လှကျော်ဇော - ဝမ်ယိ ခရီးစဉ်ရဲ့ နောက်ကွယ်မှာ
လှကျော်ဇော - ဝမ်ယိ ခရီးစဉ်ရဲ့ နောက်ကွယ်မှာ
(မိုးမခ) ဩဂုတ် ၂၃ ၊ ၂၀၂၄
ဗမာပြည်ကြီးမှာ သြဂုတ်လဆန်းက စလို့ အလှုပ်အခတ်များလှတဲ့ သတင်းပေါင်းစုံ ပျံ့နှံ့နေပါတယ်။
သြဂုတ် ၃ ရက်နေ့မှာ လားရှိုးမြို့ တော်လှန်ရေးတပ်ဖွဲ့များ လက်ကျသွားပါတယ်။
သြဂုတ် ၅ — မအလ တနိုင်ငံလုံးကို အသံလွှင့် မိန့်ခွန်းပြောပါတယ်။ တရုတ်ကို နာမည်မဖော်ဘဲ အကြီးအကျယ် တိုက်ခိုက်ပြောဆိုသွားပါတယ်။
သြဂုတ် ၆— စကစ ရဲ့ အားပေးမှုနဲ့ ရန်ကုန် အပါအဝင် မြို့အတော်များများမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။
သြဂုတ် ၈ — တရုတ်က အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကို မအလ က တွေ့ဆုံ။
သြဂုတ် ၁၃— စကစ အတွင်း အပြန်အလှန် အာဏာသိမ်းပွဲ သတင်းများတက်။
လူထုအတွင်း စိတ်လှုပ်ရှားမှုတွေ ပြင်းထန်နေစဉ်—
သြဂုတ် ၁၄ — တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ရောက် မအလနဲ့ တွေ့။
မအလကို ပြုံးပြုံးရွှင်ရွှင် တွေ့ရ။ (အာဏာသိမ်းသတင်းက ဂျင်းပေါ့။)
တွေ့ဆုံဆွေးနွေးမှုများအပေါ် စကစနဲ့ တရုတ် ဆင်ဟွာသတင်းဌာနများ အသီးသီး သတင်းများ ထုတ်ပြန်။ မသိမသာ ကွဲလွဲချက်များ တွေ့ရ။ ဘာကြောင့်လဲ။
တကယ်တော့ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြီးရင် သဘောတူကြေညာချက် (communique) ဆိုတာ ထုတ်ပြန်ရပါတယ်။ ဆွေးနွေးချက်များမှာ သဘောတူညီမှု မရရင်တော့ သီးခြားစီ ထုတ်ပြန်ပြီး မိမိတို့ဘက်က ပေးချင်တဲ့ သတင်းစကားကို ပေးရတာပါ။ (ဒီတော့ဆွေးနွေးပွဲက သိပ်အဆင်ချောပုံမရ။)
ဒီတော့ တရုတ်က ပေးချင်တဲ့ သတင်းစကားက ဘာလဲ။
၁။ တရုတ် ဆန့်ကျင်ရေးတွေ မလုပ်ဖို့။
၂။ စေ့စပ်ဆွေးနွေး အဖြေရှာဖို့။
၃။ လာမယ့်ရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေအားလုံး ပါ၀င်နိုင်ဖို့။
စကစ က ပေးချင်တဲ့ သတင်းစကားကရော—
၁။ တရုတ်က မြောက်ပိုင်းအဖွဲ့ကို မထောက်ခံ။
၂။ စကစ လုပ်မယ့် ရွေးကောက်ပွဲကို တရုတ်က ကူညီမှာ။ သဘောက စကစကို ထောက်ခံမှာ။
စတာ စတာများပါ။
တရုတ်ကတော့ ဗမာပြည်ကြီး အေးချမ်းပြီး မိမိတို့ရဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းရှာစေချင်တာပါ။ သူတို့ရဲ့ ပိုးလမ်းမစီမံကိန်းကို မှီပြီး အပြန်အလှန်အကျိုးရှိနိုင်မယ့် လမ်းရှာစေချင်ပြီး၊ ပူးတွဲလုပ်ဆောင်ချင်နေတာပါ။ ပြည်တွင်း မတည်ငြိမ်မှုတွေ ရက်ရှည်လာရင် တခြားပယောဂတွေ ဝင်လာမှာစိုးပုံရပါတယ်။
ဒါပေမဲ့ ဗမာပြည်သူတွေအားလုံးကတော့ မိမိတို့ရဲ့ အတွေ့အကြုံအရ၊ ဒီစကစ (တနည်း) စစ်အာဏာရှင်စနစ် ရှိနေသရွေ့ တိုင်းပြည်ကြီး မငြိမ်းချမ်းနိုင်ဘူး၊ မတိုးတက်နိုင်ဘူး-ဆိုတာသဘောပေါက်ပြီးသား။ ဒီစစ်တပ်ဟာ ပြည်တွင်းစစ် ရှိနေမှ သူတို့ သက်ဆိုးရှည်နိုင်မယ်။ သူတို့သာတိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ကိုင်စွဲထားနိုင်ပြီး အခွင့်ထူးဟူသမျှ ရယူထားနိုင်မှာဆိုတော့ တိုင်းပြည်ကြီးကို မအေးချမ်းစေချင်ဘူးဆိုတာ နားလည်ပြီးသား။ တိုင်းပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံတယ် ဆိုတာ မြင်ထားပြီးသား။
ဒါကြောင့်ပဲ 'ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်' ဆိုတဲ့ ပြည်သူတွေရဲ့ ကြွေးကြော်သံ ပေါ်ထွက်လာပြီး ဒီစစ်တပ်ကို အပြတ်တိုက်ဖို့ဆိုရင် ရနိုင်သမျှအင်အား အားလုံးစုစည်းပြီး ဟန်ချက်ညီညီ လှုပ်ရှားလုပ်ဆောင်ကြရမယ်လို့ နိဂုံးချုပ်ထားပြီးပါပြီ။
ဝမ်ယိက ဦးသန်းရွှေကို သွားနှုတ်ဆက်တဲ့ သတင်းထွက်လာတော့လည်း ဂျင်းသတင်းမျိုးစုံ ထွက်လာပါသေးတယ်။ စိတ်ကူးမယဉ်ပါနဲ့။ တရုတ်တွေက ဒီလိုမျိုး လုပ်တတ်ပါတယ်။ သူတို့မိတ်ဟောင်းဆွေဟောင်းတွေကို သွားရောက်တဲ့နိုင်ငံတိုင်းမှာ သွားနှုတ်ဆက်နေကျ။
(စကစ က သတင်းတောင် မထုတ်။)
ဒီတော့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြရုံပါပဲ။
လှကျော်ဇော
၂၁-၈-၂၀၂၄။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar