Breaking News

သွေးကွဲနေတဲ့ တိုင်းပြည်နဲ့ သဘာဝဘေးအန္တရာယ်


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၃ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၄⁨⁨⁨


သွေးကွဲနေတဲ့ တိုင်းပြည်နဲ့ သဘာဝဘေးအန္တရာယ်

တောင်တရုတ်ပင်လယ်က အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းရဲ့  ကြွင်းကျန်တဲ့ ရေငွေ့အစုအဝေး လေပွေလှိုင်းတွေက အရှေ့အာရှရဲ့ နိုင်ငံတွေကို ဖြတ်သန်းပြီး ဝင်ရောက်လာရာမှာ လာအို၊ ထိုင်း နဲ့ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတခွင်မှာ မကြုံဖူးတဲ့ မိုးရေချိန် ရက်ဆက်ရွာသွန်းမှုက ဆယ်စုနှစ် ၆ ခု ၇ ခုအတွင်းအဆိုးရွားဆုံးသော ရေဘေးအန္တရာယ်ကို ကျရောက်စေခဲ့ပါတယ်။ 

စက်တင်ဘာ ၁၀ ရက် ဝန်းကျင်က စတင်ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေမြင့်တက်လာခြင်း၊ ရုတ်တရက် တောင်ကျရေ ကျဆင်းခြင်းနဲ့ အတူ နေအိမ်၊ လူ၊ ကျွဲနွားတွေ မျောပါသေဆုံးကြရတာ၊ တဖြည်းဖြည်း မြစ်ရေ၊ ချောင်းရေမြင့်တက်လာပြီး ရေနစ် သေဆုံးကြရသူတွေ၊ ရုတ်တရက် တိမ်းရှောင်ဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ အသက်ဆုံးရှုံးနေကြရတဲ့ ဖြစ်ရပ်တွေ လူမှုကွန်ရက်မီဒီယာတွေမှာ၊ သတင်းတွေထဲမှာ ရက်အနည်းငယ်အတွင်း ပေါ်ထွက်လာကြတဲ့အခါ ရေဘေးအန္တရာယ်ရဲ့ သက်ရောက်မှု အကျိုးဆက်ကို ပိုပြီး သိရှိလာကြရတာ ဖြစ်ပါတယ်။ 

စတင်ဖြစ်ပွားခါစ စက်တင်ဘာ ၁၁ ရက် ၁၂ ရက်ဝန်းကျင်မှာ အသက်ဆုံးရှုံးမှုက ဆယ်ဂဏန်း အရေအတွက်လောက်သာ ပေါ်ထွက်ခဲ့ပေမယ့် သတင်းအချက်အလက်တွေ ထပ်မံသိရှိလာရတဲ့ နောက် တရက် နှစ်ရက်အတွင်း မြို့နယ်တခုတည်းတင် ရာဂဏန်းတွေ အထိရောက်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဖျားအကျဆုံး တာချီလိတ်မြို့နယ်လိုမျိုးမှာလည်း ရေဘေးနဲ့ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့သလို နောက်တရက်ကျော်အကြာမှာ ရေဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဥ်းမနား မြို့နယ်တွေက ကျေးရွာတွေ ရဲ့ သတင်းတွေ ပေါ်ထွက်လာချိန်မှာတော့ သေဆုံးမှုတွေက ကျေးရွာတရွာတည်းတင် ဆယ်ဂဏန်းကနေ ရာဂဏန်းလောက်ထိ ရောက်ရှိလာတာတွေ ကြားသိလာကြရသလို ကလောလို အပန်းဖြေမြို့ တောင်ပေါ်မြို့ တမြို့ထည်းမှာပင်လျှင် မျှော်လင့်မထားတဲ့ အရေအတွက် ဖြစ်တဲ့ တရာကျော်အထိ ရောက်ရှိလာနေတာ ကြားသိရပါတယ်။ ယခု အရေအတွက်တွေသည်ပင်လျှင် တကယ့် ဖြစ်ပျက်မှုရဲ့ သိရတဲ့ အစိတ်အပိုင်း တခုမျှသာဖြစ်နေဦးမှာ ဖြစ်ပြီး နောက်ရက်အနည်းငယ်အတွင်း အသက်ဆုံးရှုံးမှု ကိန်းဂဏန်းတွေ ထပ်မံမြင့်တက်လာဦးမှာ ဖြစ်ပါတယ်။ 

အခုလို သေဆုံးမှုတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ရသင့်တဲ့ ကြိုတင်သတင်းအချက်အလက်တွေ အားနည်းတာ၊ အချို့သော အခြေအနေမျိုးမှာ ဒေသအုပ်ချုပ်ရေး တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက မဖြစ်မနေ ရွှေ့ပြောင်းဖို့ စီစဥ်လုပ်ဆောင်တာတွေ ရှိခဲ့ရင် ရာနဲ့ ချီတဲ့ လူ့အသက်တွေကို ကယ်ဆယ်နိုင်ခဲ့မှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ အဲဒီလို အခြေအနေမျိုးမှာ မရှိခဲ့တာ စိတ်မကောင်းဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။ 

 သဘာဝဘေးအန္တရယ် တခုကျရောက်လို့ ဆုံးရှုံးရတဲ့ လူ့ အသက်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံရေး ပဋိပက္ခ၊ အဓိကရုဏ်းတို့လို မှာ သေဆုံးကြရတဲ့သူတွေရဲ့ ကိန်းဂဏန်းချင်းနှိုင်းယှဥ်ရတာ သဘောသဘာဝချင်း မတူသော်ငြား၊ ကယ်ဆယ်သင့်တဲ့ လူ့အသက်တချောင်းရဲ့ တန်ဖိုးချင်းက အတူတူပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေး အယူအဆ၊ ထောက်ခံမှုတွေကို ခေတ္တဘေးဖယ်ကာ စဥ်းစားကြရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

စစ်ပွဲတွေ ဖြစ်ပွားနေပြီး လူထုအနေနဲ့ ရေဘေးအန္တရာယ် မကျရောက်ခင်ကတည်းက ကျပ်တည်းလွန်းတဲ့ အနေအထား၊ စစ်ဘေးတိမ်းရှောင်နေရတဲ့ အနေအထားမျိုးမှာ လုပ်သင့်လုပ်ထိုက်တဲ့ ဘေးအန္တရာယ်ကာကွယ်မှု ကြိုတင်ပြင်ဆင်မှုမျိုးကို လုပ်ဆောင်ဖို့ နှောင့်နှေးတာ ခက်ခဲတာတွေလည်း ရှိနေမှာ ဖြစ်ပါတယ်။ အခု ရေဘေးမှာ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်တချို့ တိမ်းရှောင်နေကြတဲ့ ညောင်ရွှေ၊ ကလော၊ အောင်ပန်းနဲ့ ရှမ်းအရှေ့ဒေသတွေမှာလည်း ရေဘေးအန္တရာယ် ကျရောက်ခံစားခဲ့ကြရတာ ဖြစ်ပြီး အချို့သော စစ်ဘေးရှောင်သူတွေ ရေဘေးနဲ့ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်တွေလည်း ရှိနေကြတာ သတင်းတချို့ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။ 

အလားတူ စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီပြည်နဲ့ ကရင်ပြည်နယ် ပဲခူးတိုင်း ထိစပ်ရာဒေသတွေမှာလည်း စစ်ဘေးရှောင်တချို့ ရေဘေးနဲ့ အသက်ဆုံးရှုံးမှုတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သတင်းအချို့မှာ တွေ့ရပါတယ်။ 

ဒုက္ခအပေါ် ဒုက္ခဆင့်တယ်လို့ ဆိုရမယ့် အခုလို ရေဘေးမှာ စစ်ကောင်စီ အနေနဲ့ လုံလောက်တဲ့ ကြိုတင် သတိပေးမှု၊ ကြိုတင်ကာကွယ်မှု၊ ရွှေ့ပြောင်းမှုတွေ မရှိခဲ့ဘူးဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ တဖက်မှာလည်း လူထုအနေနဲ့ အချင်းချင်း ကူညီဖေးမနိင်ဖို့ ရာမှာ နှစ်နဲ့ချီ ခံစားနေကြရတဲ့ စစ်ဘေးဒဏ်ကြောင့်၊ တနေရာနဲ့ တနေရာ သွားလာကူညီဖို့ ကန့်သတ်မှုတွေ၊ စစ်ဆေးမှုတွေ နိုင်ငံရေးအရ တားမြစ်မှုတွေကြောင့်ရော၊ လူထုရဲ့ ကူညီနိုင်စွမ်း အနိမ့်ဆုံးအနေအထားကြောင့်ပါ ပြည်သူမှ ပြည်သူသို့ ကူညီနိုင်မှု ကြီးကြီးမားမား မတွေ့ရှိရပါဘူး။ နိုင်ငံရေး ထောက်ခံမှု၊ ရပ်တည်ချက်တွေ အပေါ်မူတည်ပြီး အချို့သော ဘာသာရေး အဖွဲ့အစည်းတွေနဲ့ လူထုအကြားသွေးကွဲတာ၊ လူထု အချင်းချင်းအကြားမှာတင် စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေကြပြီး အခုလို ရေဘေးအန္တရာယ်ကျရောက်ချိန်မှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေ နည်းပါးနေကြတာကိုလည်း သတိပြုမိပါတယ်။ 

သဘာဝဘေးအန္တရာယ်ကတော့ နိုင်ငံရေးတွေ အသွေးအရောင်တွေကို သိရှိနားလည်ခြင်း မရှိဘဲ မြန်မာနိုင်ငံတင်မက ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရဲ့ သက်ရောက်မှုတွေကို အခြေပြုပြီး လူသားတွေအပေါ် ရေဘေး၊ မြေပြိုမှု၊ ပိုမိုပြင်းထန်တဲ့ မုန်တိုင်းတွေ ကျရောက်စေတာ ဖြစ်ပြီး ဒီအနေအထားအောက်မှာ သွေးကွဲနေတဲ့ မြန်မာနိုင်ငံအဖို့တော့ အိမ်နီးချင်းနိုင်ငံတွေထက် ဘေးအန္တရာယ်သက်ရောက်မှုဒဏ်ကို ပိုခံစားရမှာ အသေအချာပင် ဖြစ်ပါတယ်။⁩



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar