နာဂစ် နှင့် နှိုင်းယှဥ်စရာ ၂၀၂၄ ခုနှစ် ရေဘေးအန္တရာယ် ကျရောက်မှု
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၄
နာဂစ် နှင့် နှိုင်းယှဥ်စရာ ၂၀၂၄ ခုနှစ် ရေဘေးအန္တရာယ် ကျရောက်မှု
လွန်ခဲ့တဲ့ ၁၆ နှစ်ကြာက ဧရာဝတီတိုင်း တခုလုံးနဲ့ ရန်ကုန်တိုင်းရဲ့ အစိတ်အပိုင်းအချို့ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တဲ့ နာဂစ်လို့ အမည်ပေးထားတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ရဲ့ ဖျက်ဆီးမှု အသက်သေဆုံးမှုဟာ မြန်မာ့ခေတ်သစ် သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် အဖြစ် သတ်မှတ်ရလောက်တဲ့ဖြစ်ရပ်ဆိုးအဖြစ် မှတ်တမ်းတင်ထားကြပါတယ်။ တညတာတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း နာဂစ်အတွင်း ဆုံးရှုံးခဲ့ရတဲ့လူ့အသက် အရေအတွက်ဟာ နှစ်ရှည်ချီကြာမြင့်တဲ့ စစ်ပွဲကြီးတပွဲထက်လည်း များပြားပြီး ပျက်စီးဆုံးရှုံးသွားတဲ့ အသက်မွေးဝမ်းကျောင်းတွေ၊ မိသားစု တစုလုံး ရေထဲ မျောပါပြီး တဦးတည်း ကျန်ခဲ့တဲ့ အဖြစ်အပျက်တွေ ဒုနဲ့ဒေး၊ မိသားစုတစုလုံး ရေဘေးမှာ သေဆုံးသွားသူတွေ၊ ရွာတရွာလုံးမှာ အမျိုးသမီးတွေ နဲ့ ကလေးတွေ ရေဘေးနဲ့ အသက်ဆုံးရှုံးကုန်ပြီး အမျိုးသားတွေသာ ကျန်ရစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ ဧရာဝတီတိုင်းက ကျေးရွာတွေမှာ မကြုံဖူးတဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့တာပါ။ ၂၀၀၈ ခုနှစ် မေလ ၅ ရက်နေ့ညမှာ စတင်တိုက်ခတ်တဲ့ ဆိုင်ကလုန်းနာဂစ်ဟာ နောက်တနေ့ နေ့လယ်လောက်မှာ အားလုံးငြိမ်သက်သွားချိန်မှာ မိမိပတ်ဝန်းကျင်မှာ တွေ့ရတဲ့ သေဆုံးမှုတွေ၊ ပျက်စီးမှုတွေဟာ ကျယ်ပြန့်တဲ့ မြို့နယ်တခု၊ တိုင်းတခုလုံး နဲ့ ယှဥ်လိုက်ရင် ဘယ်လောက်မှ မရှိသေးဘူးဆိုတာ အဲဒီနံနက်မှာ အဖြစ်ဆိုးနဲ့ ကိုယ်တိုင်ကြုံရသူတွေတောင် တွေးတောမိခဲ့ကြမှာ မဟုတ်ပါဘူး။ ရက်အနည်းငယ်အတွင်း သိလာရတဲ့ အသက်ဆုံးရှုံးမှု ကိန်းဂဏန်းတွေက ၁သိန်း ၃သောင်း ကျော်ထိ ရှိခဲ့ပြီး ဒီအရေအတွက်ဟာ အနိမ့်ဆုံးအရေ အတွက်ဖြစ်ပြီး ပျောက်ဆုံးနေခဲ့သူတွေ မပါဝင်ခဲ့ပါဘူး။
ဒီဖြစ်ရပ်ဆိုးကြီးမှာ အဓိကသင်ခန်းစာယူစရာက သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းချက်၊ လူထုထံ အသိပေးခြင်း၊ ရွှေ့ပြောင်းကယ်ထုတ်ဖို့ အုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားချက်ပေးပြီး အဲဒီ ဌာနအသီးသီးက လူ့အသက်တွေကို ကယ်ဆယ်ဖို့ လုပ်ကိုင်နိုင်စွမ်း စတဲ့ စနစ်က ထိုစဥ်က စစ်အစိုးရလက် အောက်မှာ ကောင်းမွန်စွာ မရှိခဲ့တာကြောင့် မမှန်းဆနိုင်တဲ့ ပမာဏအထိ အသက်ဆုံးရှုံးခဲ့ကြရတာ ဆိုတဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာလည်း ကူညီကယ်ဆယ်ရေးတွေ နှောင့်နှေးခဲ့တဲ့ အဖြစ်တွေ၊ နိုင်ငံတကာ အကူအညီတွေကို သံသယနဲ့ စိစစ် လက်ခံတာတွေကလည်း အသက်ဆုံးရှုံးမှုတွေ နဲ့ ရေဘေးအန္တရာယ် ကျရောက်ပြီး ဖြစ်လေ့ရှိတဲ့ ရောဂါတွေ ဖြစ်ပွားတာတွေထိ သက်ရောက်မှုရှိခဲ့တာ ဖြစ်ပါတယ်။ ထိုစဥ်က နအဖ လို့ အတိုကောက်ခေါ်ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ အနေနဲ့ နိုင်ငံခြားအစိုးရနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေအပေါ် သံသယကြီးစွာနဲ့ ဆက်ဆံတာ၊ အကူအညီ လက်ခံတာ၊ ပေးအပ်တဲ့ အကူအညီတွေကို ဒုက္ခသည်တွေဆီ အားလုံး မရောက်ရှိတာ၊ အလွဲသုံးတာ၊ နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့တဲ့ အဖြစ်တွေလည်း ရှိခဲ့တာ အမှတ်ရနေဆဲ ဖြစ်ပါတယ်။
နိုင်ငံတကာ အစိုးရနဲ့ လူသားချင်းစာနာမှုကူညီတဲ့ အဖွဲ့အစည်းတွေကို မယုံကြည်ခြင်းက နာဂစ်ဆိုင်ကလုန်း ဒဏ်ခံစားရတဲ့ လူထုတွေ အကူအညီ လုံလောက်စွာ မရရှိဖို့ အကြောင်းတချက် ဖြစ်ခဲ့သလို အကူအညီတွေကို စစ်အစိုးရကတဆင့် ခွဲဝေပေးမယ်ဆိုတဲ့ အချက်က အချို့သော နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ လက်မခံနိုင်တဲ့ အချက်လည်း ဖြစ်ခဲ့တာပါ။ ဒီလို သဘာဝဘေးအန္တရာယ် ကပ်ဘေးကြီးမှာ အကျိုးအမြတ်ထွက်တဲ့ တခုထည်းသော အချက်က လူထုအခြေပြု ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သန္ဓေတည် ပေါ်ထွန်းလာခဲ့တဲ့ အချက်တခုပဲ ဖြစ်ပါတယ်။ အဆိုးဆုံးဖြစ်ရပ်တွေကြားမှာ လူသားချင်းစာနာမှု အကူအညီပေးတဲ့ လူထုအရပ်ဘက် အဖွဲ့အစည်းတွေ စတင်မွေးဖွားပေါ်ထွက်လာခြင်းက အမြတ်တခုလို့ ကောက်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ ဒါတွေကတော့ ၂၀၀၈ ခုနှစ် မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်ဖို့ စိတ်စောနေတဲ့ အချိန်မှာ ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဘေးအန္တရာယ်နဲ့ နအဖ အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေ သင်ခန်းစာတွေ ဖြစ်ပါတယ်။
ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်းမှာ ကျရောက်တဲ့ ရေဘေးအန္တရာယ်က ကျရောက်တဲ့ ဒေသကျယ်ပြန့်ပါတယ်။ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်နီဒေသ နဲ့ ပဲခူးတိုင်း အရှေ့ခြမ်းအထိ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတွေကို လွှမ်းခြုံသက်ရောက်တာ တွေ့ရမှာပါ။ တရုတ်နိုင်ငံကို ကုန်းတွင်းဝင်ရောက်လာမယ့် ယာဂီ မုန်တိုင်းအကြောင်း သတင်းတွေမှာ မဝင်ရောက်မီ ရက်အနည်းငယ် အလိုကတည်းက ပြင်းထန်မှု၊ အဖျက်စွမ်းအားနဲ့ ပတ်သက်လို့ ဖော်ပြထားကြပြီး မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်း ဝင်ရောက်နိုင်မယ့် လမ်းကြောင်းကိုလည်း မိုးလေဝသ ပညာရှင်တွေ တွက်ချက် ကြေညာထားကြပြီး ဖြစ်ပါတယ်။ မိုးကြီးနိုင်တဲ့ နေရာဒေသတွေအပြင် ခန့်မှန်းခြေ မိုးရေချိန်တွေအထိ ခန့်မှန်းတွက်ချက် ထုတ်ပြန်ခဲ့ကြပေမယ့် မြန်မာနိုင်ငံက အုပ်ချုပ်နေတဲ့ စစ်ကောင်စီ ရဲ့ အုပ်ချုပ်ရေး ယန္တရားက အလုပ်မလုပ်နိုင်တော့တာ၊ အုပ်ချုပ်သူတွေကို ယုံကြည်မှု မရှိတာတွေကြောင့် ကျရောက်လာမယ့် ရေဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင် အသိပေးနှိုးဆော်မှုတွေ ၊ ကြိုတင်ရွှေ့ပြောင်းမှုတွေ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။
အခုအဖြစ်အပျက်မှာ မြို့တွေဖြစ်တဲ့ မန္တလေးတိုင်းက ပျော်ဘွယ်၊ နေပြည်တော် တဝိုက်က တပ်ကုန်း၊ ရမည်းသင်း၊ တောင်ငူ၊ ရှမ်းပြည်နယ်က တာချီလိတ်၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ရွှေညောင် နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းက မြို့အချို့ ရေဘေးဒဏ် ခံစားကြရသလို ရာနဲ့ချီတဲ့ ကျေးရွာတွေ မှာ နေထိုင်ကြတဲ့ လူဦးရေ သိန်း၊ သန်းနဲ့ ချီပြီး အခုရေဘေးကို ခံစားနေကြရတာ ဖြစ်ပါတယ်။ ပထမဆုံးနေ့ သိရတဲ့ သတင်းအချက်အလက်တွေ ဖြစ်တဲ့ အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ ဖြစ်စဥ်တခုလုံး၊ အကျိုးဆက် တခုလုံးရဲ့ ရေမျက်နှာပြင်မှာ ပေါ်နေတဲ့ အစိတ်အပိုင်းလေး တခုမျှသာ ဖြစ်တယ်ဆိုတာ ၂ ရက်ခန့်အကြာမှာ သတိပြုမိလာကြပြီ ဖြစ်ပါတယ်။ အဖြစ်အပျက်က ဆက်လက်ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကြိုတင် အသိပေးနှိုးဆော်မှု၊ ကယ်ဆယ်ရေးနဲ့ ကူညီရေးတို့မှာ တာဝန်ရှိတာ ဘယ်အဖွဲ့အစည်းလဲလို့မေးရင် ဒီဒေသတွေမှာ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ စစ်ကောင်စီ ဖြစ်ပါတယ်။ လူအများစုက မထောက်ခံသည့်တိုင် အစိုးရ ဆိုတဲ့နေရာမှာ ရှိနေဆဲဖြစ်ပြီး ရေဘေးကြိုတင် ကာကွယ်ရေးအတွက် လုံလောက်တဲ့ အသိပေးနှိုးဆော်မှုတွေ မလုပ်ဆောင်ခဲ့ခြင်းက ဆိုင်ကလုန်း နာဂစ်အဖြစ်လိုပဲ ပျက်စီးသေဆုံးမှု များပြားရတဲ့ အကျိုးရလဒ် ဖြစ်ပေါ်တာ အတူတူပဲလို့ဆိုရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ အစိုးရ တာဝန်ယူထားတဲ့ စစ်ကောင်စီ အနေနဲ့ အသက်အန္တရာယ် ကျရောက်နေသူတွေကို ကူညီကယ်ဆယ်ဖို့ အရေးတကြီး လိုအပ်နေသလို ဒီလိုအခြေအနေတွေကို ထောက်ပြပြောဆိုဖို့၊ လူထုအချင်းချင်း ကူညီမှုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ကူညီခွင့် ရှိဖို့တွေကို နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာတွေက ထောက်ပြဖိအားပေးဖို့ လိုအပ်ပါတယ်။ သတင်းမီဒီယာတွေ အနေနဲ့လည်း သဘာဝဘေး ကျရောက်နိုင်ခြေနဲ့ ပတ်သက်လို့ အသိပေး နှိုးဆော်တဲ့ သတင်းအချက်အလက်တွေကို လူထုထံ ရောက်ရှိနိုင်အောင် နည်းလမ်းအမျိုးမျိုးကို သုံးပြီး တက်တက်ကြွကြွနဲ့ မျှဝေနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
ကမ္ဘာ့နိုင်ငံအချို့မှာ သဘာဝဘေးအန္တရာယ်ကျရောက်လာချိန်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေကြတဲ့ ဘက် ၂ ဘက်အနေနဲ့ ပဋိပက္ခကိုခေတ္တဘေးချထားပြီး ဘေးအန္တရာယ်ကျရောက်ခံစားနေရတဲ့ လူထုအကျိုးအလို့ငှာ ပူးပေါင်းဆောင်ရွက်ကြတဲ့သာဓကတွေရှိခဲ့ဖူးပြီး မြန်မာနိုင်ငံအနေနဲ့တော့ အဲဒီလိုအနေအထားမျိုးမျှော်လင့် ဖို့ အလှမ်းဝေးနေသေးတာကိုလည်း ဝမ်းနည်းဖွယ်တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar