲ့သော အကြမ်းဖက်မအလ၏ လက်ကိုင်တုတ်တို့သည် "လုပ်ချင်သလိုလုပ်၊ နောက်ကြောင်းပြန် မရှိစေရ" အမိန့်ကိုနာခံရင်း ရက်စက်ယုတ်မာရိုင်းစိုင်းခဲ့သည်။ ဖျက်ဆီးခဲ့ကြသည်။ အမှုန့်ကြိတ်ခဲ့ကြသည်။ ထို့ကြောင့် ဤကဲ့သို့နေ၍မရတော့၊ ခေါင်းခံနေလျှင် ခေါင်းပေါ်တက်ချီးပါလာနိုင်သည်ဖြစ်ရာ လက်နက်ကိုင်တော်လှန်မှဖြစ်တော့မည်ဟုတွေးကာ စီစဥ်ကြတော့သည်။ အထူးသဖြင့် လူငယ်အများအပြား တိုင်းရင်းသားဒေသများသို့ စစ်ပညာသင်ထွက်လာကြတော့သည်။ တော်လှန်ရေးအစဦးတွင် တိုင်းရင်းသားအားလုံး မပါဝင်သေး။ ဗမာ၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ ပအို့တော်လှန်ရေးတပ်များက ထိုအကြမ်းဖက် မအလစစ်ခွေးတပ်ကို တွန်းလှန်ခဲ့သည်။ အညာဗမာ PDF များ၊ ပကဖများသည် လက်နက်မမျှမှန်းလည်း သိ၏။ စစ်ပညာမယှဥ်နိုင်မှန်းလည်း သိ၏။ သို့သော် ပြည်တွင်းပြည်ပပြည်သူများ၏ထောက်ခံအားပေးမှုများ၊ ထောက်ပံကူညီတို့ဖြင့် ပြောက်ကျားနည်းဖြင့် ကျားကုတ်ကျားခဲ အသက်စွန့်တွန်း လှန်ခဲ့ကြသည်။ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ပအို့ EROs များကား တောတောင်ရေမြေကျွမ်းကျင်မှုရှိသည့်အပြင် သူတို့၏တန်းတူအခွင့်အရေးကို လက်နက်ကိုင်တောင်းဆိုနေသူများဖြစ်ရာ၊နွေဦးတော်လှန် ရေးကနဦးပါဝင်ခဲ့သောအဖွဲ့များဖြစ်ကြသည်။ သူတို့ထံရောက်ရှိလာသော ဗမာလူငယ်များကို စစ်ပညာသင် ပေးခဲ့သည်။ ထိုလူငယ်များကလည်း EROs များနှင့်အတူ တိုက်ပွဲများတွင်ပါဝင်ဆင်နွဲခဲ့ကြသည်။

အချို့သော EROs များမှလွဲ၍ နွေဦးတော်လှန်ရေးရှည်ကြာလာလေလေ၊ မအလအကြမ်းဖက်တပ်ကို ဆန့်ကျင်သူပိုများလာလေလေ ဖြစ်လာသည်။ဆန့်ကျင်သူပိုများလေလေ အကြမ်းဖက်မှုပိုလုပ်လာလေလေဖြစ်ရာ မြန်မာပြည်အနှံအပြား မအလစစ်ခွေးတပ်၏ဒဏ်ကို ပြည်သူများအလူးအလှိမ့် အပြင်းအထန်ခံခဲ့ရသည်။ အသက်မပြည့်သေးသောကလေးများကအစ ကိုယ်ဝန်ဆောင်၊ မသန် စွမ်းသူ၊ ပိုလီယို၊ လေဖြတ်နေသူ၊ မသွားလာနိုင်တော့သော သက်ကြီးရွယ်အို၊ စိတ်ကျန်းမာရေးချွတ်ယွင်းနေသူများ၊ လူငယ်လူကြီး ယောက်ျား မိန်းမပါ မကျန် မညှာမတာ သတ်ဖြတ်ခဲ့သည်။

လူသားတံတိုင်းအဖြစ်အသုံးပြုသည်။ ကရင်နီနယ်တွင် NGOs ဝန်ထမ်းအပါ အရပ်သားပြည်သူ ၃၀ ကျော် အရှင်လတ််လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။ အနန့်ပါမှသည် ပဇီကြီး၊ စစ်ရှောင်စခန်းများမှသည် စစ်ဘေးရှောင်မိုဘိုင်းရွာများ၊ စစ်ကြောင်းထိုးချိန်မပြေးနိုင်ပဲကျန်နေခဲ့သူများကိုအစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့သည်။ အ​မြောက်၊ လက်နက်ကြီးများဖြင့် ပြည်သူနေသောရပ်ရွာများကို ပစ်ခတ်ပြသည်။ လေယာဥ်ဖြင့်ပေါင် ၅၀၀ ဗုံးများဖြင့် ကျဲချခဲ့သည်။ ဖျက်ဆီးခဲ့သည်။ ကျချင်ရာကျ ထိချင်ထိ ဘာစစ်ရေးပစ်မှတ်မှ အတိအကျမရှိ။ ပြောပြန်သေးသည်။ လူမကျန်လျှင်နေ မြေကျန်လျှင်ရပြီဆိုသော ယုတ်မာရက်စက်သည်။ သူတို့၏အဘိဓာန်တွင် သနားညှာတာခြင်းဟူသော ဝေါဟာရမပါ။ မအလဘက်တော်သားစစ်လော်ဘီများ၏သွေးထိုး ခြေထိုး အသိမပါ အဆင်ခြင်မဲ့မှုများကလည်း ပြည်သူတို့၏ဘဝကို နင်းချေသည်။ လက်ဝေခံကျွန်ပျူစောထီး၊ သွေးသောက်အဖွဲ့ကလည်း ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်။ဘယ်သူသေသေ ငတေမာပြီးရော။

အသိနုံနဲ့ မအလနှင့်စစ်ခွေးအဖွဲ့ကား ငရဲမကြောက် ပြာပူမကြောက်၊ မြွေမကြောက် ကင်းမကြောက်။ သာသနာ့ဒါယိကာဘွဲ့၊ သာသနာပြုမင်းကြီးဟုလည်း ခံယူချင်သည်။ ဗုဒ္ဓဘာသာကိုလည်း ချီးမြောက်ဟန် ပြုချင်သေးသည်။ သူတည်မှ ဘုရား၊ ပြည်သူတည်သော ဘုရား လင်းတနားနား ဆိုသကဲ့သို့။ မကြာသေးခင်က လှိုင်သာယာတွင်၂၄ ပေရှိသောဗုဒ္ဓဆင်း တုတော်မြတ်ကြီးကို ဘက်ဟိုးဖြင့် ထိုးချဖျက်ဆီးသည်။ အနေကဇာတိသံသာရံ အစချီသော ဗုဒ္ဓနှုတ်ကပတ်တော်ဖြင့် ဘုရားရှင်သဘောထားကွယ်နေမှုတွင် ထိုသို့ပြုလုပ်ခြင်းသည် ဘုရားရှင်သွေးစိမ်းထွက်အောင်ပြုလုပ်သည်နှင့်မတူလော။ ထိုဖျက်ဆီးမှုသည် ဘယ်ဘုရားမှကယ်မရသည့် ကံကြီးထိုက်သည့်ဒဏ်ခံရကြောင်း သာသနာပြုမင်းကြီး သိပါလေစ။မြေပြန့်တောင်ပေါ် မည်သည့်နေရာတွင်မဆို ပေါင် ၅၀၀ ဗုံးကျဲချပြီးနောက် လူအများသေကြသည့်အပြင် ဗုဒ္ဓဆင်းတုတော်များ လက်တော်ပြတ်၊ ကိုယ်တော်ကွဲ၊ ကျည်ခ၊ လည်ပင်းတော်ကျိုး စသဖြင့် " ပြာဘုရား၊မီးတိုက် ဘုရားများ" များကို ရင်နင့်စွာဖူးရသည်။ ဘုန်းတော်ကြီးကျောင်းများကား ရစရာမရှိအောင် ပျက်စီးသည်။

ဗုဒ္ဓဘာသာတွင်မက ခရစ်ယာန်ချဒ်ကျောင်းများကိုပါ ဖြိုချဖျက်ဆီးခဲ့သည်။ လက်နက်ကြီးများ၊ ဗုံးများအောက် ပြားပြားဝပ်ကုန်သည်။ ယေရူခရစ်တော်၊ မယ်တော်မာရီတို့၏ မေတ္တာများ မင်းအောင် လှိုင်ထံ မရောက်၍လား။ ရဟန်းသံဃာတော် အရှင်သူမြတ်များ၊ သင်းအုပ်ဆရာတော်များကိုလည်း ချန်မထားခဲ့။ စိတ်ရှိတိုင်းသတ်၊ စိတ်ထင်တိုင်း ထင်ရာမြင်ရာ သွေးရူးသွေးတန်း ယုတ်မာရိုင်းစိုင်းရက်စက်ခဲ့သည်။ ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် ငါနှင်မတူ ငါ့ရန်သူ၊ ငါ့ကိုမထောက်ခံ သေနတ်ကျည်ဆံပေးကြသည်။ ဝိနည်းတော်နှင့်အညီနေထိုင်ကျင့်သုံးသီတင်းသုံးနေသော ရွှေကျင်ဆရာ တော်ကြီး၊ ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး အသတ်ခံရသည် ကလောလောလတ်လတ်သက် သေ။

ဂျီနီဗာကွန်ဗန်းရှင်းအရ မည်သည့်စစ်တပ်မဆို ဘာသာရေးအဆောက်အဦ၊ ဆေးရုံ၊ စာသင် ကျောင်းများတွင် တပ်မစွဲရ။ သို့သော် အကြမ်းဖက်မအလဓမြတပ်က ဒါတွေကိုဂရုမစိုက်။ တပ်စွဲခဲ့သည့်အပြင် လက်မရွံတန်းလုပ်ရပ်များက ယခုနွေဦးတော်လှန်ရေးတွင် မြောက်မြားစွာ။ ဆေးဝန် ထမ်းများကား ဆိုဖွယ်ရာမရှိ။ ကျောင်းဆရာ၊ ကျောင်းသားမချန်ထားပါ။ (အမျိုးသားစာဆို ကဗျာဆရာကြီး မင်းသုဝဏ်ပင် ခံခဲ့ရဖူးသည်ဟုကြားဖူးသည်)သူတို့အတွက် သေနတ်ပစ်ကွင်းလိုဖြစ်ခဲ့သည်။ လုပ်ခဲ့သည်။

ထို့အပြင် 1027 operations ပ+ဒု လှိုင်း၊ 1111 operations၊ 2030 operations၊ ရခိုင်အာရက္ခတပ်တော်စစ်ဆင်ရေးများ၏တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြို့ရွာများကိုလည်း အလွတ်မပေး။ အကြမ်း ဖက်မအလကား သူအားထားရာလေကြောင်းဖြင့် ဖျက်ဆီးနိုင်သမျှ ဖျက်ဆီးခဲ့သည်။ ရခိုင်ပြည်နယ်တွင်လည်း ရိုဟင်ဂျာခေါ်ဘင်ဂါလီများကိုလည်းအတင်းအဓမ္မစစ်ဝတ်စုံဝတ် ရှေ့တန်းပို့ အသေခံစစ်တိုက်ခိုင်းခဲ့သည်။နောက်ဆုံး ရခိုင်တပ်တော်၏တိုက်ခိုက်မှုကြောင့် လက်လွတ်ထွက်ပြေးလာရသော နယ်ခြားစောင့်ရခများနှင့် မိသားစုများကိုပါ မသနားခဲ့။ မအလအကြမ်းဖက်တပ်၏ရက်စက်မှုကား ရေးမကုန်ပြောမကုန်၊ မှတ်တမ်းတင်မဆုံး။ ထိုသို့အနယ်နယ်အရပ်ရပ် မြန်မာပြည်အနှံ့စိတ်ထင်လုပ်ဖျက်ဆီးနေမှုများကြောင့် နွေဦးတော်လှန်ရေးတွင် ကျန်နေသေးသော EROs များလည်း ပါဝင်လာခဲ့ကြသည်။ အဖက်ဖက်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကလည်း နေ့စဥ်နှင့်အမျှ။ ၄ နှစ်ထဲရောက်လာပြီဖြစ်သော်လည်း ကျားကုတ် ကျားခဲ၊ ဇွဲနဘဲ ကြီးကြီး၊ နည်းဗျူဟာကျကျ၊ နောက်မဆုတ်တမ်း ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းနေသည်မှာ မြန်မာပြည် အရှေ့ အနောက် တောင် မြောက် အားလုံးနီးပါး ပါဝင်လာကြသည်။

စီးပွားရေးတွင်လည်း ချွတ်ခြုံကျနေသာ်မှာ ပြန်တက်မှတက်နိုင်ပါ့ဦးမလား။ ရွှေစျေး ၆၈ သိန်းကျော်ဆိုသည်မှာ ဟုတ်မှဟုတ်ပါလေစ။ မည်သည့်နိုင်ငံမှအဖက်မလုပ်၊ ရင်းထားသမျှ နောက် ဆုတ် ထွက်ခွာသွားကြသည်။အဆမတန်ငွေစက္ကူရိုက်ထုတ်နေမှုကလည်း ပြည်သူလူထုတို့၏ ဆင်းရဲဒုက္ခများ မရှူနိုင် မကယ်နိုင်။ သူတို့အုပ်စိုး၍ရနေသေးသော မြို့များရှိလုပ်ငန်းရှင်အသီးသီးတို့သည်လည်း ဥပဒေအတိုင်းပါဆိုသူများ၏ မကြာခဏ ဓမြတိုက်ယူနေမှုကိုခံနေရသည်။ တိုက်တိုင်းရှုံးတပ်ကြီးတပ်သားများလျော့နည်းလာမှုကြောင့် အသက်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဥပဒေပြုကာ၊ ဥပဒေနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊အဓမ္မလူသစ်စုဆောင်း ပေါ်တာဆွဲပြီး ရှေ့တန်းပို့ အသေခိုင်းနေကြသည်။သူတို့အသက်ဆက်နိုင်ရန် ပြည်သူများ၊ အထူးသဖြင့် လူငယ်များကိုချနင်းနေသဖြင့် မိဘများမှာမျက်ရည်နှင့်မျက်ခွက်။

မအလနှင့် အကြမ်းဖက်ဗိုလ်ချုပ်တစ်စုကား နောက်ဆုတ်အရှုံးပေးဟန်မရှိ။ နောင်တဆိုသည်မှာဝေလာဝေး။ ခေါင်းမာနေကြသည်။ မြန်မာပြည်ကြီး မည်သို့ဖြစ်စေ၊ သူတို့အတွက် အရေးမကြီး။ ကုလားမနိုင် ရခိုင်မဲနေခြင်းကို ခုံမင်စွာဆက်လုပ်နေသည်။ စစ်ကိုစစ်နှင့်တူအောင်မတိုက်တတ်ပဲယုတ်မာပြနေကြသည်။ မြန်မာတစ်ပြည်လုံးနီးပါး တွန်းလှန်တိုက်ခိုက်နေခြင်းကိုလည်း အကြမ်း ဖက်ခြင်း၊ သူပုန်ထခြင်း၊ တိုင်းပြည်မငြိမ်သက်အောင် လုပ်နေခြင်းဟု လွဲမှားစွာရှူ့မြင်သည်။ သူတို့ကိုလက်မခံခြင်းကိုလည်းမမြင်။ ဥပဒေနှင့်မညီသည်ကိုလည်း လက်နက်ပြငြင်းနေကြသည်။သူတို့သာ နိုင်ငံတော်၊ သူတို့သာအစိုးရ၊ သူတို့သာ အုပ်စိုးသူလူတန်းစားဟုပုံသေသတ်မှတ်ထားကြသည်။ အဘယ်ကြောင့် မြန်မာတစ်ပြည်လုံးတွန်းလှန်နေကြသနည်း။ ဒူးမထောက်လက်မမြှောက်ပဲ ပါဝင်နေသနည်း။အာဏာရှင်တစ်စုအမြစ်ပြတ်သည်အထိ ချေမှုန်းမည်ဟု ရည်မှန်းကြသနည်း။ ပြည်သူများက အဘယ်ကြောင့်ထောက်ခံကြသနည်း။ ပြည်တွင်းပြည်ပပြည်သူများ၊ မီဒီယာများ၊ အလှူ့ရှင်များ အဘယ်ကြောင့် ညီညာနေကြသနည်း။ NUG အစိုးရကို နိုင်ငံတကာက အဘယ်ကြောင့် အားပေးနေကြသနည်း။ အားလုံးမပြောလည်း သိကြပါသည်။ မအလဦးဆောင်သည့်အကြမ်းဖက်ထိပ်ပိုင်းဗိုလ်ချုပ်တစ်စုနှင့်၊ သူတို့လက်ဝေခံများ၊ အားပေးအားမြောက်ပြုလုပ်​​နေသူများ၊ အာဏာရှင်ဟောင်းများ၊ စခ၊ ရခများသည် "ပြည်ကြီးရန်စွယ်၊ ပြည်ကြီးရန်ညှောင့်၊ ပြည်ကြီးရန်မီး" များ ဖြစ်နေသောကြောင့် မဟုတ်လော။ မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်မှာပါမရှိသင့်မရှိထိုက်သော အဖျက်သမားအုပ်စု၊ မကောင်းဆိုးဝါးများမဟုတ်ပါလော။

မြန်မာပြည်သူများ၏ပြည်ကြီးရန်စွယ်၊ ပြည်ကြီးရန်ညှောင့်၊ ပြည်ကြီးရန်မီးတို့ကို အပြီးတိုင်တိုက်ထုတ်နေသည့် နွေဦးတော်လှန်ရေးကား တစ်ပြည်လုံးအုံးအုံးခြိမ့်ညံနေသည်မှာ အားရစရာကောင်းလိုက်ပါဘိ။   ။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar