မောင်လင်းရိပ် - အချည်းနှီး ၉
အချည်းနှီး ၉
မောင်လင်းရိပ်
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၄
စမ်းချောင်းလေးထဲမှာ သစ်ရွက်ကလေးတွေဟာ
ချစ်စရာ့လှေကလေးတွေ ဖြစ်နိုင်ပေမဲ့ နှစ်မြှုပ်ပစ်စရာ ရှာသလို
မြစ်နှုတ်ခမ်းပေါ် တရကြမ်းတက်လာတဲ့ ကျားစီးဖားစီး ရေစီးထဲ
သေးမွှား
အမှိုက်စ
ဒုက္ခတွေဟာ ကျော်ဖြတ်ပြီးရင် ဟာသလုပ်ရယ်မောပစ်ဖို့ပဲလို့ ဆိုကြတော့
ရယ်မောရဖို့ ငါတို့ဟာ ဘယ်နှဘဝ စောင့်ရပါလိမ့်ဆိုတဲ့ အသံ
ဘဝဆိုသဟာ အဓိပ္ပာယ်မဲ့လို့ ညည်းတွားရင်း
ဘဝထဲ ကောက်ထည့်မိတာက သစ်ရွက်လှေကလေးတွေနဲ့ အမှိုက်စတွေ
ဗုံးစက လည်ကို တိတိရိရိအဖြတ်ခံရတာ ဗုဒ္ဓရုပ်ပွားတင်မကဘူး
ဒါပေမဲ့ ဒီအရာကိုတော့ ခေါင်းပြတ်ကြီးဆိုပြီး ကြောက်လန့်မသွားမိ
ဖြစ်ကတတ်ဆန်း ထိုးထားရတဲ့ စစ်ရှောင်တဲထဲက ဦးခန်းနေရာမှာ စံပယ်ခိုင်းရ
သူ့ခေါင်းထဲ ဘာတွေ အကြွင်းမဲ့ သိသွားခဲ့သလဲ ငါ သေချာမသိ
တခြား လည်ပြတ်အရိုးခေါင်းတွေဟာ သွားအဖြဲသားနဲ့ ဒီနားဟိုနား မြေကြီးအောက်
ဘယ်လောက်ရှိနေမလဲ ငါ မသိ
၂၀၂၄၊ စက်တင်ဘာ ၁၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar