စစ်ဘေး နဲ့ ရေဘေးရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်နိုင်လဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၅ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၄
စစ်ဘေး နဲ့ ရေဘေးရဲ့ အကျိုးဆက်တွေက ဘာတွေဖြစ်နိုင်လဲ
လက်နက်ကိုင် တိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်၊ နေအိမ်မီးရှို့ဖျက်ဆီးခံရ၊ အရပ်သား အသက်ဆုံးရှုံးမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရ၊ စစ်မှုထမ်းဖို့ အတင်းအကြပ် ခေါ်ဆောင်ခံရခြင်း၊ ပြည်နယ် တခုလုံးကို ကုန်စည်နဲ့ လူအဝင်အထွက်က အစ ကန့်သတ်ပိတ်ပင်ထားခြင်း၊ ကုန်စျေးနှုန်း မတန်တဆ မြင့်တက်ခြင်း၊ ပစ္စည်းပြတ်လပ်ခြင်း၊ တသက်မှာ တခါ ဆိုရလောက်အောင် မြို့တွေ လက်နက်တွေ ကျရောက်မှု နဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းတွေက နေ့စဥ်လိုလို ကြားသိနေကြရပြီး မြန်မာနိုင်ငံမှာ နေထိုင်သူတိုင်း အထက်က အခက်အခဲ၊ ဒုက္ခတွေထဲက တခုမဟုတ်တခု သော်လည်းကောင်း အထက်က ဖော်ပြတဲ့ အခြေအနေတခုမကကိုသော်လည်းကောင်း ရင်ဆိုင် ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
နိုင်ငံကို ကာကွယ်ဖို့တာဝန်တင်မကပဲ ဆယ်စုနှစ် ၇ ခုကျော် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နယ်ပယ်မှာ ဝင်ရောက်နေရာယူခဲ့တဲ့ မြန်မာ့တပ်မတော်၊ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့၊ လွတ်လပ်ရေး ရယူဖို့ အခန်းကဏ္ဍတွေမှာ အစဥ်အလာကြီးခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ နိုင်ငံရေး အာဏာကို ဆယ်စုနှစ် ၆ ခုလောက် ထိန်းချုပ်လာပြီးနောက်မှာ နိုင်ငံရေးအရရော ၊ စစ်ရေးအရပါ အရှုံးနဲ့ ရင်ဆိုင်လာရတဲ့ အနေအထား ရောက်ရှိနေပြီဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်လို့ အရပ်အခေါ် နဲ့ ခေါ်ဝေါ်ကြတဲ့ တပ်မတော်ဟာ ၄င်းတို့ရဲ့ သမိုင်းမှာ မကြုံဖူးသေးတဲ့ နယ်မြေစွန့်လွှတ်ရတာ၊ တပ်စခန်းတွေ လက်လွှတ် ဆုံးရှုံးရတာတွေနဲ့ ရင်ဆိုင်နေကြရပြီး တဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့က တကြိမ်တခါမျှ မရဖူးသေးတဲ့ နယ်မြေတွေကို တိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်ဖို့ ၄င်းတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် တရားဝင်အောင် လုပ်ဆောင်ဖို့ စိတ်စောနေကြတာ ဖြစ်ပါတယ်။
တအာန်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ကြည့်ရင်လည်း ရှမ်းမြောက်ဒေသ၊ တရုတ်နိုင်ငံနယ်စပ် နမ့်ခမ်းလို မြို့၊ ကွတ်ခိုင်၊ မန္တလေးတိုင်း အုပ်ချုပ်မှုအောက်ထည့်ထားတဲ့ ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့အထိ သိမ်းယူထားပြီး ဖြစ်သလို နောက်ထပ်မြို့အချို့ကိုလည်း တိုက်ခိုက်သိမ်းယူမယ့် အလားအလာ ရှိနေတာ တွေ့ရပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNDAA ဆိုရင်လည်း ကိုးကန့်ဒေသက လောက်ကိုင်၊ ချင်းရွှေဟော်၊ တို့ကို ရရှိပြီးတဲ့အပြင် ရှမ်းမြောက်ထဲက သိန္နီ၊ လားရှိုးတို့ကိုပါ သိမ်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ Arakan Army အနေနဲ့လည်း ရခိုင်ပြည်နယ်က မြို့အများအပြားနဲ့ လေဆိပ်၊ ရေတပ်စခန်းတို့ကိုပါ သိမ်းယူနိုင်ခဲ့ပြီး လူမျိုးစု လွတ်မြောက်ရေးလို့ ဆိုတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်တွေရဲ့ ခုခံတော်လှန်မှု သမိုင်းမှာ အောင်မြင်မှု အများဆုံးရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ပွဲတွေက ယခင်ဆယ်စုနှစ်တွေကလို့ တောထဲ တောင်ထဲ၊ ကျေးလက်တွေမှာသာ အခြေပြု ဖြစ်ပွားနေတာမျိုး မဟုတ်တော့ဘဲ မြို့တွေ၊ ပြည်နယ်၊ တိုင်းဒေသကြီး မြို့တော်တွေလို မြို့တွေအထိ ဖြစ်ပွားလာရာမှာ စစ်ဘေးရှောင်ရသူ၊ နေအိမ်တွေ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို စွန့်လွှတ်ထားခဲ့ရပြီး တမြို့တနယ်မှာ လနဲ့ သို့မဟုတ် နှစ်နဲ့ချီ စစ်ဘေးရှောင်ရသူတွေ သိန်းနဲ့ သန်းနဲ့ချီ ရှိလာနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်သူ သန်းနဲ့ချီ ရှိလာနေသလို လက်နက်ကိုင် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေကြရတဲ့ သူအရေအတွက်ဟာလည်း သိန်းဂဏန်း နဲ့ ချီတိုးမြင့်လာနေပါတယ်။ မြန်မာစစ်တပ်လိုမျိုးမှာတင် အနည်းဆုံး ၂ သိန်းကနေ အများဆုံး ၄ သိန်းဝန်းကျင် ထိရှိနိုင်ပြီး မြန်မာစစ်တပ်ကို ခုခံတော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF လို့ ယေဘုယျ အခေါ်အဝေါ်နဲ့ ခေါ်ကြတဲ့ မြို့အလိုက်၊ ရွာအလိုက် နဲ့ NUG လက်အောက်က လက်နက်ကိုင် အဖွဲ့တွေ အရေအတွက်ကို တွက်ကြည့်ရင် တနိုင်ငံလုံး လက်နက်ကိုင် အင်အား အနေနဲ့ အနည်းဆုံး ၅ သိန်းကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
လက်နက်ကိုင် အင်အား ၅ သိန်းကျော်လာတဲ့ မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ စိုက်ပျိုးမွေးမြူတာတွေ၊ သယ်ယူရောင်းဝယ် ဖောက်ကားတာတွေ ကောင်းစွာမလုပ်ကိုင်နိုင်ကြသလို ကုန်ထုတ်လုပ်မှု ကျဆင်းပြီး အခွန်အကောက်နဲ့ စစ်စရိတ် ကုန်ကျစရိတ်တွေကိုလည်း နိုင်ငံရဲ့ သယံဇာတနဲ့ လူထုထံမှ ကောက်ယူရရှိတဲ့ အခွန်နဲ့ သုံးစွဲနေကြတာ ဖြစ်ပါတယ်။
ဒါတွေက အခုနှစ်ပိုင်းတွေမှာ တစတစနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတဲ့ စစ်ပွဲ၊ ဆုတ်ယုတ်လာနေတဲ့ စီးပွားရေး ဆိုင်ရာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေ ဖြစ်ပြီး စိုက်ပျိုးမှု ကျဆင်းလာနေတာနဲ့ မီးလောင်ဖျက်ဆီးခံရတဲ့ ရိက္ခာတွေက မြန်မာနိုင်ငံ အနေနဲ့ ရိက္ခာ အကျပ်အတည်း တခုဆီ တနည်းအားဖြင့် အငတ်ဘေး တခုဆီ ဦးတည်နေတယ်လို့ ခန့်မှန်းမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းတွေ ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီး၊ မြေပြို၊ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံး၊ လူတွေ အသက်ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဥ်ကြောင့် ရေဘေး၊ လေဘေး နဲ့ ရေကြီးခြင်း စတဲ့ ဖြစ်စဥ်တွေကို ကမ္ဘာ့နေရာအများအပြား ၊ ဒေသတွင်းနိုင်ငံတွေမှာ ခံစားနေကြရတာ ဖြစ်ပေမယ့် စစ်ပွဲကြောင့် လုပ်ဆောင်နိုင်စွမ်း၊ ငွေကြေး၊ စည်းလုံးမှုတွေ ကျဆုံးနေတဲ့ မြန်မာနိုင်ငံအဖို့ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းဟာ ဒုက္ခတွေအပေါ် ဒုက္ခထပ်ဆင့်သလို ဖြစ်စေခဲ့တာပါ။
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုံလောက်စွာ မလုပ်ဆောင်နိုင်တာ၊ လူထုနဲ့ လက်နက်ကိုင် အဖွဲ့အစည်းအကြား မယုံကြည်မှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးထက် နိုင်ငံရေးစစ်ရေး အကျိုးအမြတ်ကို ပိုမိုအာရုံစိုက်နေတဲ့ စစ်ကောင်စီ စတာတွေက သဘာဝဘေးကြောင့် ခံစားရတဲ့ ဒုက္ခကို ပိုမိုဆိုးရွားစေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရိက္ခာ စိုက်ပျိုးထုတ်လုပ်ရာ ဒေသတွေမှာ ကျရောက်တဲ့ ရေဘေးအန္တရာယ်က နဂိုကတည်းက စစ်ပွဲတွေကြောင့် ကျဆင်းနေတဲ့ စိုက်ပျိုးရေး၊ ရိက္ခာထွက်ရှိမှုကို ထပ်မံထိခိုက်စေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ ဆန်စပါးရောင်းချမှုမှာ တချိန်က ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံတွေထဲ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့်နှစ်တွေမှာ ရိက္ခာ အကျပ်အတည်းတွေ ကြုံကြရမလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar