ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၀ )
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁၀ )
(မိုးမခ) ဩဂုတ် ၂၅ ၊ ၂၀၂၄
မအလ ဆိုတဲ့ကောင်က ကြောင်တောင်တောင် ဟောင်သလိုလို တွန်သလိုလိုကောင်။ မောင်းချောက်မှန်တဲ့ကြက်လို ကြည့်တိကြက်တက်နဲ့ ပျော့တူးမနပ်ရုပ်။
မီးမလာပါဘူးဆိုမှ လျှပ်စစ်ကားသွင်းတယ်။ သွင်းခွင့်ကလဲ သူ့သားနဲ့သမီး။ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ချိန်မှ သားကို အသက်အာမခံကြေး ကုမ္ပဏီထောင်ပေးထားမိ။ ရှိသမျှရုပ်ရှင်ရုံ စတိတ်ရှိုး စကစနဲ့ပတ်သက်တာမှန်သမျှ သပိတ်မှောက်တဲ့ခေတ်မှ ရုပ်ရှင်ဂီတထုပ်လုပ်ရေးကို သမီးလေးအပိုင်စားပေးထားပြန်သေး။
အာ့လိုကောင်၊ ဒီအူကြောင်ကြား နွားတူခွေးတူကို ပူစရာအကြောင်းမရှိ ကောင်းကောင်းဖိဖို့ဘာမှမခက် ဒီကောင် ဆက်ကာချုပ်လုပ်နေဖို့ဘဲလိုတာ။
လူထုညီဖို့ဘဲဆိုတာ နမူနာတခု ကြည့်လိုက်၊ စစ်ဘောထမ်းကေ့စ်ကို ဖျင်ဆွဲတေ့လိုက်တဲ့အကွက်။
ရန်ကုန် အောက်ကြည့်မြင်တိုင်လမ်းမ ရွှေလိပ်ပြာအိမ်ရာနားမှာ ရဲခွေးနဲ့ ပျူခွေးတွေက အိမ်စီးကားနဲ့။ လူငယ် ၁ ဦးကို အရပ်ဝတ်နဲ့ လူ ၅ ကောင်က တပြိုင်တည်း ဆင်းလာပြီး ဝင်ဆွဲတုန်း ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းတော့ ပြည်သူတွေ ဝိုင်းလာလို့ ရဲနဲ့ ပျူစောထီးတွေ ကားပေါ်ပြန်တက် မောင်းပြေးသွားရတယ်။ အဲဒီကားဟာ ကြည့်မြင်တိုင်နဲ့ အလုံတဝိုက်မှာ ညအချိန် အမြဲပတ်နေပြီး လမ်းသွားလမ်းလာ လူငယ်တွေကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားနေကျကား။
ခု ဒီကောင်တွေ ကိုယ့်ဘာသာဆီဖြတ်ပြီး ဆီပြန်ပေးဆွဲနေကြတယ်။
"ဦးစားပေး ချန်ခိုင်းတဲ့ ဆီပမာဏကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင်မတူဘူး။ စက်သုံးဆီဆိုင်တွေမှာ သူတို့ ယူတဲ့ဆီ ပမာဏအလိုက် များရင်များသလို နည်းရင်နည်းသလို ဦးစားပေးချန်ပေးရတယ်။ ဥပမာ- တချို့ဆိုင်တွေမှာ ဆီလီတာ ၂၀၀ လောက် စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာအတွက် ချန်ပေးရတယ်" တဲ့။ ဒါလဲ ပြည်သူက ငုံ့မခံဘဲ တုံ့ပြန်ဆုံးမမှု မပြုသေးလို့။ ပြုရင် ကာချုပ်နဲ့အပြိုင် ပုအုံးမှာ။
"ရွာအစည်းအဝေးလုပ်တော့ ကိုးကန့်လူကြီးတွေက မှာတယ်လေ။ နိုင်ငံရေးတိုက်ပွဲက ဘယ်လိုလာမလဲ မသိနိုင်တာကြောင့် စားနပ်ရိက္ခာတွေ မဖြုန်းကြဖို့နဲ့ နိုင်သလောက် ကိုယ့်အိမ်ဝင်းလေးထဲ သီးနှံတွေ စိုက်ပျိုးကြဖို့ ပြောသွားတယ်။ ဒီကိုးကန့်ဒေသဘက်က ခု ကျပ်တည်းတယ်လေ" တဲ့။
ဒါကိုကြားတော့ အာဏာသိမ်းပြီးစ တန့်ဆည်ဘက်မှာ လက်လုပ်ဂန်းကိုင်လေးတွေ စပစ်သတ်ခံရ၊ ရွာ မီးအရှို့ခံရတာတွေ စလာတော့ တန့်ဆည်ဘက်ကလူတွေက "ရတဲ့နေရာမှာ စိုက်လို့ရတာ စိုက်ခဲ့တာပဲ၊ ဘယ်သူစားစားပေါ့၊ စားစရာရှိနေဖို့ပဲ၊ ဘယ်လိုနေနေ ဒီနည်းနဲ့ ပြီးအောင် တော်လှန်ရမယ်" လို့ပြောကြတာကို သတိရတယ်။
တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့ တရုတ် - နယ်စပ်ဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပိတ်လိုက်ပြီး "ဝ" - တရုတ် ဂိတ်တွေမှာလဲ ကုန်ပစ္စည်းအဝင်အထွက်တွေကို တင်းကျပ်ထားတယ်လေ။ ဝမ်ယိ ချိုင်းနိ ဘာလဲ ဘယ်လဲပေါ့။ ဒီဖြတ်လေးဖြတ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့က ရသလောက်စိုက်ပျိုးထားဖို့ဘဲ မဟုတ်လား။
“ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ နီးပါးခန့်နဲ့ ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့”
"လားရှိုးဆေးရုံမှာ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းအချို့ကိုလဲ ကုသမှုပေးနေတယ်၊ လားရှိုးပြည်သူ့ဆေးရုံကြီးကို ခေတ်မီ ဆေးဝါး၊ ခေတ်မီ စက်ပစ္စည်းကိရိယာများထပ်မံဖြည့်စွက်ပြီး နိုင်ငံတကာ အဆင့်မီဆေးရုံဖြစ်အောင် ဆောင်ရွက်သွားမယ်" လို့ ဒေါက်တာဘသက်ရဲ့ ပြောစကားကလဲ နားဝင်ချိုပေစွ။ ဒါဟာ လူထုကျန်းမာရေးဝန်ဆောင်မှု အလံတော်ကို CDMer တွေနဲ့ တင်နိုင်ပြီပေါ့လေ။
စစ်ရေးနဲ့ အုပ်ချုပ်ရေးအပိုင်းကို MNDAA က ကိုင်တွယ်ပြီး ကျန်တဲ့ ပညာရေး၊ ကျန်းမာရေးအပြင် ဌာနဆိုင်ရာ ကိစ္စရပ်တွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF၊ နိုင်ငံရေးအကျဉ်းသားတို့က တာဝန်ယူမှာဖြစ်ပြီး မြို့တွင်း လုံခြုံရေးအပိုင်းမှာ MNDAA ရဲ့ ရဲတပ်ဖွဲ့ဝင်ကို နေရာပေးပါတယ်တဲ့။ ဘယ်လောက် လှလဲ။ ကိုယ့်မြို့ကိုယ့်နယ်ကို စိတ်ကြိုက်ဆေးခြယ်ဆွဲတော့ မကြာခင် အလှပဆုံး ပန်းချီကားချပ်ကြီးတွေ မြင်ကြရတော့မှာမလွဲပေါ့။
တချို့နေရာတွေ လင်းရောင်ခြည်မြင်ရပေမယ့် တချို့နေရာတွေ မှောင်တုန်း။
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ အဓမ္မပြုကျင့်မှု ဖြစ်စဉ်ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့က ဗျိုင်းဖြူကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့တဲ့နေ့မှာ ဖြစ်ပွားခဲ့တယ်။ စစ်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်များမှာ အသက် ၁၀ နှစ်ကျော်အရွယ် ၂ ဦးနဲ့ အသက် ၂၀ ကျော် ၁ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
"ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ။ အဲဒီမှာ အဲဒီကောင်မလေးက သူ့အဘိုးနဲ့အတူ ကျန်ခဲ့တယ်။ အဘိုးက နေမကောင်းလို့ မထနိုင်ရှာဘူး။ ကောင်မလေးက စိတ်မမှန်တော့ ခေါ်မရလို့ ထားခဲ့ရတာ။ နှစ်ယောက်တည်း ကျန်ခဲ့တုန်း စစ်သား ၅ ယောက်ဝင်လာပြီး အဓမ္မကျင့်ကြတာ အဘိုးဖြစ်သူက မြင်ခဲ့တယ်။ အဘိုးဖြစ်သူကိုလည်း ရိုက်နှက်ပြီးထားခဲ့ကြတယ်"
"အဲ့နေ့ ညဉ့် ၁၂ နာရီလောက်မှာ အမျိုးသမီးတချို့ကို လူအုပ်ကနေ ခွဲထုတ်ပြီး ခေါ်သွားတယ်။ အဲ့ထဲမှ အသက် ၁၅ နှစ် ကောင်မလေးတစ်ယောက် ပါသွားတယ်။ ကျန်တဲ့သူတွေ ပြန်ပို့ပေမယ့် သူ့ကိုကျတော့ ပြန်မပို့ဘူး။ သူ့ကို မျက်နှာကိုအုပ်ပြီး တခြားနေရာကို ခေါ်သွားကြတယ်။ အဲဒီကောင်မလေးကို မိသားစုဝင်တွေ ငိုယိုလိုက်ရှာကြတော့ နောက်တစ်နေ့ ညနေစောင်းလောက်ကျမှ ပြန်ခေါ်လို့ ရခဲ့ကြတယ်။ ဘာတွေဖြစ်ခဲ့လဲ မေးကြည့်တော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သိရတယ်"။
အသက် ၂၀ ကျော်အမျိုးသမီးတဦးကတော့ ဖြစ်စဉ်ကို ထုတ်ဖော်မပြောလိုဘူးတဲ့။
ဗျိုင်းဖြူကျေးရွာက အမျိုးသား၊ အမျိုးသမီးတွေဟာ မေလ ၂၉ ရက်ကစပြီး လက်နောက်ပြန်ကြိုးတုပ်ရက်နဲ့ ရွာပြင်မှာ ၃ ညခန့် စုဝေးအိပ်ခဲ့ရတယ်။ အမျိုးသမီးတချို့အပါအဝင် အမျိုးသား ၂၀၀ ကျော် အဖမ်းခံရတယ်။ အဲဒီထဲက ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ သက်ကြီးပိုင်း အမျိုးသားများနှင့် အမျိုးသမီးများ၊ ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်လွတ်လာကြသူများက ပြောကြတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများအပါအဝင် စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ AA က ထုတ်ပြန်ပြောဆိုထားတယ်။
စစ်တွေကတော့ အတွင်းမီး အပြင်မီးနဲ့ ဒုက္ခမျိုးစုံပေါ့လေ။ ဝေးသွားလဲ မလွတ်၊ မပြေးနိုင်သူတွေကတော့ ငရဲက မကျွတ်။ မြို့ကို မိုင်းပတ်ပြီး လူသားတွေကို ဒိုင်းလုပ်ထားခံရတာ။
စစ်တွေမြို့က စစ်ဘေးရှောင်နေသူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်း ခိုးယူသူအများစုဟာလဲ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ဆက်စပ်နေသူတွေတဲ့။
မြို့ခံတဦးက “အခုက ခိုးတဲ့သူတွေက ALP ကို ဝင်ထားကြတယ်။ ခိုးလို့ ရဲစခန်းမှာ အဖမ်းခံရရင် ALP က သူတို့အဖွဲ့ထဲဝင်ဖို့ ခေါ်ပြီး အာမခံနဲ့ထုတ်ပေးတယ်လို့ ကြားတယ်။ ဒါကြောင့် နာဇီရွာတို့၊ ရွှေပြားတို့ဘက်က တချို့ဆို ALP ထဲ မနည်းဝင်သွားကြတယ် ကြားမိတယ်။ ဒီလောက် နေ့ခင်းကြောင်တောင် အိမ်တွေက ပေါ်တင်ခိုးရဲတယ်။ အိမ်ပေါ်မှာ တက်နေရဲတယ် ဆိုကတည်းက စဥ်းစားကြည့်လေ။ နောက်က အဖွဲ့အစည်းတစ်ခု ရှိနေတယ်ဆိုတာ သေချာနေတာဘဲ မဟုတ်ဘူးလား” လို့ပြောပါတယ်။
“ခိုးကြတယ်ဆိုတာမှာ နေ့ခင်းကြောင်တောင် တက်ခိုးတယ်။ ကျနော်တို့အိမ်နားမှာဆို အိမ်ပေါ်မှာ မူးယစ်ဆေးပါ သုံးကြသေးတယ်။ ဒါကိုမြင်လို့ သွားတားမယ်ဆိုရင် ကိုယ့်ကို အသက်အန္တရာယ်ပြုနိုင်လို့ မပြောရဲဘူး။”
ရခိုင်မှာ ဆေးပြားသားကောင်တွေကလဲ အများသား မဟုတ်လား။ ၁၉၉၀ လောက်က စတင်ခဲ့တဲ့ စစ်အုပ်စုရဲ့ မူးယစ်ဆေးပြားစီမံချက်ဟာ သူ မှန်းတဲ့ အရပ်သားလူငယ်တွေတင်မကတော့ဘဲ စစ်တပ်အရာရှိပိုင်းနဲ့ ငွေအလကားရတဲ့ သူတို့သားသမီးတွေဆီထိ ရောက်အောင် အောင်မြင်မှု လွန်ကဲသွားတာလေ။ ဒါတွေကလဲ စစ်ခွေးအမြစ်ပြတ်မှ ဆေးအမြစ်ပြတ်မှာဘဲ။
မြို့ခံအမျိုးသမီးတဦးကလဲ “အလုပ်မရှိ အကိုင်မရှိကြတော့ ခိုးတဲ့သူတွေမှာလဲ ခိုးကြတယ်။ လူမနေတဲ့ အိမ်တွေကို ဖြိုပြီးတော့ ရောင်းစားသူတွေလဲ စားကြတယ်။ တချို့ဆို အိမ်ဖြိုထားတဲ့ သစ်ပုံတွေကို ဝယ်ပြီး ထင်းအဖြစ် ရောင်းစားကြတယ်” လို့ ပြောပါတယ်။ ဒါက တတိုင်းတပြည်လုံးဖြစ်ချင်တိုင်းဖြစ် အခြေအနေရောက်သွားအောင် တမင်ထိုးချလိုက်တာတွေလေ။ ခိုးဆိုးလုယက်သတ်ဖြတ် သောင်းကျန်းနေသူနဲ့ ကြောက်လန့်တုန်လှုပ် ကျိုးနွံနေသူနှစ်မျိုးထဲ ရှိအောင်လုပ်တာ။
ဒီလို စစ်ရာဇဝတ်ကောင်တွေကို AAက အမြန်နှုန်းနဲ့ ဖြတ်နေသလို KIA ကလဲ မှန်မှန်ဝုန်းနေပါတယ်။ ဌာနချုပ်တွေကို တူပြိုင် ယူနိုင်တော့မှာပါ။
KIA နဲ့ ပူးပေါင်းတပ်တွေက မိုးမောက်သိမ်းပြီး ဗန်းမော်ကိုဆော်နေသလို တပြိုင်တည်းမှာ ထီးချိုင့်မြို့ တစ်ဖက်ကမ်း၊ မြတောင်ရှိ ကာကင်းစခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ ဗုံးအလုံးတရာကျော် ကြဲချခဲ့တယ်။ ထီးချိုင့်ကတော့ ကျေပြီးသားမြို့ပါ၊ ထပ်ချေတာပေါ့လေ။ ထီးချိုင့်ကျရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျတော့မှာကိုး။ ပြီးရင် စစ်ကိုင်း မန်း လှမ်းလိုက်ရုံ ဆိုတော့ကား။
အဲသလို မအလ အခြေအနေက မိုးထဲလေထဲမှာဆိုတာကို မသိသားဆိုးရွားတာက ထောင်ဝန်ထမ်းတွေ။
သရက်ထောင် လက်ထောက်ဦးစီးမှူး ဗိုလ်ကျော်ဇေယျစိုးက ဓားပြမှုသမားတွေကို လက်သပ်မွေးကာ အသစ်ရောက်လာသူတိုင်းကို သီးသန့်တိုက်ပိတ်ထားပြီး ၁ ဦးကို ၃ သိန်းကနေ ၅ သိန်းထိ ငွေညှစ်တယ်။ မပေးနိုင်ရင် ပုံစံမောင်းတယ်၊ ခြိမ်းခြောက်ရိုက်နှက်တယ်၊ မတန်တဆ အလုပ်ကြမ်းတွေ ခိုင်းတယ်။ ခဏနေ ဘယ်ရပ်ဌာနေ ပြေးကြလေမည် မသိ။
ငါန်းဇွန်မြို့နယ် ငါန်းမြာကြီး နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းဝင်ရောက်တိုက်ခိုက်တော့ စခန်းမှူးက ဆိုင်ကယ်စီးပြီး လစ်ပြေးသွားတာ တိုက်နေတဲ့ သူ့လူတွေတောင် မသိလိုက်ဖူးတဲ့။ ဒီကောင်ကတော့ မိုးလေဝသသတင်း အမြဲနားထောင်သူလို့ ဆိုရမယ်။ သူ့အောက်ကအကြပ်တွေ အချောင်တွေ အကုန်နာတာပေါ့။ ဒါပေလို့ အဲဒီကောင်တွေကလဲ နွားထိုးကြီးက ပြေးလာရတဲ့ကောင်တွေဆိုတော့ ပျဉ်ဖိုးနားလည်ပြီးသား။ သုံ့ပန်းအဖြစ်နဲ့ ဆေးတောင် အကုသခံနေရပြီ။ ဒီအကွက်လဲ လှတာပါဘဲ။ CDM မလုပ်သာရင် သုံ့ပန်းလုပ်ကြပေါ့။
ဒီကာလမှာ ဂိတ်စခန်းတွေကတော့ ကြိတ်စမ်း ဆိုတဲ့ ပစ်မလွဲလေးတွေ။
ပခုက္ကူ-ကမ္မ ကားလမ်းမကြီးမှာ ပြည်သူတွေအပေါ် အတင်းအဓမ္မ ငွေကြေးကောက်ခံတဲ့ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတဲ့ ညောင်ဂျစ်ပင်ရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းထားတဲ့ ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကောင်စီတပ်သားနဲ့ ပျူ ၆ ကောင်ထက်မနည်း သေဆုံးကာ(G-3) အမျိုးအစား သေနတ်တစ်လက်ကိုလဲ သိမ်းဆည်းနိုင်ခဲ့တယ်။ ပြည်သူ့စစ်ခေါင်းဆောင် အိမ်ရှိ ရိက္ခာပစ္စည်းတွေကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်။ ဆိုတော့
ရှေ့လျှောက် ဖြတ်လေးဖြတ်သာ ကိုးကွယ်ရာဆိုတဲ့တပ်က ဂိတ်တွေ ဂိတ်တွေ ပိုပိုတိုးချဖို့ လုပ်လာပြီလေ။ ဂိတ်တွေက မအိပ်မနေလေးတွေအဖို့ အသက်ရှည်ဖို့ လမ်းမရှိနိုင်တော့။
လမ်းကြုံကစ်တာလဲ လျှော့မတွက်နဲ့နော်၊ နတ်မောက်မြို့၊ မြင်းတဲကျေးရွာနဲ့ ကန်လေးကုန်းကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေ သွားမယ့်လမ်းကို မိုင်းကြိုထောင်နေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ဂွေးကုန်းရွာကနေ ထွက်ခွာလာတဲ့ အင်အား၂၀ပါ (စစ်သား+ရဲ) စစ်အုပ်စုတွေ မီတာ ၂၀ အကွာအဝေးကနေ မိနစ် ၂၀ ကြာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြတယ်။
"ကျနော်တို့ရဲဘော်တွေ မိုင်းထောင်နေတုန်း သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့တာ ဆိုတော့ လူအင်အားလည်း မမျှတော့ ကိုယ့်လူ ထိမှာစိုးလို့ ၄၀ မမရော လက်နက်ငယ်တွေနဲ့ပါ ကာပစ် ပစ်ရင်း ပြန်ဆုတ်ခဲ့ရပါတယ်။ တိုက်ပွဲထဲ စစ်အုပ်စုက အရာရှိ ၁ ကောင် သေပြီး ရဲ ၁ ကောင်ကတော့ ၄၀မမထိလို့ ဒဏ်ရာရပြီး နောက်ဆုတ်သွားပါတယ်။ ဝင်လာတုန်းက အယောက် ၂၀ ကို ၁၂ ယောက်ပဲ ပြန်ထွက်သွားတာ တွေ့ရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ အတည်ပြုနိုင်တာကတော့ ဒါပဲ ရှိပါသေးတယ်။" လို့ Aung San's Land အဖွဲ့ တာဝန်ရှိသူက ပြောသတဲ့။
ကဲ ဒီလိုနဲ့လဲ တစတစ မျိုးတုံးကြမှာ သေချာတာပဲ လေ။
👉ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar