Breaking News

စစ်ကောင်စီ မပြိုလဲနိုင်ဘူးဆိုတဲ့ ကောက်ချက်အပေါ် ဝေဖန်မှုတွေ၊ တိုင်းရင်းသား လူမျိုးအချို့တွေရဲ့ ခရီးသွားလာခွင့် ကန့်သတ်ခံနေရ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၃ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၄


စစ်ကောင်စီ မပြိုလဲနိုင်ဘူးဆိုတဲ့ ကောက်ချက်အပေါ် ဝေဖန်မှုတွေ၊ တိုင်းရင်းသား လူမျိုးအချို့တွေရဲ့ ခရီးသွားလာခွင့် ကန့်သတ်ခံနေရ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်ကော်မတီတို့ ယခုလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ၂ ရက်ကြာ တွေ့ဆုံတဲ့သတင်းတွေနဲ့ နိုင်ငံရေး ပါတီအစုအဖွဲ့ရဲ့ အလုပ်ကော်မတီ ခေါင်းဆောင်ဖြစ်သူ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို သတင်းပေ့ချ် တခုဖြစ်တဲ့ Thet Htwe Naing freelance journalist နဲ့ ဆက်သွယ်မေးမြန်းရာမှာ စစ်ကောင်စီ မပြိုလဲနိုင်ဘူး၊ ရွေးကောက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခမှ ထွက်ပေါက်အဖြစ်နဲ့ ထွက်ရမယ်ဆိုတဲ့ အမြင်အပေါ် ဝေဖန် ပြောဆိုမှုတွေလည်း လူမှုကွန်ရက်မှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီအစုအဖွဲ့ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ တွေ့ဆုံမှုက ပုံမှန် ၂ လ တကြိမ် တွေ့ဆုံမှုသာ ဖြစ်ပြီး လတ်တလော အခြေအနေတွေ နဲ့ တိုက်ရိုက်ဆက်နွယ်ပြီး တွေ့ဆုံမှုမျိုး မဟုတ်ဘူးလို့ ဒေါက်တာအေးမောင်က မေးမြန်းခန်းမှာ ပြောဆိုခဲ့ပြီး စစ်ကောင်စီရဲ့  အနေအထားကို အကဲဖြတ်ရာမှာ ပြိုလဲဖို့ မရှိဘူးဆိုတဲ့ ကောက်ချက်က ဆိုရှယ်မီဒီယာမှာ ပွဲဆူစေတဲ့ ကောက်ချက်တခု ဖြစ်စေတာ တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ မန္တလေးကို ခုခံဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ လက္ခဏာ၊ ရှမ်းမြောက်စစ်မျက်နှာမှာ အခုချိန်ထိ စစ်ကောင်စီ ဘက်က ထိုးစစ်တခုမှ ပြန်လည်မဖော်ဆောင်ရသေးတာ၊ လုပ်ဆောင်လာနိုင်ခြေ ရှိတာကြောင့် ပြိုလဲနေပြီ ဆိုတဲ့ ကောက်ချက်ကို မှားယွင်းကြောင်းနဲ့ စစ်မှုထမ်း ဥပဒေ အသက်သွင်းထားခြင်းကြောင့် စစ်မှုထမ်း ၁ နှစ်ကို ၆ သောင်း စုဆောင်းနိုင်တဲ့ အချက်တွေနဲ့  မပြိုလဲနိုင်ဘူးဆိုတဲ့ ကောက်ချက်ကို အားဖြည့်ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်က စစ်ပွဲရဲ့ အကျိုးဆက်တွေကို မီးမောင်းထိုး ပြောဆိုသွားသလို လူထုအနေနဲ့ စစ်ကို ငြီးငွေ့နေပြီး စစ်ပွဲကို ထောက်ခံခြင်း မရှိဘူးလို့လည်း ကောက်ချက်ချခဲ့ပါတယ်။ 

လူထုက စစ်ပွဲကို လိုလားခြင်း ရှိ၊ မရှိ ဆိုတဲ့ အချက်က အငြင်းပွားဖွယ်ရာ အချက်တချက်ဖြစ်ပြီး စစ်ပွဲကြောင့် မိသားစုဝင်တွေ သေဆုံးကြရတာ၊ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး၊ မိမိတို့နေအိမ်၊ မြို့ရွာကို စွန့်ခွာပြီး တခြားတရပ်တကျေးကို တိမ်းရှောင်ပြီး ဒုက္ခအခက်အခဲတွေကြား နေထိုင်ကြရတာကြောင့် သာမန်လူထုအနေနဲ့ စစ်ပွဲတွေကို မလိုလားကြဘူးဆိုတဲ့ ယေဘုယျ ကောက်ချက်ကိုချတာလို့ ယူဆနိုင်ပါတယ်။ အခုလို ကာလ အခြေအနေအောက်မှာ ဘယ်လွတ်လပ်တဲ့ အဖွဲ့အစည်းက မှ လူထုရဲ့ သဘောထားကို လွတ်လွတ်လပ်လပ် ကောက်ယူနိုင်တဲ့ အခြေအနေမျိုး မဟုတ်တာကြောင့် ဒီကောက်ချက် အဆိုတွေက ဘယ်လောက်ရာနှုန်း မှန်ကန်သလဲဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ စစ်ပွဲနဲ့ ပတ်သက်လာရင် ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ နှစ်ဖက်သော လက်နက်ကိုင်အဖွဲ့တွေရဲ့ ဝါဒဖြန့်ချိရေးတွေကသာ သတင်းမီဒီယာတွေမှာ လွှမ်းမိုးနေလေ့ ရှိတာကြောင့်လည်း ဘယ်အချက်က ဘယ်အဆိုက ပြည်သူလူထုရဲ့ သဘောထားလဲ ဆိုတာ သက်သေထူဖို့ ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်ကောင်စီ ပြိုလဲမယ်၊ မပြိုလဲဘူး ဆိုတာထက် ဘယ်အတိုင်းအတာထိ လက်လွှတ်ဆုံးရှုံးထားပြီး နောက်ထပ် ဘယ်ဒေသတွေ၊ ဘယ်မြို့တွေ ဆုံးရှုံးနိုင်တယ် ဆိုတဲ့ အကဲဖြတ်ခြင်းက ပိုသဘာဝကျကောင်း ကျပါလိမ့်မယ်။ လူထုအနေနဲ့ နောက်ထပ် ကျယ်ပြန့်လာနိုင်တဲ့ ဒေသတွေ နယ်မြေတွေကနေ စိုးရိမ်မှုနဲ့ ရွှေ့ပြောင်းနေကြတာမျိုး ဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေအနေနဲ့တော့ မြို့ကြီးတွေ၊ အိမ်နီးချင်းနိုင်ငံတွေအထိ ယာယီအားဖြင့် ရွှေ့ပြောင်းနေထိုင် နိုင်ကြပေမယ့် သာမန်လူထု အနေနဲ့တော့ ကိုယ့်မြို့ ကိုယ့်ရွာကနေ လနဲ့ချီ တိမ်းရှောင်ပြီး နေထိုင်နိုင်ဖို့တောင် အနိုင်နိုင် အနေအထားဖြစ်ပြီး အဲလို လူတန်းစားအလွှာက အများစုဖြစ်နေတာပါ။ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့တော့ ပြည်တွင်းစစ် နှစ် ၇၀ ကျော်ကာလအတွင်း လူမျိုးစုတစုအနေနဲ့ ယခင်တကြိမ်တခါမှ မရရှိခဲ့ဖူးတဲ့ နယ်မြေ သိမ်းပိုက်နိုင်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ရရှိထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး တည်ထောင်ရေးနဲ့ စစ်ရေးအရ ဆက်လက် ထိန်းချုပ်ထားနိုင်ရေးတို့ကို စိတ်စောကောင်း စိတ်စောနေကြမှာ ဖြစ်ပါတယ်။ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ဆက်နွှယ်လို့ အခြားသော လူမျိုးစုတွေအကြား အငြင်းပွားမှု သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခလိုမျိုးအထိ ထပ်မံဖြစ်ပေါ်လာ မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ထွက်နေတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်အကြောင်းအရာ တခုကတော့ စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအချို့ ပြည်တွင်းမှာ ခရီးသွားလာရာမှာ ယာဥ်လက်မှတ်တွေ မရောင်းဖို့ ယာဥ်လိုင်းတွေဘက်က ဆုံးဖြတ်ထားကြတာတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာကြပါတယ်။ ရခိုင်၊ ကိုးကန့်၊ ပလောင်၊ ဝ လူမျိုးတွေ အနေနဲ့ ပြည်တွင်း ခရီးသွားရာမှာ မော်တော်ယာဥ်လိုင်းအချို့က ကားလက်မှတ် မရောင်းချကြတဲ့ အနေအထား ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ အဆိုပါ ဒေသတွေရဲ့ မှတ်ပုံတင် ကိုင်ဆောင်တဲ့သူ နဲ့ မှတ်ပုံတင်ရဲ့ လူမျိုး ဖော်ပြမှုနေရာမှာ အထက်က လူမျိုး ၄ မျိုး ဖြစ်နေခဲ့ရင် ယာဥ်လိုင်းတွေက နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေလို့ လက်မှတ်မရောင်းဖို့ လုပ်ဆောင်ကြတာလို့လည်း ဆိုပါတယ်။ စစ်ကောင်စီ အနေနဲ့ ရခိုင်လူမျိုးတွေ အနေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ နှစ်ကုန်ပိုင်းကတည်းက ရခိုင်ပြည်နယ်တွင်း သွားလာမှုကို ပိတ်ပင်တာ၊ ကန့်သတ်တာတွေ ရှိနေခဲ့ပြီး ဖြစ်သလို ရခိုင်ပြည်နယ်နဲ့ အခြားသော ပြည်နယ် တိုင်းတွေကို ကူးသန်းသွားလာရာမှာလည်း ကန့်သတ်ထားတာတွေ ရှိနေခဲ့ပြီး ကိုးကန့်၊ ဝ နဲ့ ပလောင်တို့ကိုတော့ မကြာသေးခင် ကာလကျမှ ခရီးသွားလာတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးဖို့ ခေါ်ထားတာတွေ လုပ်လာတာကြောင့် အခုလို ယာဥ်လိုင်းတွေက လက်မှတ်မရောင်းဖို့ လုပ်ဆောင်လိုက်တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီ အနေနဲ့ အခုလို ခွဲခြားဆက်ဆံတာ၊ ကန့်သတ်ပိတ်ဆို့တာ၊ သံသယနဲ့ ဖမ်းဆီးတာ၊ လာဘ်ငွေ တောင်းယူပြီးမှ သွားလာခွင့်ပြုတာတွေ လုပ်ဆောင်နေကျ ဖြစ်ပြီး အခုလတ်တလောမှာတော့ ကိုးကန့် ၊ ဝ နဲ့ ပလောင်လူမျိုးတွေကို ကန့်သတ်ချက် အသစ် အဖြစ်နဲ့ သတ်မှတ်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar