Breaking News

မသီတာ(စမ်းချောင်း) - သတင်းစကား ပါးစေချင်

မသီတာ(စမ်းချောင်း) - သတင်းစကား ပါးစေချင်

(မိုးမခ) ဩဂုတ် ၁၂ ၊ ၂၀၂၄


စစ်ရေး ပြင်းထန်လာတဲ့အခါ ပြည်တွင်းရော ပြည်ပမှာပါ အားတက်တာရော စိုးရိမ်တာပါ ပူးတွဲ ဖြစ်လာနေပါတယ်။ အားတက်တာက စကစ ကျရှုံးဖို့ နီးစပ်လာနေလို့ဖြစ်ပြီး စိုးရိမ်တာကတော့ စကစအလွန်ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်သူက တာဝန်ယူ၊တာဝန်ခံပြီး အကောင်အထည် ဖော်နိုင်မလဲ၊ စစ်ရေးကို အောင်မြင်အောင် တိုက်ခိုက်ပေးရတဲ့အတွက် ဦးဆောင်တဲ့ အီးအာရ်အိုတွေက သိမ်းပိုက်ထားတဲ့ နယ်မြေတိုင်းကို သူတို့လူမျိုးပိုင် နယ်မြေတွေအဖြစ် သတ်မှတ်လိုက်လေမလားဆိုတာမျိုးတွေ ဖြစ်ပါတယ်။ 

မြေပြင်မှာ ပီဒီအက်ဖ်တွေက ပါဝင်တိုက်ခိုက်ခဲ့ပေမဲ့ မြို့အုပ်ချုပ်ရေးကို ဦးဆောင်တပ် အီးအာရ်အိုတွေက ကိုင်တွယ်စီမံနေတာမျိုးနဲ့ တချို့နေရာတွေမှာ သူတို့လူမျိုး မဟုတ်တဲ့ တခြားလူမျိုးတွေအပေါ် ဖိနှိပ်အနိုင်ကျင့်တာမျိုး၊ ဖယ်ကြဉ်မောင်းထုတ်တာမျိုးတွေ ကြားသိရတာတွေကြောင့်လည်း ဒီလိုစိုးရိမ်လာကြတာလို့ ဆိုရမှာပါ။ 

ဒါကြောင့်လည်း တချိန်တုန်းက 'ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးဖို့ အခွင့်အရေး'ဆိုတာ 'နယ်မြေသိမ်းပိုက်ထားနိုင်မှု'နဲ့ ထပ်တူမကျဘူးဆိုတာကို သတိထားကြဖို့' ရေးခဲ့သလို 'သိမ်းပိုက်နယ်မြေတစ်ခုအတွင်းက လူထုရဲ့ ကံကြမ္မာကို လက်နက်ကိုင်သိမ်းပိုက်ထားနိုင်သူများက ဆုံးဖြတ်ပေးနေဦးမလားလို့ ပူပန်နေရကြောင်း'လည်း ပြောခဲ့ဖူးပါတယ်။ 

လတ်တလော အနေအထားမှာ နိုင်ငံတကာရဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရနိုင်ရင် တော်လှန်ရေးအရွေ့ဟာ ပန်းတိုင်ကို အတော်ကြီး နီးကပ်သွားတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာက ခုထိ စောင့်ကြည့်ပူပန်ဆိုတဲ့နေရာမှာပဲ ရပ်နေသေးတာဟာ အပေါ်က ပြောခဲ့တဲ့ စိုးရိမ်မှုတွေ ရှိနေသေးလို့ပါပဲ။ 

ဒီနေရာမှာ တရုတ်ကိုတော့ ချွင်းချက်အဖြစ် မြင်ကြရမှာပေါ့။ လတ်တလော မြန်မာ့နိုင်ငံရေး-စစ်ရေး အခင်းအကျင်းကို နားအလည်နိုင်ဆုံးဟာ တရုတ်လို့တောင် ဆိုရမယ့်အနေအထားပါပဲ။ ဒီတော့ တရုတ်အနေနဲ့ တော်လှန်ရေးကို အဖြေထွက်အောင် ကူညီချင်ရင် ကူညီနိုင်နေတာလည်း အားလုံးက ရိပ်စားမိနေတဲ့ အနေအထားပါပဲ။ 

ဒီတော့ တရုတ်အပါအဝင် နိုင်ငံတကာကို နွေဦးတော်လှန်ရေးအနေနဲ့ သတင်းစကား ပါးရမယ့်အရာဟာ ဘာဖြစ်မလဲလို့ အဖြေရှာကြည့်ရအောင်ပါ။ စကစအလွန်ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို ဒေသတွင်းအဆင့်မှာ ဘယ်အဖွဲ့တွေက တာဝန်ယူပြီး နိုင်ငံအဆင့်မှာတော့ အန်ယူဂျီက တာဝန်ယူ၊တာဝန်ခံကာ အကောင်အထည် ဖော်သွားမယ်လို့ ပြတ်ပြတ်သားသား သတင်းစကားပါးဖို့ လိုပါမယ်။ 

နောက်တစ်ခုကတော့ စစ်ရေးကို အောင်မြင်အောင် တိုက်ခိုက်ပေးရတဲ့အတွက် ဦးဆောင်တဲ့ အီးအာရ်အိုတွေက သိမ်းပိုက်ထားတဲ့ နယ်မြေတိုင်းကို သူတို့လူမျိုးပိုင် နယ်မြေတွေအဖြစ် သတ်မှတ်လိုက်မှာလားလို့ ပူပန်နေတဲ့ ပြည်တွင်းလူထုကိုလည်း သတင်းစကား ပါးဖို့ လိုပါတယ်။ အဲဒီသတင်းစကားက တရုတ်နဲ့နိုင်ငံတကာကို ပေးရမယ့်သတင်းစကားနဲ့ ဆက်စပ်နေပါတယ်။ ဒေသတွင်းအဆင့်မှာ ဘယ်အဖွဲ့တွေလို့ ရည်ညွှန်းဖို့ရာ 'ဒေသ'ပိုင်းခြားမှုကို ဘယ်လိုလုပ်ကြမလဲဆိုတာဟာ ခက်ခဲတဲ့အရာ ဖြစ်လာနိုင်ပါတယ်။ 

လက်နက်ကိုင်တပ်ရှိပေမဲ့ တော်လှန်ရေးထဲ ပေါ်ပေါ်ထင်ထင် မပါလာတဲ့ တိုင်းရင်းသားလူမျိုးအချို့ဟာ သူတို့လူမျိုးတွေ နေထိုင်ရာ မြို့ရွာတွေကို တခြားလူမျိုးလက်နက်ကိုင်တပ်တွေက သိမ်းပိုက်လိုက်နိုင်တဲ့အတွက် အဲဒီဒေသရပ်ရွာကို သူတို့အနေနဲ့ အုပ်ချုပ်ခွင့်၊ တာဝန်ယူ၊ တာဝန်ခံခွင့် မရတော့ဘူးဆိုတဲ့ အနေအထားကို လက်ခံနိုင်ကြမှာလားဆိုတာ မေးစရာပေါ့။ အဲဒီလိုပဲ လူမျိုးအမည်ခံ လက်နက်ကိုင်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ပီဒီအက်ဖ်တွေဟာ အောင်ပွဲအတွက် အသက်ပေးကြရတဲ့ထိ ဝင်ပါခဲ့ရပြီးနောက် လူမျိုးအခြေခံ သိမ်းပိုက်နယ်မြေသတ်မှတ်မှုအရ သူတို့ မူရင်းဒေသဟာ သူတို့ တာဝန်ခံခွင့် မရတဲ့ မြို့ရွာဖြစ်သွားရင်ရော ကြေနပ်ကြမလားဆိုတာ မေးခွန်းထုတ်စရာပါ။ 

ဒါကြောင့်လည်း နိုင်ငံတကာက နွေဦးတော်လှန်ရေးကို တာဝန်ယူ၊တာဝန်ခံတဲ့ အစုအဖွဲ့ကို အများကြီး မဖြစ်စေချင်ကြပါဘူး။ နိုင်ငံအဆင့် တာဝန်ခံပေးမယ့် အန်ယူဂျီဆိုတာ ရှိရင် သူနဲ့ပဲ ဆွေးနွေးတာက ပိုမြန်ဆန်လွယ်ကူနိုင်တာကိုး။ ဒေသတွင်းအဆင့် အစုအဖွဲ့တွေကို ကောက်သင်းကောက် ဆက်ဆံရတာဟာ အထက်မှာ ဆိုခဲ့တဲ့ ပြည်တွင်းရေး အငြင်းအခုန်တွေကြောင့် တော်ရုံနဲ့ ယတိပြတ်အဖြေ ရဖို့ ခက်ခဲနိုင်တာကလည်း အကြောင်းတစ်ခုပေါ့။

ဒီတော့ တော်လှန်ရေးအစုအဖွဲ့ အချင်းချင်းကြားမှာ သဘောတရားရေးရာအတွက်ချည်းပဲ မဟာမိတ် ဖွဲ့ဖို့ လိုနေတာ မဟုတ်ပါဘူး။ လက်တွေ့ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွါး စီမံခန့်ခွဲရေးဆိုင်ရာ အကောင်အထည် ဖော်မှုအတွက်ပါ တော်လှန်ရေးအစုအဖွဲ့အချင်းချင်းကြား နားလည်မှုတံတားထိုးဖို့၊ ဝိုင်းဝန်းစဉ်းစား အကောင်အထည် ဖော်ကြဖို့ အရေးကြီးပါတယ်။ (မြေပြင်မှာ အဲဒီလို လုပ်နေကြပေမဲ့ ဒီအကြောင်းကို သတင်းစကား ပါးဖို့ မေ့နေကြတာလည်း ဖြစ်မှာပါ။)

တနည်းအားဖြင့် နိုင်ငံအဆင့် အစုအဖွဲ့အဖြစ် အန်ယူဂျီကို အသိအမှတ် ပြုထားတယ်၊ ပူးပေါင်းဆောင်ရွက်နေတယ်၊ ရေရှည်အတွက် ဆုံးဖြတ်ရမယ့်ဟာတွေကို အသေးစိတ် အချိန်ယူ ဆုံးဖြတ်ကြမှာ ဖြစ်ပေမဲ့ စကစအလွန် နိုင်ငံတည်ငြိမ်ရေးအတွက် ဘယ်လိုအခြေခံမူတွေနဲ့ လုပ်သွားကြမယ်ဆိုတဲ့ သဘောထားကြေညာချက်မျိုးကို ထုတ်ပြန်ဖို့ အချိန်ရောက်နေပါပြီ။ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်လို မဟုတ်ဘဲ ကျစ်လျစ်တဲ့ မူဝါဒသဘောထားကြေညာချက်မျိုးပေါ့။

အဲဒီသတင်းစကားက ပြည်တွင်းပြည်ပကို စစ်ရေးတိုက်ပွဲတွေဟာ         သူတလူ ငါတမင်း တိုက်နေတာ မဟုတ်ဘဲ စစ်ရေးအလွန် နိုင်ငံရေးအရွေ့အတွက်လည်း ဘယ်လိုအခြေခံမူတွေကို အားလုံးသော အစုအဖွဲ့တွေက သဘောတူညီစွာ အားထုတ်နေကြပါတယ်လို့ ရှင်းပြနိုင်ဖို့ အရေးကြီးတာပါ။ ဒီသတင်းစကားကို နားလည်သဘောပေါက်လာရင် တရုတ်ကအစ နိုင်ငံတကာကလည်း နွေဦးတော်လှန်ရေးဟာ အနားသတ် ရှိသလို ဆုံချက် ရှိတဲ့ တော်လှန်ရေးလို့ လက်ခံလာပြီး အသိအမှတ် ပြုမှုအရာမှာ တိုးတက်အောင်မြင်လာမှာလို့ ယူဆပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar