ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပလအနအဖွဲ့တော်ကြီး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပလအနအဖွဲ့တော်ကြီး
(မိုးမခ) ဩဂုတ် ၂၆ ၊ ၂၀၂၄
ဗလောင်ဆူကာ သေလုပြီမို့ တောင်ငူမှာ ကေတုမတီမြို့ရိုးကိုတဲ့ ချိုးမယ်လို့ ကြံ။
အင်း မလုပ်ရဲတာ ဘာမှမရှိ၊ မလုပ်ကောင်းတာလဲ ဘာမှမသိတဲ့ ဒီကောင်ကတော့ ချိုးမှာ။
မင်းကွန်းက ရှေးအမွေအနှစ် မြသိန်းတန်ဘုရားပေါ် တက် တပ်စွဲ ခံစစ်ထိုင်ပစ်ခိုင်းထားတဲ့ ဘုရားဒကာ (တာဝန်)လေ၊ ရိုးရိုးသာမညောင်ညအုတ်ကြားမျက်ပေါက်ကလေကချေဓာတ်တိုင်သေးပန်းလေးဘန်းဘုရားဒကာ မဟုတ်။ ပုဂံတောင် ဖျက်မပစ်ဘူးလို့ ပြောမရ။ ဘုရားဒကာမ အမျိုးများရှိရာ မြောက်ဦးမှာ ရှေးဟောင်းဘုရားတွေနား လက်နက်ကြီး ခဏခဏ ချတာဆိုတော့လေ။ ရခိုင်တင်မက တနိုင်ငံလုံးမှာ ဒဏ်ရာမရတဲ့ဘုရား ခပ်ရှားရှားမဟုတ်လား။ မီးလောင်တိုက်သွင်းခံရတဲ့ ဘုရားပေါင်းလဲ မရေနိုင်၊ ဇက်ကျိုး လက်ကျိုး ဘုရားပေါင်းလဲ မတွက်နိုင်။ ဘယ်လို ဘုရားဒကာမျိုးလဲဆိုတော့ အဲလို ဘုရားဒကာမျိုး။
အမယ် တောင်ငူမြို့မှာ အကျဉ်းထောင်အသစ် ဆောက်လုပ်ဖို့ လျာထား ဆောင်ရွက်နေသေးသတဲ့။ မင်းအောင်လှိုင် ဆိုတဲ့အတိုင်း ဒင်းထောင်အပိုင်ကလဲ ရချင်သေးတယ်။ သီးသန့်စံမြန်းမယ်ပေါ့။ တခြားအကျဉ်းသားနဲ့ ထားလို့လဲ မဖြစ်ဖူးလေ။ အကုန်ဝိုင်းပလေးလိုက်ရင် ဂေးသွားနိုင်တာကိုး။
ဆုကြီးပန် ဘုရားဒကာရဲ့ ကောင်းမှုအချို့ကို ပြောပြရရင် ရေနံချောင်းတမြို့နယ်လုံးက လမ်းဆုံလမ်းခွတွေမှာ လူငယ်တွေကို ဖမ်းဆီး၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ညအချိန် ဧည့်စာရင်းဝင်စစ်ပြီး ပေါ်တာဆွဲ ဖမ်းဆီး၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ အတင်းအဓမ္မ လာရောက် ဆင့်ခေါ်နေလို့ မြို့ပေါ်ရော ကျေးရွာတွေရောက လူငယ်တွေမှာ အလုပ်မလုပ်ရဲ၊ အိမ်မှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လက်ဖက်ရည်ဆိုင်မှာလဲ လူမရှိတော့ဘူး။ ပန်းစိုက်နှမ်းစိုက် ယာလုပ်ငန်းခွင်တွေမှာလဲ လူငယ်တွေ မရှိကြတော့ဘူး။ မိန်းကလေးနဲ့ အဘိုးကြီးတွေ၊ ကလေးလေးတွေ၊ အမျိုးသမီးကြီးတွေပဲ ကျန်တော့သတဲ့။ ကယ်ရီတောင် မဆွဲရဲကြတော့ဘူး။ ရေသန့်ပို့တဲ့သူလဲ ရှာမရတော့ဘူး။ သလိုဆိုတော့ တတိုင်းပြည်လုံး သရောကြီးခိုင်းတော့မှာ။ ဇွန်ဘီတွေရယ်၊ လူအိုတွေရယ်၊ ကလေးတွေရယ်၊ ရောဂါဘယတွေရယ်၊ ငတ်မွတ်ခြင်းရယ်ကို ဘုရားဒကာက ဖန်ဆင်းနေပြီ။ ဒါက နောင်ကမ္ဘာလုံးဆိုင်ရာကပ်ကြီးတွေ ဆိုက်ရောက်လာရင် ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးတာတဲ့။
ချင်းဘက်မှာတော့ တမျိုး၊ ရိက္ခာပြတ်လပ်တာကို စိုးရိမ်ဟန်တူတယ်။ အဲဒါ ဘုရားဒကာက ထန်တလန်မြို့မှာ Y12 လေယာဉ်နဲ့ အစာအာဟာရတောင့်တွေကို ချထားပေးခိုင်းတယ်။ နောက်ထပ် စခန်း အလှူခံယူဖို့ အားဖြည့်ပေးချင်ပုံပါဘဲ။ လက်နက်ခဲယမ်းတွေက ပေးထားပြီးသားဆိုတော့ အာဟာရပဲ လိုတော့တာကိုး။
တချို့နေရာမှာ ဘုရားဒကာ သဘောကောင်းချက်တော့ ဝေဿန္တရာတောင် တက်မလာရဲတော့ဘူး။ ရခိုင်မှာလေ၊ မိန်းမဘက် အမျိုးတွေမို့လား မသိ။ တရုတ်စီမံကိန်း ၁၁ ခုထဲက ၉ ခုတောင် AAကို တစိတ်တပိုင်း ခွဲပေးထားတာ။ မကြာခင် အကုန်လွှဲပေးတော့မှာ။
AA ကို လွှဲပေးထားတဲ့ တရုတ်စီမံကိန်းတွေရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံနဲ့ အထက်တဲ့နော်။
ဟော်တယ်ရော လေဆိပ်ရော ငပလီခရီးသွားလုပ်ငန်းကြီးတခုလုံးလဲ လွှဲပေးထားသေး။ ဝေသန္တရာဂုဏ်ဆည်နိုင်တာဆိုလို့ သားနဲ့သမီး လှူထားတာလေးပဲ ရှိတော့တာ။ ဒါလဲ ဘုရားဒကာက သားနဲ့သမီးအပြင် မြေးမလေးတွေပါ လှူပြလိုက်တဲ့နေ့ ပွဲသိမ်းပြီ။
ခု နောက်ဆုံး လုပ်တဲ့တခုကတော့ တကယ့်မဟာ့မဟာကြီး၊ ကမ္ဘာ့ ဘယ်မှမရှိသေးတဲ့ဟာကြီး။ ယူအန်တောင် မတူမတန် ဖြစ်သွားနိုင်တယ်။
ဘုရားဒကာက မပျက်စီးသေးတဲ့ သက်ကြီးပိုင်းတွေကို အလုပ်အကိုင် ဖန်ဆင်းပေးတဲ့ မူဝါဒတခု ဖန်ဆင်းပေးထားတယ်။ အဲဒီအတွက် (ပလအန) အဖွဲ့ကြီးဆိုတာ ဖွဲ့စည်းလိုက်တယ်။ ပလအန ဆိုတာက ပြည်သူ့လုပ်ကြံရေးနှင့် အနိုင်ကျင့်နှိပ်စက်ရေးအဖွဲ့ရဲ့ အတိုကောက်ပါ။ သူ့အောက်မှာ (တလအန) တိုင်းလုပ်ကြံရေးအဖွဲ့နှင့် အကြမ်းဖက်နှိပ်စက်ရေးအဖွဲ့၊ (မလအန) မြို့နယ်လုပ်ကြံရေးနှင့် အကြမ်းဖက်နှိပ်စက်ရေးအဖွဲ့ ၊ (ရလအန) ရပ်ကွက်/ရပ်ကျေးလုပ်ကြံရေးနှင့် အကြမ်းဖက်နှိပ်စက်ရေးအဖွဲ့ဆိုပြီး အဆင့်ဆင့်ရှိပါတယ်။
၆၅ ထိ သက်ကြီးတွေ လုပ်ကြံနှိပ်စက်ရေးသင်တန်း တလ တက်ရမယ်။ တက်နေတုန်း ၁ သိန်းရမယ်။ သင်တန်းဆင်းရင်တော့ နေ့တွက် ၆၈၀၀၊ ကန်ဒေါ်လာနဲ့ဆို တဒေါ်လာကြီးများတောင် ရမယ်ပေါ့လေ။ တရပ်ကွက် ဆယ်ယောက်ပေါ့။ ရပ်ကွက်ကြီးရင် ရွာကြီးရင်တော့ ကြီးသလိုပေါ့။ ကံထူးရှင် မဲနှိုက်ရွေးမယ်ပေါ့လေ။
ရပ်ရွာကလဲ သိတတ်တဲ့အနေနဲ့ ကံထူးရှင်တွေကို ထောက်ပံ့ဖို့ ကံဆိုးစွာ ကျန်ရစ်သူများက လစဉ် အနည်းဆုံး နှစ်သောင်းလောက် ပေးကြပေါ့လေ။
လူငယ်တွေအတွက်တော့ မပြောနဲ့၊ ၃၅ အောက်တွေ အကုန်အိုကေမယ်။ အရင်လို နိုင်ငံခြားတောင် ထွက်အလုပ် လုပ်မခံတော့ဘူး။ ပြည်တွင်းမှာပဲ လိုလေးသေးမရှိ စီမံပေးတော့တာ။
နမူနာပြရမယ်ဆိုရင် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာမှာဆို လူငယ် ၂၀ ကို ရုံးကနေ အိမ်ကို စာပို့ပြီး ခေါ်သွားတော့တာ။
တောတင်လားဆို မဟုတ်ပါဘူး၊ မြို့က လူငယ်တွေလဲ ဂိမ်းဆိုင်တွေ အနှိပ်ခန်းတွေမှာပဲ ပျက်စီးလေလွင့်သွားမှာစိုးလို့ဆိုပြီး မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်က လူငယ် နှစ်ဆယ်ကျော်ကို အုပ်ကြီးစိန်ဝင်းမြင့်နဲ့အဖွဲ့က ဘုရင့်နောင်ပွဲရုံထဲက ဂိမ်းဆိုင်တွေ အနှိပ်ခန်းတွေကနေ ကယ်ထုတ်သွားတာ။ တချို့လဲ ဘုရားရိပ် တရားရိပ်ခိုပြီး ဝေလေလေ လုပ်နေကြတဲ့ လူငယ်တွေလဲ ပါတာပေါ့လေ၊ သူတို့လဲ တကယ်အကျွတ်တရားရအောင် တကယ့်စီမံချက်နဲ့ကို လုပ်တာနော်၊ ဘုရားဒကာက။
လူငယ်တွေကို မောင်မောင်ခေါ်မယ်၊ ခေါ်တုန်း ဗျာထူးကြပေါ့။ မထူးရင် မိဘတာဝန်၊ မိဘမရှိရင် ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေး ကိုကို မမတို့က တာဝန်ယူ။
သူတို့တွေက တာဝန်မယူနိုင်လို့ လူစားထိုးချင်ရင်လဲ ရုံးကိုငွေလာမပေးနဲ့၊ ကိုယ့်ငွေနဲ့ကိုယ့်ဘာသာလူလိုက်ဝယ်။ ကိုယ့် ခေါ်လှည့်မရောက်မချင်း သူများကို ထောက်ပံ့ပေးနေ၊ အအားမနေနဲ့ပေါ့။ အဲသလို ဒေါင့်စေ့တာ။
ပြည်မှာက ပိုတက်ကြွတယ်။ မြို့သစ်ရပ်ကွက် ၃ လမ်းက အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကိုနဲ့ သူ့သူငယ်ချင်း ကျောင်းသားနှစ်ယောက်၊
ကျောင်းဘောလုံးပြိုင်ပွဲက စက်ဘီးလေးနဲ့အပြန် ခေါ်သွားတာ။ မိုးရွာထဲ ဘီးလျှောက်နင်းနေတာမြင်တော့ ဖျားမှာနာမှာစိုးလို့ခေါ်ထားတာတဲ့။ ပြန်ခေါ်မယ်ဆိုရင်တော့ စောင့်ရှောက်ခကြေး ကြီးကြီး ပေးရမယ် ပြောတယ်။ စေတနာကြေးပေါ့လေ။
သူ့ဝန်ထမ်းတွေကိုတော့ ပိုစောင့်ရှောက်တာပေါ့။
မန္တလေးမှာဆို စည်ပင်၊ ထွေ/အုပ်၊ မီးသတ်တင်မက ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းအားလုံး နှစ်သီးစားရအောင် ဖန်ဆင်းပေးရှာတယ်။ ပြည်သူ့လုပ်ကြံရေးနဲ့ အကြမ်းဖက်နှိပ်စက်ရေး ဆိုတဲ့ ပလအနလုပ်ငန်းတွေမှာ သူ့လူတွေကို ပိုပြီး ထဲထဲဝင်ဝင် လုပ်စေချင်တာလည်း ပါမှာပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar