ကိုသန်းလွင် - အမြင်၊ အကြားအာရုံနှင့် ဒီမင်းရှားရောဂါ
ကိုသန်းလွင် - အမြင်၊ အကြားအာရုံနှင့် ဒီမင်းရှားရောဂါ
(မိုးမခ) ဩဂုတ် ၂၄ ၊ ၂၀၂၄
( ၁ )
အာရုံခံအင်္ဂါများ၏ သတ္တိလျော့နည်းခြင်း၊ အာရုံခံရန် ပျက်ကွက်ခြင်းသည် အနည်းငယ်မျှပင်ဖြစ်စေ သင် ၏ဦးနှောက်ကို ထိခိုက်နိုင်ပါသည်။ အောက်ပါအချက်များသည် ဤအဖြစ်ကို ကာကွယ်နိုင်ရန် သင် လုပ်ဆောင် နိုင်သည့်အချက်များ ဖြစ်ပါသည်။
အသက် ၆၅ နှစ်ကျော်လျှင် သင်၏အမြင်သည် အနည်းငယ်မျှ ချို့ယွင်းပျက်စီးပါက ဒီမင်ရှား (dementia) ဖြစ်ရန် သင်သည် ၅၀% ပိုမိုနီးစပ်သွားပါသည်။ ဒီမင်းရှား ဆိုသည်မှာ ဦးနှောက် ပုံမှန်အလုပ်မလုပ်တော့ဘဲ ရူး သွပ်သွားခြင်းကို ဆိုလိုပါသည်။ အကယ်၍ ဤပြဿနာများကို ဖြေရှင်းနိုင်ပါက ဤအခွင့်အလမ်းသည် လျော့ကျ သွားပါလိမ့်မည်။
၎င်းသည်မှာ လွန်ခဲ့သောလက ထွက်ပေါ်ခဲ့သော အပြည်ပြည်ဆိုင်ရာဒီမင်ရှားဖြစ်ပွားမှုများ ကာကွယ်ရေး အဖွဲ့၏ အစီရင်ခံစာအရ ဖြစ်ပါသည်။ ၎င်းတို့က အမြင်ချို့ယွင်းခြင်း (Vision Impairment) ကို ဒီမင်းရှား ကာကွယ် ရေးအတွက် ၁၄ ခုမြောက် ဖြစ်နိုင်ဖွယ်ရာ လိုအပ်ချက်များတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ အခြားသော အချက်များမှာ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါ၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်မှု၊ သွေးတိုးခြင်းစသည်တို့ ဖြစ်ပါသည်။
( ၂ )
ကျွမ်းကျင်သူတို့က အမြင်မှုန်ဝါးလာမှုကို ထည့်သွင်းလိုက်ခြင်းမှာ အံ့အားသင့်စရာ အချက်တော့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နားလေးခြင်းကဲ့သို့ အာရုံချို့ယွင်းခြင်းကိုလည်း ဒီမင်းရှားဖြစ်ရန် အချက်အလက်တစ်ခု အဖြစ် ထည့်သွင်းခဲ့ကြသောကြောင့် ဖြစ်ပါသည်။
အောက်ပါအချက်များမှာ ကျွန်တော်တို့ သိသိသမျှ အမြင်မှုန်ဝါးခြင်းနှင့် နားလေးလာခြင်းကဲ့သိုသော ဒီမင်ရှား ဖြစ်ပွားမှုတို့ ဆက်သွယ်သောအချက်များ ဖြစ်ကြပါသည်။
အာရုံခံအင်္ဂါများမှ အာရုံခံသော အချက်အလက်များ လျော့နည်းသွားခြင်းသည် ဦးနှောက်သို့ ပို့ပေးရန် အချက်အလက်များ လျော့နည်းသွားခြင်းပင် ဖြစ်သည်။ ဦးနှောက်၏ တစ်သျှူးများသည် သုံးလျှင်သုံး၊ မသုံးလျှင် ဆုံးရှုံးမည် ဆိုသည့်အတိုင်း ဦးနှောက်တွင်လုပ်စရာ စွမ်းရည်တစ်ခု လျော့နည်းသွားခြင်းပင် ဖြစ်သည်။
ဦးနှောက်မှ အကြားအာရုံကို ကိုင်တွယ်သောနေရာသည် အယ်ဇိုင်းမား (Alzeimer ) ရောဂါဖြစ်ပွားစေသော ဧရိယာနှင့် နီးကပ်နေပေရာ အနာတိုမီ ဥပဒေများအရ နီးစပ်နေပါသည်။ အမြင်အာရုံကို ခံစားသောနေရာမှာ ဦးနှောက်၏ တခြားနေရာမှာ ဖြစ်သော်လည်း ဤအာရုံ ဖြစ်ပေါ်လာသောကြောင့် တခြားနေရာတို့တွင်လည်း (Casecade) သဖွယ် အကျိုးသက်ရောက်မှုများရှိပါသည်။ အမြင်အာရုံ လျော့နည်းသွားသည်နှင့် ထိုဧရိယာများ စွာတို့တွင် ဦးနှောက်တစ်သျှူးများ အသုံးပြုမှု လျှော့နည်းသွားသည်။ ၎င်းသည် ဦးနှောက်၏ တည်ဆောက်ပုံကို လည်း ထိခိုက်စေပါသည်။
ထိုသို့ အာရုံခံအင်္ဂါများ သုံးစွဲမှုလျော့နည်းသွားပြီးဆိုသည်နှင့် လူတို့သည် ပြင်ပအသိုင်းအဝိုင်းကို စွန့်ခွာကာ တဦးတည်းနေလေ့ရှိသွားကြပါသည်။ အများနှင့် မရင်ဆိုင်လိုတော့သောသဘော ဖြစ်ပါသည်။ လူသည် အထီး ကျန်ဖြစ်ပါက လူ့ဦးနှောက်ကို ထိခိုက်ပြောင်းလဲစေခြင်းမှာလည်း သက်သေပြချက်များစွာရှိသော အချက် တစ်ခု ဖြစ်နေပါပြီ။ ဤသို့ဖြင့် ထိုသူတွင် ဒီမင်ရှား အခြေအနေသို့ ဦးတည်သွားပါတော့သည်။ မသိစိတ်က ထိုလူကို တယောက်တည်း နေရန် သွေးဆောင်နေပါတော့သည်။
အမြင်အာရုံ ပျက်ပြားသွားပြီ ဆိုသည်နှင့် ထိုသူမှာ ပါတီပွဲများသို့ မသွားရောက်နိုင်တော့ပါ။ အကြားအာ ရုံ ပျက်စီးသွားသူတို့မှာ ပါတီပွဲ၊ နိုက်ကလပ်များကို တက်ရောက်နိုင်ပြီး နေရာတနေရာ၌ ထိုင်ကာ ဘယ်သူ နှင့်မျှ စကားမပြောဘူးဆိုလျှင် ဖြစ်နိုင်ပါသေးသည်။
အမြင်အာရုံနှင့် အကြားအာရုံ နှစ်ခုစလုံး ထိခိုက်သူတို့မှာ ဒီမင်ရှားဖြစ်မှုကဲ့သို့သော လက္ခဏာများကို စတင် တွေ့နေရပြီ ဖြစ်သည်။ ထိုသို့ အာရုံလျော့ပါးသွားသောအခါ မှုန်ဝါးသောမြင်ကွင်း၊ မကြားတချက် ကြားတချက် ရှိနေသောအသံ စသည်တို့မှာ အဓိပ္ပါယ်ပေါ်စေရန် ဦးနှောက်က ကြိုးစားရပါတော့သည်။ ထို့ကြောင့် တနေ့ တနေ့တွင် လျော့နည်းလာသော မှတ်ဉာဏ်နှင့် သိနိုင်စွမ်းရည်တို့ ကျဆင်းလာမှုက လူကို ဒီမင်ရှားဖြစ်စေရန် တွန်းပို့လျက် ရှိပါတော့သည်။
လွန်ခဲ့သော ဆယ်ခုနှစ်အတွင်း လေ့လာချက်များက ပျောက်ဆုံးနေသော အာရုံခံအင်္ဂါများကို ကုသခြင်းဖြင့် အကျိုးကျေးဇူး များစွာရနိုင်ကြောင်းကို ထောက်ခံနေကြပါသည်။
အသက်ကြောင့်ဖြစ်ရသော အာရုံခံအင်္ဂါစွမ်းရည်ကျဆင်းမှုတွင် ကက်တရက် (Cataracts)၊ ဆီးချိုရောဂါ၊ ရက်တီနာဆိုင်ရာရောဂါများ ရှိပါသည်။ ၎င်းတို့ကို ပိုမိုဆိုးရွားမသွားရအောင် ဟန့်တားနိုင်ပြီဆိုလျှင် ဒီမင်ရှား ဖြစ် ခြင်းမှာ ပိုမိုဟန့်တားနိုင်စရာ အကြောင်းရှိပါသည်။ အဝေးမှုန်၊ အနီးမှုန်ခြင်းရောဂါများကို မကုသဘဲပစ်ထား ပါက ဒီမင်ရှား ဖြစ်ရပ်အခြေအနေမှာ ပိုမိုဆိုးရွားလာရန် အကြောင်းရှိသည်။ သို့သော် ထိုရောဂါများကို ကာကွယ်ရန် မျက်မှန်တပ်သူများ၊ အနီးကပ်မှန် (Contact Lens) တပ်ဆင်သူများအဖို့ ထိခိုက်မှု မရှိသည်ကို တွေ့ရပါသည်။
ကော်မီရှင်၏ ရီပို့တွင် အသက် ၆၅ နှစ်အထက် လူများတွင် သူတို့အမြင်တိုးတက်မှုအတွက် ခွဲစိတ်မှု ပြုလုပ်သူများတွင် မပြုလုပ်သူများထက် ဒီမင်ရှားဖြစ်ရန် ၂၀% မျှပို၍နည်းပါးသည်ဟု ဆိုပါသည်။
အကြားအာရုံဝေဝါးသူတို့မှာလည်း ဒီမင်ရှားဖြစ်ရန် အခွင့်အလမ်း ပို၍များပြားလာပါသည်။ ကော်မီရှင်၏ ရီပို့တွင် ၃၇% မျှ ပိုမိုနီးစပ်လာသည်ဟုဆိုသည်။ အကြားအာရုံများစွာ ပျောက်ဆုံးလေလေ ဒီမင်ရှားဖြစ်ရန် အခွင့် အလမ်းမှာ ပို၍ များပြားလာလေလေ ဖြစ်သည်။
ယေဘုယျအားဖြင့်အသက် ၇၀ နှင့်အထက်ပုဂ္ဂိုလ်များတွင်အကြားအာရုံ ထိခိုက်ခြင်းမှာ ၆၃% ရှိသည်။ ထိုအပိုင်းမှာ နည်းနည်းနောနော မဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ များပြားလှသော အစိတ်အပိုင်း ဖြစ်သည်။
ထုံးစံအားဖြင့် လူတို့တွင် အသက်ကြီးလာသည်နှင့်အမျှ အကြားအာရုံမှာ လျော့ပါးသွားစမြဲ ဖြစ်ပါသည်။ လူတို့၏ ဂျင်း (Gene) အရဖြစ်စေ၊ ကျယ်လောင်သော အသံကြီးများကို ကြားနေကျဖြစ်နေလျှင် ကျဆင်းနိုင်သည်။ အကြမ်းအားဖြင့် ၂၆ ဒက်စီဘဲလ် (decibel) သည် တီးတိုးပြောဆိုခြင်း (Whishper) ဖြစ်ပြီး ၎င်းတို့ကို မကြားနိုင် လျင် ပြဿနာရှိနေပြီဟု ဆိုနိုင်သည်။ အကြမ်းအားဖြင့် ၄၁ ဒက်စီဘဲလ်ကို မကြားနိုင်တော့လျှင် အခြေအနေမှာ ပိုမိုဆိုးလာပြီဟု ဆိုနိုင်ပါသည်။ ပြောနေကျ စကားပြောသံများကို မကြားနိုင်တော့ပါ။ နားကြပ်ကဲ့သို့သော (Hearing aid) သုံးနိုင်လျှင် ဒီမင်ရှားမဖြစ်အောင်ကာကွယ်ရာရောက်ပါသည်။
ထိုကဲ့သို့ အကူအညီကိုယူခြင်းဖြင့် ၂၀% ဖြစ်ပွားနိုင်ချေ လျော့နည်းသွားသည်။ ယမန်နှစ်က ကြေညာခဲ့သော စမ်းသပ်မှုတခုတွင် နားကြပ်ကို သုံးနှစ်တာမျှ သုံးစွဲခဲ့ခြင်းကြောင့် ဒီမင်းရှားဖြစ်ခြင်းမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ၎င်းတွင် အာရုံခံအင်္ဂါများစွမ်းရည် ကျဆင်းမှုမရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းသည် အကြားစွမ်းရည်တိုးတက်လာခြင်းမဟုတ်ဘဲ စွမ်းရည်ကျသွားခြင်းနှုန်း လျော့နည်းသွားခြင်းသာ ဖြစ်ပါသည်။
( ၃ )
သင်သည် အမြင်အာရုံ၊ အကြားအာရုံများ ကျဆင်းလာပြီးဟု သံသယဝင်လာပြီဆိုလျင် ပထမဆုံး လုပ် ကိုင်ရန်မှာစမ်းသပ်ခြင်းဖြစ်ပါသည်။ မျက်စေ့စမ်းသပ်ခြင်းမှာအနည်းဆုံး တစ်နှစ်တစ်ခါ စမ်းသပ် သင့်ပါသည်။ အကြားအာရုံစမ်းသပ်ခြင်းကိုမှု ကျွမ်းကျင်သူ ဆရာဝန်များဖြင့် စမ်းသပ်သင့်ပါသည်။ ဥပမာ Mimi ကဲ့သို့သော application များလည်း လက်လှမ်းမီနေပါသည်။
အကယ်၍ သင့်တွင် အမြင်အာရုံ၊ အကြားအာရုံ ထိခိုက်မှုရှိပြီဆိုလျှင် ကုသခြင်းကို ချက်ချင်း ဆောင်ရွက်သင့်သည်။ ကက်တရက် ခွဲစိတ်ခြင်း စသည်တို့မှာ လွယ်ကူပြီး ဆေးရုံတွင် ခဏတွင်း ဆောင်ရွက်နိုင်ပါသည်။ ၎င်းတို့ကို (Day surgery) ဟု ခေါ်ပါသည်။ Hearing Aid သို့မဟုတ် နားကြပ်များမှာ ဆေးကောင်တာများတွင် ဝယ်ယူရရှိနိုင်သဖြင့်အလွယ်တကူ ဝယ်ယူတပ်ဆင်နိုင်ပါသည်။
ထိုပြဿနာများကို ဖြေရှင်းခြင်းမှာ ဒီမင်းရှား ဖြစ်ခြင်းကို ကာကွယ်နိုင်ရုံမျှမက သင်၏ နေ့စဉ်ဘဝကိုလည်း တိုးတက်လာစေနိုင်ပါသည်။ ထိုကိစ္စများမှာ ဆုံးရှုံးစရာမရှိသဖြင့် လူတိုင်း လုပ်ဆောင်သင့်သောကိစ္စများ ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Hearing, Vision and Dementia, Dana Smith, N.Y. Times August 16. 2024
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar