Breaking News

ကျော်ဆွေ - ကျွန်တော့်အစ်ကို ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည်နဲ့ သူ့မိတ်ဆွေ ကဗျာဆရာများ

ကျော်ဆွေ - ကျွန်တော့်အစ်ကို ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည်နဲ့ သူ့မိတ်ဆွေ ကဗျာဆရာများ

(မိုးမခ) ဩဂုတ် ၂၅ ၊ ၂၀၂၄


( ၁ )

ကျွန်တော့်အစ်ကို ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာဆိုတာ မောင်စွမ်းရည်ပါ။ နာမည်ရင်းက ငဝက် ခေါ် ကိုဝင်းဖေ ဖြစ်ပါတယ်။ အစ်ကို ငဝက် ခေါ်  ကိုဝင်းဖေကို မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ အရှေ့တောင်ဘက်ယွန်းယွန်း၊ ဗမာအခေါ် ၃ တိုင်၊ အင်္ဂလိပ်အခေါ်  ၆ မိုင်အကွာလောက်မှာ ရှိတဲ့ ကန်ဆင့်တောင်ရွာမှာ မွေးဖွားခဲ့တာပါ။ ဖခင် ကန်ဆင့်တောင်ရွာသူကြီးဟောင်းနဲ့ ကန်ဆင့်မြောက်ရွာ မူလတန်းကျောင်းအုပ်ဆရာ ကြီး ဦးသိန်းဖေနဲ့ မိခင် ဒေါ်တင်ကြည်တို့ရဲ့ မွေးချင်းပေါက်ဖော် ၁၂ ဦးအနက် စတုတ္ထမြောက်သား ဖြစ်တယ်။ ကျွန်တော်က နဝမမြောက်သားပါ။ သူ့အထက်မှာ မောင်ကိုကြီး။ မောင်သာဓုနဲ့ မမိုး ဆိုတာတွေ ရှိတယ်လို့ အမေဒေါ်တင်ကြည်က ပြောဖူးပါတယ်။ အစ်ကိုအောက်မှာ မိခွေး(မဌေးရီ)၊ မအေး၊ ဗိုလ်အောင်ဆန်း၊ တင်သိန်းကြည်၊ ကျွန်တော် ကျော်ဆွေ၊ မြမြသန်း၊ လှထွန်းအောင်နဲ့ အငယ်ဆုံး ခင်မြတ်မွန်(ဆိုတဲ့ အဆိုတော် သားစိုး၊ စာရေးဆရာ စာပေထုတ်ဝေသူ၊ မြေမှုန်လွင်နဲ့ အဆိုတော် ဘုံဘုံ ခေါ်ရဲမွန်အောင်-ဗွီအိုအေတို့ရဲ့မိခင်) တို့ကို အစဉ်လိုက်မွေးခဲ့တာပါ။  

အဲဒီ အစ်ကိုမောင်စွမ်းရည်နဲ့ ကျွန်တော်တို့ရဲ့ တအူထုံ့ဆင်း မွေးချင်းပေါက်ဖော် ညီအစ်ကို မောင်နှစ်မ (၁၂) ဦးအနက် အစ်ကိုရဲ့ အထက်မွေးခဲ့တဲ့ မောင်ကိုကြီး၊ မောင်သာဓုနဲ့ မမိုးတို့ကို အစ်ကိုရော ကျွန်တော်တို့ မွေးချင်းပေါက်ဖော်များ တွေ့လိုက် မြင်လိုက်နိုင်စွမ်း မရှိလိုက်ပါဘူး။ ကျွန်တော်တို့ အဖေနဲ့ အမေရဲ့ ပထမဦးဆုံး သားသမီးရတနာများပါ။ နောက် သတ္တမမြောက်ဖြစ်တဲ့ ဗိုလ်အောင်ဆန်းကို ကျွန်တော် မမြင်ဖူးလိုက်ပါဘူး။ ကျွန်တော့်အောက်မှာ မွေးတဲ့ ညီလေးလှထွန်းအောင်ကတော့ ကျွန်တော် ကျောင်းသားကြီး အရွယ်မှာမှ ဖျားနာကွယ်လွန်သွားတာမို့ ကောင်းကောင်း မှတ်မိပါတယ်။ ဒါ အစ်ကို ကဗျာဆရာ။ စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည်ရဲ့ မွေးချင်းညီအစ်ကို မောင်နှမများပါ။

အခုအခါ အစ်ကိုမောင်စွမ်းရည်၊ ကျွန်တော် ကျော်ဆွေနဲ့ နှမများဖြစ်တဲ့ မြမြသန်းနဲ့ ခင်မြတ်မွန်တို့ ၄ ဦး တနေရာ တကွဲတပြားစီ။ အစ်ကိုက အမေရိကန် (နယူးယောက်)၊ ကျွန်တော်က တရုတ်ပြည်မှာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။ အစ်ကိုက အသက် ၈၀ ကျော်၊ ကျွန်တော်က ၇၀ ကျော် နားနီးလာနေသူ၊ နှမလေး နှစ်ယောက်ကလည်း ၆၀ ကျော် ၇၀ အရွယ်တွေ။ နှမအကြီးမရဲ့ ခင်ပွန်းသည်က ဒီချုပ်အမတ်ဖြစ်လို့ ဇာတိ မြင်းခြံမှာ မနေရဲဘဲ နေအိမ်ကို ပစ်ပြီး အဆင်ပြေရာ တနေရာမှာ ခိုအောင်းရှောင်တိမ်းနေရပါတယ်။ တိုင်းပြည်ကလည်း “စစ်အာဏာရှင် အမြစ်ဖြတ်ရေး ပြည်သူ့နွေဦး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတာဆိုတော့ အသက်ရှင်လျက်သား မောင်နှမ ၄ ယောက်၊ ပြန်ဆုံနိုင်ပါဦးမလား နေ့စဉ် တထိတ်ထိတ် ရင်ခုန်နေမိတယ်။ နွေဦးတော်လှန်ရေးပဲ အမြန်အောင်ပါစေ ဆုတောင်းနေရတော့တာပါပဲ။

(၂)

ကျွန်တော်တို့ ညီအစ်ကို မောင်နှမ ၁၂ ယောက် အခြေအနေ ပြီးတော့ နှစ်ဖက်မိဘ အခြေအနေ ပြောမှ မောင်စွမ်းရည် ကဗျာဆရာဖြစ်လာပုံနဲ့ ကျွန်တော် ကြီးပြင်းလာပုံနဲ့ တရုတ်ပြည်ထဲ ရောက်လာပုံတို့ကို ဆက်စပ်လို့ရပြီး စာဖတ်သူများ သဘောပေါက်သွားမှာမို့ အဲဒါလေး ရေးလိုက်ပါရစေဦး။

နှစ်ဖက်မိဘများကလည်း ထူးပါတယ်။ အဖေဘက်က ကျွန်တော်တို့ အဘိုး အဘွားဟာ သူကြီးဖြစ်သလို အမေဘက်ကလည်း သူကြီး ဖြစ်ပါတယ်။ အဖေဘက်က အဘိုး အဘွားတွေဟာ တိုက် ၃ လုံး တြိဂံပုံဆိုင်ပြီး နေထိုင်ခဲ့ကြတာပါ။ မြေယာပိုင်ဆိုင်မှုကလည်း လက်ညှိုးထိုးမလွဲလို့ဆိုပြီး ထန်းတောများ၊ ထန်းသမားများ သုံးတဲ့ ထင်းတောများ(ရှားတောများ)လည်း ပိုင်ဆိုင်ပြီး တိုက်ထဲမှာ ဆီကို ရာဝင်အိုးနဲ့ထား သုံးခဲ့တာလို့ ကျွန်တော်တို့အမေ ကျွန်တော်တို့အခေါ် အမ က တခါတရံ ရှေးဖြစ်ဟောင်းများကို စိတ်လိုလက်ရ ပြောတတ်ပါတယ်။ အဖေကိုတော့ ဖေဖေလို့ အားလုံးက ခေါ်ကြတာပါ။ ဖေဖေတို့ ညီအစ်အကိုတတွေဟာ မြင်းခြံမြို့ပေါ်တက် ပညာသင်ယူကြသူတွေ ဖြစ်ကြတယ်။ အဲဒီခေတ်က မြင်းခြံမှာ ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟ ကျောင်းများသာ ရှိတော့ အဲဒီ ကျောင်းတွေဟာ ... ကိုလိုနီပညာရေးနဲ့ စာပေယဉ်ကျေးမှုများကို ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်ချက်များဖြင့် အမျိုးသားရေးလှုပ်ရှားမှုများရဲ့ အခြေခံစခန်းများဖြစ်တယ်။ အဲဒီလို ပညာတတ်များ ရှိလို့နဲ့ တူတယ် မြို့နဲ့အလှမ်းဝေးပေမယ့် ပညာတတ်များရှိတော့၊ ဆက်သွယ်ရေးဆိုလို့ ကားလမ်းရေလမ်း ဘာမျှ မရှိတဲ့ တောခေါင်ခေါင်ရွာလေးဟာ စာကြည့်တိုက် ရှိနေတယ်။ ဒါကြောင့်၊ ဂျပန်တော်လှန်ရေးမှာ တိုင်း (၄) ဗိုလ်ကျော်ဇောတပ်မှ ကိုယ်ရံတပ်သားများအဖြစ် မော်ကွန်းဝင်ဂျပန်တော်လှန်ရေးစစ်သည် ၄ ဦးပေါ်ထွန်းခဲ့တာ ဖြစ်ပါလိမ့်မယ်။ 

အဲဒီ ၄ ယောက်မှာ တယောက်က အဖေ့ညီတစ်ဝမ်းကွဲ၊ နောက်တယောက်က အမေ့မောင်၊ နောက်ထပ်တယောက်က အဖေ့တူနဲ့ ကျန်တာက ကျွန်တော်တို့ ရွားသားတယောက်ဖြစ်ပါတယ်။ ဒါ့အပြင် အဖေ့ညီ ၂ ယောက်ဟာ အဲဒီခေတ်က သခင်စိုးဟာ အလွန်ခေတ်စား၊ ဩဇာကြီးတော့ သခင်စိုး နောက်လိုက်များ ဖြစ်ကာ တော်လှန်ရေးဖြစ်တော့ အလံနီများဖြစ်သွားပြီး ၂ ယောက်လုံး တော်လှန်ရေး အစောပိုင်းမှာပဲ တိုက်ပွဲမှာ ကျသွားခဲ့ကြတယ်။ ပြန်တွေးကြည့်တော့ အဲဒီဦးလေးတွေကို မြင်ဖူးလိုက်သလားဆိုတာတောင် ခပ်ရေးရေးပါပဲ။ မှတ်မိတာ တခုကတော့ ဦးလေးစိန်ထွန်းရဲ့ ဇနီး ကျွန်တော်တို့အခေါ်  "မမ" ကျွန်တော့်ကို "အလံနီ လေး" လို့ ခေါ်တာကို စိတ်ထဲမှာ မှတ်မိနေပါတယ်။ ထားပါတော့ ကျွန်တော်နဲ့ နိုင်ငံရေးနီးစပ်မှုသဘော ပြောတာပါ။

အစ်ကိုကတော့ ငယ်ငယ်ကတည်းက ရွာက စာကြည့်တိုက်နဲ့ ထိတွေ့ခွင့်ရလိုက်ပြီး စာတွေအများကြီး ဖတ်ခွင့်ကြုံလိုက်သလို ခေတ်ပျက်တော့ တောကြိုအုံကြားမှာ အဖေက "ကဗျာစပ်နည်း" တွေသင်ပေးတယ်လို့ ဆိုပါ တယ်။ ပညာတတ်တယောက် ဖြစ်အောင် အဖေကိုယ်တိုင် တစုံတရာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့သလို အကို တက္ကသိုလ်ကျောင်းသားဖြစ်တော့လည်း အဖေက သက်ရှိထင်ရှား ရှိနေခဲ့တယ်။ ပိုကံကောင်းတာက အဖေဟာ အကိုနဲ့ တက္ကသိုလ်က ကျောင်းနေဖက်တချို့ အိမ်ပါလာလို့လည်း ကောင်းကောင်းတွေ့ဆုံ ဧည့်ခံကျွေးမွေးခွင့်ရလိုက်တယ်။ အမေ ဒေါ်တင်ကြည်ကတော့ ပိုကံကောင်းသူလို့ ပြောရမှာပဲ။ အမေဟာ အစ်ကိုမောင်စွမ်းရည် ကဗျာဆရာဘဝ "အနီနဲ့အပြာ" ကဗျာစာအုပ်နဲ့ (၁၉၆၄?) အမျိုးသားစာပေဆု၊ ရန်ကုန် သွားရောက်လက်ခံယူစဉ် အစ်ကိုတို့ ဇနီးမောင်နှံနဲ့အတူ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခွင့်ရသွားခဲ့သူပါ။ အဲဒီနောက် ရေးတဲ့ “မန္တလေးမြို့ရဲ့ မနက်ခင်း” ကဗျာစာအုပ်ပါ ကဗျာတပုဒ်ဖြစ်တဲ့ စစ်အစိုးရ ဗိုလ်နေဝင်းခေတ် အစစအရာ တန်းစီတိုးရပြီး ရှားပါးလှလို့ "ဆပ်ပြာကို တန်းစီတိုးရတဲ့ ရှားပါးလှတဲ့ ဘဝကို ထင်ဟပ်ထားတဲ့ ကဗျာကို ဖတ်ပြီး ငါ့သား ဆပ်ပြာရှားနေတာပဲ တဖွဖွပြောကာ ဆပ်ပြာပို့ပေးချင်ကြောင်း ပြောပြောနေတာကို အခုထက်တိုင် သတိရနေမိတယ်။

အစ်ကိုရဲ့ နာမည်ကြီးကဗျာတပုဒ်ဖြစ်တဲ့ "အမေ့ခေါ်သံကဗျာ" ထွက်တဲ့ အချိန်အမ (ကျွန်တော်တို့ နှမအငယ်လေး နှစ်ယောက်က လွဲလို့ ကျန်မောင်နှမတတွေက အမေကို "အမ" ခေါ်ကြတာပါ။) ဖတ်ပြီး ဘယ်လို ပြောနေမလဲ သိချင်စမ်းပါဘိ။ 

ကျွန်တော်ကလည်း အစ်ကိုရေးသလို "ညီငယ်နဲ့ ကျွန်တော်၊ လျှော်ခွာတဲ့ ချောင်းအစပ်၊ မနော်နွယ် ဘင်္ဂလား၊ သရက်ရွမ်းများ ခတ်ရင်း၊ နောင်သိဒ္ဓတ် ကြာခြည်လုပ်ဆဲ၊ စိတ်ပြတ်တဲ့မင်းနန်၊ နောင်တော် ကိုချန်၊ ဆံတော်ကိုမချ သပိတ်သံမပြဘဲ၊ နိက္ခမကျင့်တဲ့ အကြောင်း" ဆိုတဲ့ ဒီအပိုဒ်ဖတ်ရတဲ့အခါ အစ်ကို ရေးခဲ့တဲ့ အမဟာ "သားယောက်ျားလေးတွေနဲ့ အကျိုးမပေးရှာဘူး ဆိုတဲ့ စာလေး ဖတ်ဖူးသူ" ဆိုတော့ အမ ဘယ်လောက် နာကျင်ခံစားနေရမလဲဆိုတာ တွေးရင်းစိတ်ထိ ခိုက်မိတယ်။ တကယ်ပါပဲ။

ကျွန်တော်တို့ ညီအစ်ကိုဟာ ပညာသင်တော့လည်း ပညာသင်ချိန်မို့ အမနား မကပ်နိုင်ခဲ့သလို အစ်ကိုက ပညာလည်းစုံ ကြင်ယာလည်းစုံ အိမ်ထောင်ကျပြန်တော့- ဟိုအဝေးကြီး ရန်ကုန်မြို့တော်ကြီးမှာ။ ကျွန်တော်ကလည်း အချိန်တန်တော့ "အစ်ကိုရေးသလို သပိတ်မပြ ဆံမချဘဲ၊ နိက္ခမကျင့်သွားရသူ ဆိုတော့ အမေ့ပါးက ၁၉၇၈ ခုနှစ်ကတည်းက ခွဲခွာလာခဲ့ရပြီး အမေ ဆုံးသွားတာတောင် သတင်းစာထဲက နာရေးသတင်းလေးကို ရဲဘော်ကြီးတယောက်က လက်ရေးနဲ့ ကူးရေးပြီး ပို့ပေးလာလို့ ဖတ်ခွင့်ရလိုက်တာပါ။

ကျွန်တော် တရုတ်ပြည်ထဲ ရောက်နေတာ သိသွားပြီး မမအေးဟာ သူ မဆုံးမီ ကျွန်တော့်ဆီရောက်လာတယ်။ အစ်ကို ရေးသလိုပဲ.. ကျွန်တော်က "ဆံတော်ကိုမချ သပိတ်သံမပြဘဲ၊ နိက္ခမကျင့်တဲ့အကြောင်း" သိသွားပြီးနောက် သားမိတတွေ ဆုံမိတဲ့အခါ မောင်နှမတတွေ ပြန်ဆုံစရာ မရှိတော့ဘူး ဆိုတာ ရိပ်စားမိပြီး ငါတို့ညီမတတွေ ငိုကြတာပေါ့။ အဲဒါကို အမက "ညည်းတို့ မငိုနဲ့ ငါ့သားက ကောင်းတာသွားလုပ်တာ၊ ညည်းတို့ငိုလို့ မျက်ရည်ကျရင် ငါ့သား ထိခိုက်တယ်။ မျက်ရည်ဆိုတာ အပူ၊ ညည်းတို့ မျက်ရည်သုတ်ကြစမ်း" လို့ ခိုင်းတယ်ဆိုတာ ပြန်ပြောပြတော့ အမကို သတိရလိုက်တာ။ ခုလည်း ရေးရင်း အမကို သတိရလို့.. မျက်ရည်မဆည်နိုင်ဖြစ်မိတယ်။ ကျွန် တော် ခုလို အစ်ကို့ကဗျာထဲကလို မဖြစ်ခင် မြေအောက်ကာလတွေမှာ မိတ်ဆွေတယောက်က "ဒီကောင် လုပ်လို့ ဖြစ်ပါ့မလား ညီအစ်ကို မိသားစုတွေ သံယောဇဉ်အလွန်ကြီးတဲ့ကောင်" လို့ ပြောဖူးတာကို သတိရနေမိတယ်။ မိသားစု ညီအစ်ကို မောင်နှမတွေအပေါ် သံယောဇဉ်ကြီးတာကတဖက်၊ "ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး" လုပ်စရာရှိတာ လုပ်ရေးက ဘက်တဖက်မို့ ညီအစ်ကို မောင်နှမတွေနဲ့ ခွဲရတဲ့ နာကျင်မှုကို ရင်မှာပိုက်ရင်း ခွန်အားအဖြစ် ပြောင်းကာ ကိုယ် လျှောက်တဲ့လမ်းကို စိုက်လိုက်မတ်တတ် လျှောက်နေပါတယ်။ 

အစ်ကို ငဝက် ခေါ်  ဝင်းဖေဟာ ၁၉၅၇ မှာ မန်းတက္ကသိုလ် ရောက်ပါတယ်။ မန်းတက္ကသိုလ်တက်ရင်း ကဗျာရေးသူ အင်းဝက ကိုကြည်လင်(ကြည်အောင်)၊ ကသာဝင်းကြွယ် ခေါ် ကိုခင်မောင်ဝင်း၊ ကိုလေးမောင် (လေးမောင်-မြင်းခြံ) စသူတို့နဲ့ စတင်ဆုံစည်းမိလာတယ်။ နောက်နှစ်မှာ ကိုဘဂျမ်း (တင်မိုး)၊ ကိုသိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်)တို့လည်း ရောက်လာပြီး .. ကိုစိန်မြင့်(မောင်သက်ဦး၊ ကိုမိုးသူ-ဘကြီးမိုး)၊ ကိုသာနိုး(မောင်သင်္ဂါ) စသူ တို့နဲ့လည်း တွေ့ဆုံ ရင်းနှီးခဲ့တယ်ဆိုရင် မမှားပါဘူး။ အဲဒါအပြင် ဆေးကျောင်းတက်နေတဲ့ ကိုခင်မောင်ရည် (မောင်စန်းသော်)တို့နဲ့ လည်း အတူ မြင်းခြံသားများ စုပြီး အိမ်ငှားနေဖူးတာကို သိဖူး ဖတ်ဖူးပါတယ်။

မန်းတက္ကသိုလ်မှာ သူတို့တသိုက် ဆုံမိကြတဲ့အချိန် မန်းတက္ကသိုလ်ရဲ့ စာပေလှုပ်ရှားမှုတွအဖြစ် နံရံကပ် စာစောင်တွေ လုပ်ကြ၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း ဖွဲ့ရေး လှုပ်ရှားကြ၊ မန်းတက္ကသိုလ်ရဲ့ နှစ်လည်မဂ္ဂဇင်းကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ကြ၊ စာတည်းအဖွဲ့ဝင်များအဖြစ် တာဝန်ယူဆောင်ရွက်ကြ၊ စာပေဟောပြောပွဲတွေကို ပြင်ပစာရေးဆရာတွေကိုပါ ဖိတ်ခေါ်လုပ်ကြနဲ့ အလုပ်များ ပွဲစည်နေပါတယ်။ 

အဲဒီခေတ်က မန်းတက္ကသိုလ်ရဲ့ အဓိပတိမှာ ဦးကိုလေး (ဇေယျာမောင်)ဖြစ်ပြီး မြန်မာစာပါမောက္ခ ဦချမ်းမြ(မြကေတု)၊ ဆရာ ဦးဆန်းထွန်း(ဆန်းထွန်းမန်း တက္ကသိုလ်)၊ အမ်အေ ဒေါ်အုန်း(ပါဠိ၊ ဒုတိယကျောင်းသားသပိတ်၊ သပိတ်မှောက် ကျောင်းသူ)၊ ဦးခင်မောင်တင့်(စိတ်ပညာဌာန-တက္ကသိုလ်ဘုန်းနိုင်)၊ ဦးမောင်မောင်တင်(မြန်မာစာ ကထိက ဦးမောင်မောင်တင်) စတဲ့ စာပေပညာရှင်များလည်း ရှိနေတဲ့ခေတ် ဖြစ်ပါတယ်။

စာပေဝါသနာရှင် အထက်ဖော်ပြပါ ကျောင်းသားတသိုက်ဟာ ကျောင်းသားအရေး တပ်ဦးလုပ်ငန်းများနဲ့အတူ စာပေလှုပ်ရှားမှုများလည်း ကြိုးစား အကောင်အထည်ဖော်ဆောင်ခဲ့ကြပါတယ်။ စာပေလှုပ်ရှားမှုတွေ လုပ်ရင်း ပြင်ပစာရေးဆရာကြီး များဖြစ်တဲ့ ဆရာရွှေပြည်ဦးဘတင်၊ လူထုဒေါ်ဦးလှ၊ လူထုဒေါ်အမာတို့နဲ့ပါ ဆက်စပ်မိလာကာ စာပေလှုပ်ရှားမှုဟာလည်း ကျယ်ပြန့်လာတယ်။ လူထုဦးလှရဲ့ ရှေ့ဆောင်မှုအောက်မှာ အထက်ဗမာ စာရေးဆရာအသင်းထိ ကျယ်ပြန့်လာပါတယ်။ သူတို့တတွေလည်း ကဗျာဆရာများအဖြစ် စာပေလောကမှာ လူရာဝင်သူများ ဖြစ်လာပါတော့တယ်။

၁၉၅၉ မှာ မန်းတက္က သိုလ်ကလောင်ရှင် အသင်း စာစဉ်အဖြစ် တင်မိုးရဲ့ "ဖန်မီးအိမ် ကဗျာများ" စာအုပ် ထုတ်တယ်။ ၆၀ ခုမှာ ကြည်အောင်နဲ့ မောင်စွမ်းရည်ရဲ့ "စိတြကဗျာများ။ နောက် ကသာဝင်းကြွယ် ရဲ့ "ခေါင်းလောင်းသံကဗျာများ"ထုတ်ပြီး၊ နောက် နောက် မောင်မိုးသူ(မောင်သက်ဦး)ရဲ့ "အသဲငယ်ငယ်ကဗျာများ"  စသဖြင့် ထုတ်ဖို့ကြေညာခဲ့ပေမယ့် မထုတ်ဖြစ်ခဲ့။

ထူးခြားတာက သူတို့ထဲက ရေးဖော်ရေးဖက် ကဗျာဆရာ လေးမောင်(မြင်းခြံ) ရဲ့ ကဗျာစာအုပ် "နွေဦးချောင်းက ပန်းလောင်လှေ" ကဗျာစာအုပ်ဟာ စာအုပ်ရိုက်နေတဲ့ "တက်နေလင်းပုံနှိပ်တိုက်" မီးဘေးသင့်ပြီး ရိုက်ပြီးသား စာအုပ်များ မီးထဲပါသွားခြင်းပါပဲ။ ဒါ့အပြင် ကဗျာဆရာ ကိုလေးမောင်ကိုယ်တိုင်ကလည်း မန်းတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုများနဲ့ ဆက်နွယ်ပြီး ဗိုလ်နေဝင်းစစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချခြင်းခံရရုံမက ကိုကိုးကျွန်းထိ အပို့ခံရပြီး ကိုကိုးကျွန်း ၅၃ ရက် အစာငတ်ခံတိုက်ပွဲအတွင်းမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ရတယ်။ 

ကိုလေးမောင်(လေးမောင်-မြင်းခြံ)ဟာ မန်းတက္ကသိုလ်ကို ကိုကြည်လင်(ကြည်အောင်)၊ ကိုဝင်း ဖေ(မောင်စွမ်းရည်) တို့နဲ့ အတူ ၁၉၅၇ မှာ ရောက်ခဲ့ပြီး နောက်နှစ် ၁၉၅၈ မှာ ကိုဘဂျမ်း(တင်မိုး) ရောက်လာကာ မန်းတက္ကသိုလ်ရဲ့ ကဗျာရေးဖော် ၄ ယောက်အဖြစ် ပေါ်ထွန်းလာရာကနေ ကိုကိုးကျွန်း ၅၃ ရက်၊ အစာငတ်ခံ တိုက်ပွဲသူရဲကောင်း ကဗျာဆရာတဦး ဖြစ်သွားပြီး၊ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ ၃ ဦးဟာ ဆက်တိုက် အမျိုးသားစာပေဆုရ မန်းတက္ကသိုလ်ရဲ့ "ထနောင်းညီနောင် ၃ ဦးလို့ အသိအမှတ်ပြုကာ ဗမာကဗျာလောကမှာ "အလှမှာ တင်မိုး၊ အထိုးမှာ ကြည်အောင်၊ အလှောင်မှာ မောင်စွမ်းရည်" ဆိုပြီး သူ့ပုံစံနဲ့သူ ထူးထူးခြားခြား ကဗျာခေတ်ကို အသီးသီး ထူထောင်နိုင်ခဲ့တဲ့ ကဗျာဆရာများအဖြစ် တံခွန်ထူခဲ့ကြသူ ၃ ဦးဖြစ်လာပါတယ်။ 

ကြည်အောင်ဟာလည်း အစောပိုင်းမှာ စာပေဝေဖန်ရေးကို ကိုင်ခဲ့ပေမယ့် ကျောင်းသားလှုပ်ရှားမှုများနဲ့ ပြေးလွှားရင်း စာပေဝေဖန်ရေးကလောင်ကို အသာချထားလိုက်ရပြီး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အတွင်းတာဝန်ခွဲဝေမှုအရာ မောင်စွမ်းရည်ဟာ စာပေဝေဖန်ရေးကလောင်ကို ကိုင်စွဲရင်း ကဗျာဆရာ စာပေဝေဖန်ရေးဆရာ ဖြစ်လာပါတော့တယ်။ 

ကိုကြည်အောင်ဟာ ဗိုလ်နေဝင်း မဆလခေတ် အစောပိုင်း တလျှောက်လုံး ရှောင်ပုန်းနေခဲ့ရပြီး ဆရာတင်မိုးနဲ့ မောင်စွမ်းရည်တို့ဟာလည်း စစ်အာဏာရှင်စနစ်ရဲ့ မျက်မုန်းကျိုးခံရသူနှစ်ဦး ဖြစ်ကာ နောက်ဆုံးမှာ ပြည်ပကို ရှောင်တိမ်းနေထိုင်ရင်း မိမိသန်ရာ ကဗျာစာပေများ ရေးသားရင်း အသက်ရှင်သန်ခဲ့ကြရတယ်။ အခုအခါမှာ တော့ဆရာတင်မိုးလည်း ကွယ်လွန်သွားရပြီး အစ်ကို မောင်စွမ်းရည်တဦးသာ ပြည်ပမှာ မိသားစုနဲ့ ရှင်သန်နေရရှာပါတယ်။

(၃)

အထက်မှာ ပြောခဲ့သလို သူတို့တတွေဟာ အစ်ကို-ကိုဝင်းဖေရဲ့ သူငယ်ချင်းများအဖြစ် ကိုကြည်လင်(ကို ကြည်အောင်)မှတပါး အားလုံး ကျွန်တော်တို့ရွာကို ရောက်ဖူးသူများ ဖြစ်ကြတယ်။ ထူးဆန်းတာကတော့ ကျွန်တော် မန္တလေးမှာ အစ်ကိုတို့မိသားစုနဲ့ အတူနေပြီး ကျောင်းတက်နေတဲ့ ကာလမှာ သူကလည်း ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပြေးလွှားနေရလို့ တခါမှ မဆုံဖူးသလို ရွာလည်း ပါမလာလို့ မရင်းနှီးဖူးပါ။ ဒါပေမဲ့ သူလည်း သူငယ်ချင်းရေးဖော် မောင်စွမ်းရည်ရဲ့  ရွာကို မရောက်ဖူးသေးလို့ဆိုပြီး မောင်စွမ်းရည် အမေရိကန် ရောက်သွားပြီးနောက် မြင်းခြံ ရောက်လာလို့ မြင်းခြံမှာရှိတဲ့ ကျွန်တော်တို့ နှမအကြီးမရဲ့ ခင်ပွန်းက မောင်စွမ်းရည် မွေးဖွားခဲ့ရာ ဇာတိ ကန်ဆင့်တောင်ရွာရော၊ နောက်ပိုင်းကြီးပြင်းခဲ့တဲ့ ကန်ဆင့်မြောက်ရွာကိုပါ လိုက်ပို့ပြသပေးခဲ့တယ်လို့ နောက်ပိုင်း သိရပါတယ်။

ကျန်တဲ့ကဗျာဆရာတွေကတော့ ရွာလည်း ပါလာဖူးပြီး မန္တလေးမှာ ကျောင်းတက်ရတော့ ကျောင်းသားအဖြစ် တစုံတရာ ထိတွေ့ဆက်ဆံရလို့ ပိုရင်းနှီးခွင့်ရလိုက်ပါတယ်။ ကျွန်တော်တို့ မိဘကလည်း အထက်မှာ ပြောသလို ထန်းတောများလည်း တစုံတရာ ပိုင်ဆိုင်ကြတော့ ထန်းသမားများ ရှိပြီး ကျွန်တော်တို့ ကျောင်းပိတ်ရက်ဆိုရင် ဖတ်ချင်တဲ့ စာအုပ်ယူသွားပြီး တနေကုန် အဲဒီထန်းတောများမှာပဲ သူ စားချင်တာ စားသောက်နေတတ်ပါတယ်။ အစ်ကို့သူငယ်ချင်းများ  ပါလာတော့လည်း လူငယ်များပီပီ ထန်းတောများအထိ အလည်အပတ် ခေါ်သွားပေးပါတယ်။ အဲဒီ ထန်းသမားကြီးများကလည်း မန်းတက္ကသိုလ်ကျောင်းသားကြီးများကို ထန်းတောရဲ့ ထုံးစံအတိုင်း ဂုဏ်ယူဝမ်းသာအားရ ကြိုဆိုဧည့်ခံကြပါတယ်။ နောင်မှာတော့ အဲဒီကျောင်းသားကြီးများကို အမှတ်တရအဖြစ် သူတို့ရဲ့ သားမြေးများကို အမြတ်တနိုး "တင်မိုး"၊ "သာနိုး"၊ "ဘဂျမ်း"ဆိုတဲ့ နာမည်များကို ပေးထားတာ ကြားဖူးပါတယ်။

အဲဒါလည်း သဘာဝကျပါတယ်။ ကျွန်တော့်နာမည်ကိုယ်တိုင်ကလည်း အစ်ကို ကိုဝင်းဖေကိုယ်တိုင် ခေတ်ပျက် တောထဲ ရောက်နေခိုက် ရုပ်ရှင်ကြော်ငြာတခုမှာ ရုပ်ရှင်မင်းသားကြီးများ ဖြစ်ကြတဲ့ ကျော်ဆွေ၊ ကျော်ဖေတို့ ရှမ်းဘောင်းဘီအနက်ကြီးများနဲ့ အစ်ကိုတစ်ဝမ်းကွဲ တယောက်ရဲ့ ဓားခုတ်နေတာ တွေ့ရတော့ ကြည့်ချင်စိတ်စွဲပြီးသား၊ ကျွန်တော်နဲ့ မီးဝင် မီးထွက်ပဲ ကွာတဲ့ ကျွန်တော်တို့နှစ်ယောက်ကို ကျော်ဆွေ နဲ့ ကျော်ဖေ ဆိုပြီး အမည်ပေးလိုက်တာပါ။ 

ကျွန်တော်ကတော့ ကျော်ဆွေ ဖြစ်လာပြီး၊ ကျော်ဖေကတော့ ကျွန်တော်တို့ ဦးလေးများက သခင်စိုးကို လေးစားသူများ ဖြစ်တော့ ကျော်ဖေ မဖြစ်ဘဲ ကျော်စိုး ဖြစ်သွားပါတယ်။ ခုတော့ ကျော်စိုးလည်း ဆုံးသွားတာ ကြာပြီလို့သိရပြီး ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်သာ တယောက်က အရင်းရှင်နိုင်ငံကြီး အမေရိကန်ရဲ့ နယူးယောက်မှာ၊ တယောက်က ဆိုရှယ်လစ်နိုင်ငံကြီး တရုတ်ပြည်ရဲ့ မြို့လေးတမြို့မှာ နေထိုင်ရင်း၊ မိမိတို့ခေတ်က မိမိတို့ ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေး အောင်ပွဲခံရေးအတွက် ကိုယ် နိုင်ရာအခန်းမှ ထမ်းဆောင်ရင်း အောင်ပွဲဆီသို့ တက်လှမ်းနေပါတယ်။

မင်းအောင်လှိုင် ဖက်ဆစ်စစ်တပ် မုချ ကျဆုံးရမယ်။

နွေဦးတော်လှန်ရေးမုချ အောင်ပွဲခံရမယ်။

ကျော်ဆွေ

ဩဂုတ် ၁၉၊ ၂ဝ၂၄ ခုနှစ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar