Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၇)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၇)

(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၂၄


“ရန်သူအကြောင်း ကိုယ့်အကြောင်း သိရင် တိုက်ပွဲတရာ အောင်ပွဲတရာ နိုင်လိမ့်မယ်”

ဆွန်ဇူး Sun Tzu ( ဘီစီ ၅၄၄ - ၄၉၆ )

ကျနော်တို့ စစ်ပညာတွေ လေ့လာတဲ့အခါ ဘယ်လိုအမြင်၊ ဘယ်လို အတွေးအခေါ်တွေနဲ့ စစ်တိုက်ကြမှာလဲဆိုတာ စစ်အနိုင် အရှုံးကို အဆုံးအဖြတ်ပေးတဲ့ နေရာမှာ အတော်တွန်းအားဖြစ်လေ့ရှိပါတယ်။ 

စစ်မဟာဗျူဟာတွေ၊ စစ်သေနင်္ဂဗျူဟာတွေ ရေးတဲ့အခါ ဒီအချက်ဟာ သေရေး ရှင်ရေးတမျှ အရေးကြီးတာ တွေ့ရပါတယ်။ တော်လှန်ရေးစစ်ပွဲတွေမှာတော့ လူထုအမြင်၊ လူထုအတွေးအခေါ် ဆိုတာ အဓိကမောင်းနှင်အားတွေ ဖြစ်ကြတာ ထင်ရှားပါတယ်။ 

စစ်ရေးအမြင်သက်သက် ဆိုတဲ့ တွေးခေါ်မှုဟာ စစ်ပွဲမတိုင်မီကာလ စစ်ပွဲကာလနဲ့ စစ်ပွဲပြီးကာလတွေအထိပါ အန္တရာယ်တွေကို ရင်ခွင်ပိုက်နေကြရတဲ့ ပြဿနာကြီးအဖြစ် အလေးအနက်ရှုမြင်ဖို့ လိုပါတယ်။ အနိမ့်ဆုံး လူထုဆန့်ကျင်ရေးတွေ တမျှော်တခေါ်ကြီးကို ဖိတ်ခေါ်နေတဲ့ စစ်ရေးအမြင်ဖြစ်ပြီး တော်လှန်ရေးနဲ့ လုံးဝ မအပ်စပ်တဲ့ စဥ်းစားတွေးခေါ်မှုလို့ ဆိုချင်ပါတယ်။

ကမ္ဘာ့စစ်မဟာဗျူဟာတွေကို ချဥ်းကပ်လေ့လာကြည့်လိုပါတယ်။ ပထမဆုံး လူ့အဖွဲ့အစည်းအတွင်း စစ်မဟာဗျူဟာသမိုင်းကို တူးဆွကြည့်ဖို့ လိုသလို စစ်ပါရဂူတွေ၊ စစ်သူကြီးတွေရဲ့ စစ်ရေးအမြင် သဘောတရားနဲ့ စစ်မဟာဗျူဟာတွေကို ဆက်စပ်လေ့လာကြည့်ဖို့ လိုပါတယ်။ ဒါကြောင့် ခေတ်တွေအလိုက် စစ်သူကြီးတချို့နဲ့ သူတို့ရဲ့ စစ်မဟာဗျူဟာတချို့ကို ဖော်ပြလိုပါတယ်။ 

တကယ်က စာပေယဥ်ကျေးမှု မပေါ်ခင်ကတည်းက စစ်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ကျနော်တို့ စာပေ အရေးအသားနဲ့ ပတ်သက်ပြီး စာပေအရေးအသားသမိုင်း (history of writing) ကို ယေဘုယျ သိထားဖို့ လိုမှာဖြစ်ပါတယ်။

တကယ်တော့ စာပေအရေးအသား ဆိုတာ လူ့အဖွဲ့အစည်းအတွင်း လူသားတွေရဲ့ ယဥ်ကျေးမှုနဲ့ အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်လာတာကြောင့် စာပေယဥ်ကျေးမှုကို ဖြစ်ပေါ်စေမယ့် တွန်းဆော်မှု ပဲလို့ နားလည်ရမှာဖြစ်ပါတယ်။ သတင်းအချက်အလက် မှတ်တမ်းတွေကို ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပို့ဆောင်ခြင်း၊ ဆက်သွယ်ခြင်း၊ ဝေမျှခြင်း စတဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေဟာ စာပေပေါ်ပေါက်လာအောင် အရေးကြီးတဲ့ လှုံ့ဆော်မှုတွေလို့ ပြောရမှာ ဖြစ်ပါတယ်။

စာပေရေးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး အကျဥ်းတင်ပြလိုပါတယ်။

ရှေးဦးစာပေရေးနည်းစနစ်များ Early Writing Systems

( ၁ ) မက်ဆိုပိုတေးမီးယားရဲ့ ကျူနီဖောင်း စာရေးစနစ် Cuneiform ( Mesopotamia )

စာပေရေးနည်းစနစ်များအနက် အစောဆုံး စာရေးနည်းစနစ်တခုအဖြစ် သတ်မှတ်ထားကြပါတယ်။ Mesopotamia ဒေသက Sumerians လူမျိုးစုတွေ တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။

ခရစ်တော် မပေါ်မီ ၃၄၀၀ ဝန်းကျင်မှာ စတင်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ရွှံ့ပြား (clay tablets) ပေါ်မှာ ကညစ် (stylus) နဲ့ ရေးကြတာ ဖြစ်ပါတယ်။

( ၂ ) အီဂျစ်နိုင်ငံရဲ့ အရုပ်စာ Hieroglyphs ( Egypt )

ဘီစီ ၃၂၀၀ ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ အီဂျစ်နိုင်ငံရဲ့ အရုပ်စာရေးနည်းစနစ်ကလည်း ထင်ရှားပါတယ်။ အရုပ်သင်္ကေတတွေကို သုံးပြီး ဘုရားကျောင်းသမိုင်းတွေ၊ ဘုရင်တွေ အုပ်စိုးတဲ့ အချိန်ကာလတွေ စတာတွေကို ဖော်ပြကြလေ့ ရှိပါတယ်။

၃။ တရုတ်နိုင်ငံရဲ့ ရှီကူအမြစ်စနစ် (Oracle Bone Script) ဟာ တရုတ်စာပေ၏ အစောဆုံးစာရေး စနစ်ဖြစ်ပြီး၊ ခန့်မှန်းခြေ ခရစ်တော်မပေါ်မီ ၁၂၀၀ ဝန်းကျင်က ရှောင်မင်းဆက်ခေတ်  (Shang Dynasty) တွင် အသုံးပြုခဲ့ပါတယ်။ 

အဓိကအားဖြင့် ဒီစာပေကို ဘုရင်တွေရဲ့ လုပ်ဆောင်ချက်များနဲ့  ဗေဒင်ဟောခြင်း (divination) ရည်ရွယ်ချက်တွေမှာ သုံးကြလေ့ရှိပါတယ်။

ဒီနောက်မှာတော့ ကျနော်တို့ သိကြတဲ့ ဂရိအက္ခရာစနစ် Greek Alphabet နဲ့ လက်တင်အက္ခရာစနစ် Latin Alphabet တို့ ဖွံ့ဖြိုးလာကြပါတယ်။ 

၁၅ ရာစုမှာတော့ ဂူတန်ဘတ်ဂ် (Johannes Gutenberg ) က ပုံနှိပ်စနစ် ( Invention of Printing ) ကို တီထွင်နိုင်ခဲ့ပါတယ်။ ၂၀ ရာစုနှောင်းပိုင်းမှာတော့ အင်တာနက်၊ ကွန်ပျူတာ နည်းပညာများ ပေါ်ထွန်းလာတာနဲ့အမျှ စာပေတွေဟာ အီလက်ထရောနစ်ပုံစံကို ပြောင်းလဲသွားခဲ့ပါတယ်။

 eBooks၊  အွန်လိုင်းပလက်ဖောင်းစာအုပ်များ (online platforms) ဟာ စာပေနယ်ပယ်ကို ရောက်လာပြီး ဖတ်ရှုခြင်း၊ ဝေမျှခြင်း၊ စုဆောင်းခြင်းတို့အပြင် စာပေအနုပညာ ဖန်တီးမှုများစွာကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။

၂၁ ရာစု စာပေယဉ်ကျေးမှု အခြေအနေကို သုံးသပ်ရာမှာ လက်ရှိအချိန်အထိ ဖြစ်ပေါ်နေတဲ့ ယဉ်ကျေးမှုတွေ၊ နည်းပညာတိုးတက်မှုတွေနဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အထူးဂရုပြုရမယ်လို့ ယူဆပါတယ်။ 

၂၁ ရာစု စာပေယဉ်ကျေးမှုဟာ အစဉ်အလာ သမိုင်းဝင်စာပေတွေကနေ ခွဲခွာပြီး အသွင်သစ်တွေဆီ ချီတက်နေပြီ ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ နည်းပညာတိုးတက်မှုရဲ့ တွန်းဆော်တဲ့ စွမ်းအားတွေအဖြစ် ရှုမြင်ရမယ်လို့ ယူဆပါတယ်။

၁။ နည်းပညာနဲ့ စာပေယဉ်ကျေးမှု

၂၁ ရာစုမှာ နည်းပညာဟာ စာပေယဉ်ကျေးမှုအပေါ်မှာ အကြီးအကျယ် လွှမ်းမိုးလာတာ တွေ့ရပါတယ်။ အထူးသဖြင့် ဒီဂျစ်တယ်ပလက်ဖောင်းများ (eBooks, audiobooks, online platforms) ကြောင့် စာဖတ်သူတွေဟာ စာပေကို ပိုမိုထိထိရောက်ရောက် လေ့လာနိုင်ကြပါတယ်။ စာဖတ်နည်း များ၊ စာဖတ်ပုံများဟာ ပိုမိုစွမ်းဆောင်ရည်ရှိလာပြီး စာပေဟောင်း၊ အသစ်တို့ကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြပါတယ်။

ဥပမာ- Amazon Kindle စတဲ့ စာဖတ်စနစ် ပလက်ဖောင်းတွေက တိုးတက်ခေတ်မီတဲ့ နိုင်ငံတိုင်းလိုလိုမှာ လွတ်လပ်စွာ ဖတ်ရှုနိုင်တဲ့ အင်တာနက်စာပေ ယဉ်ကျေးမှုကို ဖော်ထုတ်ပေးလိုက်နိုင်တာဖြစ်ပါတယ်။

၂။ စာပေအမျိုးအစားအပေါ် အကျိုးသက်ရောက်မှု

စာပေယဉ်ကျေးမှုဟာ ဒစ်ဂျစ်တယ်ခေတ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် အရောင်အသွေးစုံစွာ အမျိုးအစားစုံစွာ ပွင့်ဖူးလာစေနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဆရာ၊ စာရေးဆရာများဟာ ယထာဘူ တ စာပေ Dystopian Literature ဆိုတာမျိုးပေါ့။ 

"1984"  by George Orwell ဂျော့အိုဝင် ရေးတဲ့ ဒီစာအုပ်က အနာဂတ်ယဥ်ကျေးမှုအခြေအနေကို ပုံဖော်ပြထားပြီး၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေက စောင့်ကြည့်ထိန်းသိမ်းမှုနဲ့ အာဏာစိုးမိုးမှုကို ရေးသား ဖော်ပြထားပါတယ်။ 

ဒီစာအုပ်က လူမှုရေး အခြေအနေအပေါ် သေချာသိမြင်စေပြီး ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ စာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်။ နောက်တမျိုးက ဘဝသရုပ်ဖော်စာပေ Literary Realism ဆိုတာမျိုးပေါ့။

အစစ်အမှန် ပုံဖော်ရေးသားမှုတွေ ဖြစ်ကြပြီး လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေ၊ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ပုံဖော်ရေးသားကြတာတွေ၊ ဆွေးနွေးတင်ပြတာတွေ ဖြစ်ကြပါတယ်။ 

၁၈၆၉ ခုနှစ်က ရုရှားစာရေးဆရာ လီယို တော်စတွိုင်း ရေးတဲ့ စစ်နဲ့ငြိမ်းချမ်းရေး “War and Peace ဟာ ထင်ရှားပါတယ်။ 

စိတ်ကူးယဉ်အမျိုးအစားစာပေ Fantasy Literature တွေလည်း များစွာဆိုသလို ဖန်တီးရေးသား လာခဲ့ကြပါတယ်။ တကယ့်ဘဝမှာ မဖြစ်နိုင်တဲ့ အဖြစ်အပျက်တွေ၊ အံ့ဩစရာကောင်းတဲ့ စိတ်ကူး ယဉ်ကမ္ဘာတွေနဲ့ မဟုတ်မမှန်တဲ့ သဘာဝပုံစံတွေကို အခြေပြုပြီး ရေးသားထားတဲ့ စာပေမျိုး ဖြစ်ပါတယ်။ 

စိတ်ကူးယဉ်စာပေတွေမှာ သမုဒ္ဒရာထဲက ဘုရင် ဘုရင်မတွေ၊ နတ်သမီးတွေ၊ နတ်ဘုရားတွေ စတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေ၊ ထူးခြားဆန်းပြားတဲ့ နယ်မြေများနဲ့ အံ့ဩဖွယ်ရာ မဟုတ်မမှန်မှုတွေကိုပါ ထည့်သွင်းဖော်ပြကြပါတယ်။ ဥပမာ- J.R.R. Tolkien ရေးတဲ့ The Lord of the Rings နဲ့ J.K. Rowling ရေးတဲ့ Harry Potter” စာအုပ်တွေဟာ ထင်ရှားကြပါတယ်။

စာအုပ်တွေကို အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ကြသလို အောင်မြင်တဲ့ ရုပ်ရှင်တွေအဖြစ်လည်း အသိအမှတ်ပြုကြတာ တွေ့ရပါတယ်။

၃။ သမိုင်းဝင်စာပေများအပေါ်  သက်ရောက်မှု

၂၁ ရာစုမှာ ယခင်စာပေများကို ထပ်မံအသိအမှတ်ပြုလာပြီး သမိုင်းဝင်စာပေများကို ပြန်လည်ဖတ် ရှုခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်လာခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်များက ရေး သားခဲ့ကြတဲ့ စာပေတွေနဲ့ စာအုပ်တွေကို လေ့လာသုံးသပ်ပြီး လက်ရှိယဉ်ကျေးမှုနဲ့ သက်ဆိုင်သော အရာများကို ထည့်သွင်းပြောင်းလဲ ရေးသားနေကြတာကိုလည်း တွေ့ရပါတယ်။

၄။ ကမ္ဘာလုံးဆိုင်ရာ စာပေယဉ်ကျေးမှုကို ဖော်ထုတ်ခြင်း

၂၁ ရာစုတွင် စာပေယဉ်ကျေးမှုဟာ အကန့်အသတ်မဲ့ စာပေတွေကို ဖော်ပြနိုင်ဖို့ အခွင့်အလမ်းတွေ အခိုင်အမာ ရရှိလာကြပါတယ်။ ဘာသာစကားအမျိုးမျိုးနဲ့ အွန်လိုင်းပလက်ဖောင်းတွေမှာ စာအုပ် များစွာကို အလွယ်တကူ ဖတ်ရှုလာနိုင်တဲ့အတွက် ကမ္ဘာတဝန်းရှိ စာပေများဟာ ပိုမိုအသိအမှတ်ပြုခံရကာ ကမ္ဘာလုံးဆိုင်ရာ စာပေယဉ်ကျေးမှုကို ဖော်ထုတ်ပေးနိုင်လာပါတယ်။

ကနေ့ စာပေယဥ်ကျေးမှု တိုးတက်လာတာနဲ့အမျှ စစ်ပညာယဥ်ကျေးမှုလည်း အစွမ်းကုန်ဖွံ့ဖြိုးတိုး တက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်ပညာသဘောတရားတွေကို စနစ်တကျ လေ့လာနိုင်ဖို့ ခေတ် ၅ ခေတ်က မဟာဗျူဟာသဘောတရား ပညာရှင်ကြီးတွေကို အုပ်စုလိုက် ခွဲတင်ပြလိုပါ တယ်။

၁။ ရှေးခေတ်ဦးခေတ် ( Ancient ) စစ်မဟာဗျူဟာ အတွေးအခေါ်ပညာရှင်ကြီးများနှင့် သူတို့၏ အတွေးအခေါ်များ

၂။ အလယ်ခေတ် ( Midieval ) စစ်မဟာဗျူဟာ အတွေးအခေါ်ပညာရှင်ကြီးများနှင့် သူတို့၏အတွေး အခေါ်များ

၃။ ယမ်းမှုန့်ခေတ် ( Gun powder ) စစ်မဟာဗျူဟာ အတွေးအခေါ်ပညာရှင်ကြီးများနှင့် သူတို့၏ အတွေးအခေါ်များ

၄။ စက်မှုခေတ် ( Industrial ) စစ်မဟာဗျူဟာ အတွေးအခေါ်ပညာရှင်ကြီးများနှင့် သူတို့၏အတွေး အခေါ်များ

၅။ ခေတ်သစ် ( Modern ) စစ်မဟာဗျူဟာ အတွေးအခေါ်ပညာရှင်ကြီးများနှင့် သူတို့၏အတွေး အခေါ်များ

ရှေးဦးစွာ တင်ပြလိုတာက စစ်မဟာဗျူဟာရဲ့ အခြေခံသဘောတရား (Principle of Strategy) ဖြစ် ပါတယ်။ ကျနော်တို့ စစ်မဟာဗျူဟာတွေကို လေ့လာတဲ့အခါ အခြေခံရမယ့် စစ်တရားတွေလို့ ယူဆပါတယ်။

အခြေခံစစ်တရားများ Principle of Strategy

  • ရည်မှန်းချက် (Objective)
  • ထိုးစစ် မဟာဗျူဟာ (Offensive Strategy)
  • ခံစစ် မဟာဗျူဟာ Defensive Strategy
  • ပူးပေါင်းဆောင်ရွက်မှု Cooperation
  • အင်အားစုစည်းတိုက်ခိုက်နိုင်မှု Concentration Mass
  • တွက်ခြေကိုက်မှု Economy
  • စစ်ကစားလှုပ်ရှားမှု Maneuver
  • အငိုက်ဖမ်းနိုင်မှု Surprise
  • လုံခြုံမှု Security
  • ရိုးရှင်းလွယ်ကူမှု simplicity

အစောဆုံးစစ်မဟာဗျူဟာကို ဘီစီ ၅၀၀ လောက်က တရုတ်စစ်သူကြီး ဆွန်ဇု (SUN TZU) က ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

သူနဲ့ ခေတ်ပြိုင်တွေ သူ့ထက်နည်းနည်းနောက်ကျတဲ့ စစ်သူကြီးတွေ ရှိကြပါတယ်။ ကျနော်တို့ စစ်သူကြီး အကျော်အမော်တွေနဲ့ သူတို့ရဲ့ ကျော်ကြားတဲ့ စစ်မဟာဗျူဟာတွေကို လေ့လာကြည့်ကြတာပေါ့။

နောက်တပတ်မှာပြန်ဆုံကြမယ်ဗျာ။


👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar