ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟုတ်တရုတ်စာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟုတ်တရုတ်စာ
(မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၄
တရုတ်သံရုံးက ပြောခွင့်ရရဲ့ သဘောထားထုတ်ပြန်ချက်စာ ထွက်လာတယ်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်မှုများနှင့်စပ်လျဉ်း၍တဲ့၊ ဒီလောက် တဒီးဒီးလာပြီး ပြည်သူမကြိုက်တဲ့ စကစတင်မက မူလလက်ဟောင်းသန်းရွှေတို့နဲ့ပါတွေ့ ပြည်သူ လက်မခံတဲ့ ရွေးကောက်ပွဲလုပ်မယ့် ပါတီတွေ ဖိတ်၊ ပြည်သူ သတ်ရဲတွေကိုပါယွမ်ငါးသန်းပေးအားဆေးကျွေး ပြည်သူသတ်လေယဉ်လက်နက်လေယဉ်ဆီရောင်းပေး ဂိတ်တွေပိတ်ပြီးတော်လှန်ရေးကိုသင်းသတ် ခြိမ်းချောက်အကြပ်ကိုင်နေတဲ့သူကတပြန် "အကြောင်းမဲ့ပြစ်တင်" တယ်ဆိုတော့ မဟုတ်တရုတ်စာလို့ဘဲ ဆိုကြပါစို့။
မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတသားတည်း ဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာ ထောက်ခံအားပေးပါသည်တဲ့။
မြန်မာပြည်က စစ်အာဏာရှင်အောက်က လွတ်မြောက် ရေးလုပ်နေတာ မျက်မြင်ဖြစ်နေပါလျက် ဘာမှအားမပေးဘဲ ပြည်သူသတ် မဟုတ်တရုတ် စစ်အာဏာရှင်အုပ်စုကို ဘက်ပေါင်းစုံက ပံ့ပိုးကူညီပူးပေါင်း ထောက်ခံအားပေးနေတာလေ။ ခုမှလဲ မဟုတ်ဖူး။ ၈၈ လူထုအုံကြွမှုပြီးကတည်းက အားပေးလာခဲ့တာလေ။ ပြည်သူ့အာဏာကို မျက်ကွယ်ပြု ဗီတိုလေး သုံးသုံးပြီး မဟုတ်တရုတ် စစ်အုပ်စုကို ကာကွယ်၊ မြန်မာ့နယ်မြေတခုလုံးက သယံဇာတ နှိုက်စားနေခဲ့တာ ခုထိလေ။ အရပ်သားအစိုးရတွေလက်ထက် မြစ်ဆုံရပ်ဆိုင်းရ၊ စာချုပ်တွေ ပြင်ချုပ်ခဲ့ရ မျှမျှတတ အကျိုးခံစားခွင့်ရအောင် လုပ်ရမယ် ဆိုတော့မှ ပြည်သူ့ဒီမိုကရေစီနံ့ မခံနိုင်ဘဲ လူယုတ် မင်းအောင်လှိုင် စစ်အာဏာသိမ်းတာကို အားပေးခဲ့တော့တာ မဟုတ်လား။
ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာ ကိုင်စွဲထား၍ မြန်မာပြည်သူက ပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါသည်လို့လဲ အားမနာလျှာမကျိုး ဆိုပြန်သေးတယ်။
ဝင်ရောက်မစွက်ဖက်မှုကို ခိုင်မာစွာ ကိုင်ထားလို့ပဲ တော်တော့တယ်၊ ပြည်တွင်းရေးကို ဝက်ဖျက်သလို ဖျက်ထားလိုက်တာများ ဗရချီးရမ်းနေပြီလေ။ မြန်မာတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါသတဲ့။ မြန်မာတွေ သွားနေတဲ့ ငြိမ်းချမ်းရေးက စစ်အုပ်စုချုပ်ငြိမ်းရေးလေ။ သူတို့ရှိနေသရွေ့ မြန်မာ့နိုင်ငံရေး မငြိမ်းချမ်းတာသိနေလျက်နဲ့ စစ်အုပ်စု မပြုတ်ရေး နည်းပညာရော၊ လက်နက်ရော၊ ငွေကြေးရော၊ အကြံဉာဏ်ရော၊ လူရော ထောက်ပို့လုပ်နေတယ်လေ။ လူဖမ်းဖို့လဲ ကူညီပါဝင်နေတယ်လေ။ အင်တာနက်ဖေ့ဘုတ် ထိန်းချုပ်ရေး ဘက်ပေါင်းစုံကူညီပေးနေတယ်လေ။ လူထုမကြိုက်တဲ့ဟာမှန်သမျှ ထောက်ခံ အားပေးနေတယ်လေ။ လူထုရွေးထားတဲ့ ရွေးကောက်ပွဲနိုင်သူဆီက အာဏာလုယူထားတာကိုထောက်ခံအားပေးပြီး အဲဒီသူခိုးကလုပ်မယ့် မဟုတ်တရုတ်ရွေးကောက်ပွဲကိုတော့ မဖြစ်နိုင်မှန်းသိသိနဲ့ ဇွတ်ဖိအားပေးလုပ်ခိုင်းနေတယ်လေ။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါသည်တဲ့။
ဟာသ။ အာဏာသိမ်းပြီး တည်ငြိမ်မှု ဖျက်ဆီးကောင်၊ အာဏာလုပြီး စစ်ပွဲလုပ်တဲ့ကောင်၊ အာဏာဓမြတိုက်ပြီး လက်နက်မဲ့ လူထုကို ခေါင်းပစ်တဲ့ကောင်ကို လက်ဆွဲနှုတ်ဆက် လည်ပင်းဖက်ပေါင်းသင်း အစိုးရအဖြစ် စာရင်းသွင်း၊ လူထုက တူမီးနဲ့ စတော်လှန်ရာကနေ စစ်ဌာနချုပ်ထိ ပြုတ်လာတော့မှ မတည်မငြိမ်ဖြစ်မှုတဲ့လား၊ စစ်ပွဲ ဖြစ်ပွားနေမှုတဲ့လား။
ပြည်ပအင်အားစုက မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ပါသည်ဆိုတာတော့ မှန်ကြည့်ပြောပါ တရုတ်မရယ်။
တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆို လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါသည်ကတော့ ဟဟပဲ ရမယ်ပေါ့။ ကိုယ့်လုပ်ရပ်ကို မသိကျိုးကျွန်ပြု ဟန်ဆောင်ပန်ဆောင် အသံကောင်းဟစ်မနေပါနဲ့။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူပါသည်ကလဲ ရီရတယ်ဟေ့ ဗြဲဆိုတဲ့ သမိန်ပေါသွပ် အသံတောင် ပြန်ကြားရသလိုဖြစ်သွားတယ်။ ပြည်သူကို သတ်နေမှုကို နင်တို့ကိုယ်တိုင် ကူနေတာ အကုန်သိ။
မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင် စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးအား ဖော်ဆောင်သွားရန် မျှော်လင့်ပါသည်ဆိုတာကတော့ ကွန်းဆက်အလွဲပါ။ ဂျင်းပါ။ လက်ရှိအခြေအနေနဲ့ တခြားစီပါ။ သွေးခွဲမှုသက်သက်ပါ။ တပြည်လုံးချီတဲ့ တော်လှန်ရေးကို အားပျော့သွားအောင် လုပ်ဆောင်ချက်ပါ။ မြန်မာမြေက စစ်အာဏာရှင်စနစ် ပျောက်ကွယ်ချုပ်ငြိမ်းရေးကို သွယ်ဝိုက်ဖြဲမှုပါ။ တရုတ်ရဲ့ သဘောထား မတရားမှုပါ။
အဲဒီအမြင်နဲ့တော့ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒလဲ မရှိပါနဲ့။
မဟုတ်ရင် မြန်မာပြည်မှာ ဘယ်တုန်းကထဲက ရှိလာမှန်းမသိတဲ့ "မဟုတ်တရုတ်" ဆိုတဲ့စကားဟာ ကမ္ဘာတည်သရွေ့ မြန်မာမှာ တည်နေပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar