အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၉ )
ဒီရက်ပိုင်း တွေ့ရတဲ့ သူငယ်ချင်းတိုင်းလိုလို က TNLA ကို တရုတ် ခြိမ်းခြောက်စာပို့တဲ့ အကြောင်းတွေပဲ ပြောဖြစ်ကြတယ်။ ဓာတ်ဆီဆိုင်မှာ ကားတန်းရှည်ကြီးတွေ တန်းစီနေတဲ့အကြောင်း ၊ ဆေးဆိုင်မှာ ဆေးဝယ်မရ။ အလားတူ ဆေးရှိတယ်ဆိုရင်ပဲ ဝမ်းသာအားရ ဝယ်လိုက်ကြရ။ ကုန်တိုက်ကြီးတွေမှာလည်း စက်ရုံတွေက ဝယ်လိုအားရှိသလောက် ပစ္စည်းမတင်နိုင်ကြတော့။ ဒေါ်လာဈေးတက်ပြီးရင်း တက်နေလို့ ရောင်းသူ ဝယ်သူတွေ ကတိပျက်ကြ။ ပစ္စည်းလက်ဝယ်ရှိသူတွေ ပစ္စည်းထုတ်မရောင်းရဲကြ။ လက်ဖက်ရည် တခွက် နှစ်ထောင်နီးပါး ဖြစ်နေလို့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် အာလာပသလ္လာပ မပြောနိုင်ကြတော့။ ရပ်ကွက်ထဲ လမ်းလျှောက်ရင်းနဲ့သာ စကားပြောကြရ။
ကုန်ဈေးနှုန်းတက်တာ သတင်းမဟုတ်တော့။ လူငယ်တွေ ဖမ်းပြီး ရှေ့တန်းပို့တာ သတင်းမဟုတ်တော့။ စစ်ရှောင်တွေ၊ လူနေရပ်ကွက်တွေ ဗုံးကြဲတာ သတင်းမဟုတ်တော့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ သတင်း မဟုတ်တော့။ စစ်ကောင်စီတပ်တွေ လက်နက်ချတာ သတင်းမဟုတ်တော့။ ရာနဲ့ချီ လက်နက်ချမှပဲ လူတွေက နည်းနည်းအရေးလုပ်ပြီး စကားထဲ ထည့်ပြောဖြစ်ကြ။ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းတာ သတင်း မဟုတ်တော့။ တော်လှန်ရေးတပ်တွေက စစ်ကောင်စီ စခန်းကြီတွေ သိမ်းမှပဲ အရေးလုပ် စကားပြောကြ။
တနေ့က မန္တလေးကို ရှော့တိုက်ဒုံးထိလို့ စစ်အရာရှိကြီးတွေ သေတဲ့ သတင်း၊ မင်းအောင်လှိုင်ရောက်လေရာအရပ်မှာ လက်နက်ကြီး အပစ်ခံရတဲ့ သတင်းတွေလည်း သာမန်သတင်းတပုဒ်သာဖြစ်သွားခဲ့။ မင်းအောင်လှိုင်ကလဲ သူ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ ပြန်တိုက်ယူမယ်လို့ လေလုံးထွားခဲ့။
တရုတ်က TNLA ကို "ထောင်တန်းစီးလေသံ" နဲ့ ဟောက်စားလုပ်ကြည့်ပြီးနောက်မှသာ မင်းအောင်လှိုင် ခုလို လေလုံးထွားနေတာကို သတိပြုမိသူတွေက လှောင်ကြ ပြောင်ကြ။ တော်လှန်ရေးတပ်တွေ လက်ထဲ နောက်ထပ်မြို့တွေ မကျအောင်၊ စခန်းတွေ မကျအောင် အသည်းအသန် ခုခံနေရချိန်မှာ ယခင် သိမ်းပြီးသားမြို့တွေ ပြန်ရအောင်သိမ်းမယ်ဆိုတော့ လူတွေက ဟားတိုက်ရယ်ကြတာလဲ မဆန်းပါဘူး။ အဲဒီလို လျှောက်ပြောင်သူတွေထဲမှာ ဂေါက်ကစားနေတဲ့ စစ်ကောင်စီတပ်က အငြိမ်းစားအရာရှိကြီးတွေက ထိပ်ဆုံးကပေါ့။
ခုလတ်တလော လူတွေ စိတ်ဝင်စားနေတဲ့ သတင်းက မေမြို့ တောင်ခမ်းစခန်း ဘယ်နေ့ကျမလဲ။ တောင်ခမ်း ကျပြီရင် မေမြို့လား၊ မန္တလေးလား၊ တောင်ပိုင်းရှမ်းပြည်ဘက်ကိုလား။ ရခိုင်ဘက်ကတော့ AA က အပိုင်သိမ်းတော့မယ်လို့ ယုံကြည်နေကြတယ်။ မကြာမီ လာမည်ပေါ့။
သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ တရုတ်က ရွှေလီအုပ်ချုပ်ရေးအဆင့်ကို TNLA အတွက် သတိပေးစာထုတ်ဖို့ မျက်ရိပ်ပြတယ်။ ရွှေလီအုပ်ချုပ်ရေးအဖွဲ့က ထောင်တန်းစီးလေသံနဲ့ တံဆိပ်တုံးမထုဘဲ သတိပေးစာထုတ်တယ်။ မီဒီယာတွေက ဒီစာဟာ တရုတ်ရဲ့ သွေးတိုးစမ်း သတိပေးစာ ဖြစ်တယ်ဆိုတာကို ပါးပါးနပ်နပ် တင်ဆက်တယ်။
ဒါကြောင့် တရုတ်ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို နောက်ကွယ်က ပံ့ပိုးနေသူအဖြစ်၊ ပေါ်တင်ရပ်တည်နေသူအဖြစ် ကမ္ဘာ့ပြည်သူတွေက မြင်သွားတယ်။ တရုတ်းရဲ့ မင်းသားခေါင်း ဆွဲအချွတ်ခံရတယ်။ တရုတ်ရဲ့ သွေးတိုးစမ်းနည်းပညာဟာ ခေတ်မမီတော့ဘူး။ တရုတ်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ နိုင်ငံရေးပေါ်လစီ အမှားတွေ ပေါ်ကုန်တယ်။ နိုင်ငံရေးပေါ်လစီ မှားရင် စစ်ရေး စီးပွားရေးပေါ်လစီတွေပါ ဆက်တိုက်မှားလေ့ရှိတယ်။
တရုတ်ဟာ မြန်မာပြည်တွင်းရေးကို မီးစ တဖက်၊ ရေမှုတ် တဖက်နဲ့ ဆရာကြီး ဝင်လုပ်တာ။ ခုတော့ မြန်မာပြည်သူတွေအားလုံးသာမက ကမ္ဘာ့တရပ်လုံးရဲ့ ဆန်ကျင်တာကိုပါ ခံလိုက်ရတယ်။ စေတနာမမှန်သော ကံတရားပါပဲ။
ဒီပေါ်လစီအမှားကို ဆက်ကျင့်သုံးနေမယ်ဆိုရင် တရုတ်ရဲ့ ရှိစုမဲ့စု ခြံစည်းရိုးပါ တော်လှန်ရေးမုန်တိုင်းထဲ ပါသွားလိမ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မြောက်ပိုင်းက လူငယ်တွေဟာ တရုတ်ပြည်မှာ ပညာသင်ယူဖို့ထက် ထိုင်း၊ စင်ကာပူ၊ နဲ့ အနောက်နိုင်ငံတွေမှာ ပညာသင်ယူဖို့ စိတ်အားထက်သန်နေကြလို့ပဲ တဲ့။
သူ့အတွေးဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ အစိုးရတရပ်ဟာ ဘာပဲလုပ်လုပ် ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်မိရင် အဖတ်ဆယ်မရအောင်ကျဆုံးတာ သဘာဝပဲ။ ဥပမာ- မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ အစိုးရ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar