စစ်ဘေး အန္တရာယ်အပေါ် ဆင့်လာတဲ့ ရေဘေးအန္တရာယ်ထဲက ဘယ်လို ရုန်းထကြမလဲ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၆ မြင်ကွင်း
စစ်ဘေး အန္တရာယ်အပေါ် ဆင့်လာတဲ့ ရေဘေးအန္တရာယ်ထဲက ဘယ်လို ရုန်းထကြမလဲ
စစ်ဘေးအန္တရာယ် ၃ နှစ်ကျော် လာချိန်မှာ ကျရောက်လာတဲ့ အပူပိုင်းမုန်တိုင်းကြီး “ယာဂီ” ရဲ့ အကြွင်းအကျန် လေပွေလှိုင်းတွေရဲ့ မကြုံဖူးတဲ့ ရက်ဆက်မိုးသည်းထန်မှုကနေ မြေပြိုမှု၊ တောင်ကျရေ ကျဆင်းမှုတွေ ဖြစ်ပွားပြီး ၅ ရက်ကျော်ကြာလာတဲ့အချိန်မှာ ထိခိုက် သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီလို့ ဆိုရမယ့်အနေအထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဖျား တာချီလိတ်မြို့တွင် စက်တင်ဘာ ၉ ရက်ခန့်က စတင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းတို့မှာ စက်တင်ဘာ ၁၁ ရက်နေ့က စတင်မိုးသည်းထန်ကာ ရေကြီးမှုတွေက အခု စက်တင်ဘာ ၁၆ ရက်နေ့အထိ ရေစီးဆင်းရာ မြစ်ကြောင်းတလျှောက် တောင်ဘက်အရပ်က မြို့တွေမှာ ရေဘေးအန္တရာယ် ကျရောက်နေဆဲလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် စာရင်းပိတ်လို့မရသေးတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ တောင်ငူမြို့နဲ့ တောင်ငူမြို့တောင်ဘက် စစ်တောင်းမြစ် နံဘေးက ကျေးရွာတွေ၊ မြို့တွေမှာ ရေဘေးအန္တရာယ်က မပြီးဆုံးသေးဘဲ နေအိမ်၊ စိုက်ပျိုးခင်းတွေ၊ လူ့အသက်တွေ ဆုံးရှုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ပြောဆိုရာမှာ အဲဒီနေ့ရက်အထိ သေဆုံးသူ ၁၁၃ ဦး ပျောက်ဆုံးသူ ၆၄ ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦး လို့ ဆိုပေမယ့် မြေပြင်မှာ အမှန်တကယ် သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်က ဒီထက်များမယ့် အနေအထားလို့လည်း ဒေသတခုချင်းစီက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာဖေါ်ပြချက်တွေကို ကြည့်ပြီး မှန်းဆရပါတယ်။ ရမည်းသင်း မြို့နယ် တမြို့နယ်ထဲတင် တရာကျော်လောက်ထိ အသက်ဆုံးရှုံးမှုရှိနိုင်တဲ့ အနေအထား ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ မှာလည်း အသက်ဆုံးရှုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ အချို့သတင်းဌာနတွေမှာ ၂၀၀ ကျော်ထိ အသက်ဆုံးရှုံးနိုင်တယ်လို့ ဆိုပေမယ့် ကလောမြို့ ခံအချို့ကတော့ သေဆုံးတဲ့ ရုပ်အလောင်း ၁၂ လောင်းသာ တွေ့ရှိထားပြီး နောက်ထပ်ဘယ်လောက် အသက်ဆုံးရှုံးသလဲ ဆိုတာ အတိအကျ မသိရှိနိုင်သေးလို့ ၂၀၀ ကျော် သေဆုံးတယ် ဆိုတာဟာ ခန့်မှန်းပြောဆိုချက် သက်သက်လို့လည်း ဆိုကြပါတယ်။
ယာဂီမုန်တိုင်းအကြွင်းအကျန် တွေ စတင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းအကျဆုံး မြို့ တာချီလိတ်မြို့မှာလည်း ရေနဲ့ မျောပါသူတွေ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့သလို အဲဒီနောက် ရေဘေးဒဏ်ခံစားရတဲ့ ရှမ်းပြည်နယ်ထဲက ကလောမြို့မှာ လူသေဆုံးမှုတွေနဲ့ မန္တလေးတိုင်း ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ မြစ်သား၊ ပျဥ်းမနား၊ ပဲခူးတိုင်းထဲက တောင်ငူ၊ ဖြူး၊ ကရင်နီဒေသက ဒီမော့ဆို အစရှိတဲ့ ဒေသတွေမှာ လူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ရှိခဲ့တာ ဖြစ်ပါတယ်။
လူအသက်ဆုံးရှုံးရတဲ့ အရေအတွက်တွေ ရာဂဏန်းနဲ့ ချီရောက်ရှိလာနေချိန်မှာ ပျက်စီးဆုံးရှုံးမှု ပမာဏလည်း တဖြည်းဖြည်းနဲ့ သိရှိလာရပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်ချက်အရဆိုရင် သေဆုံးသူ ၂၂၆ ဦးရှိလာပြီး ပျောက်ဆုံးနေသူ ၇၇ ဦး၊ တိရိစ္ဆာန်မျိုးစုံ တသိန်း နှစ်သောင်းကျော်၊ စိုက်ဧက ၆ သိန်းကျော် ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေဘေးဒဏ်ခံရတဲ့ မြို့နယ် စုစုပေါင်း ၅၆ မြို့နယ်ရှိပြီး နေအိမ် ၂၁၁၆ လုံး ပျက်စီးတယ်လို့လည်း အခု ထုတ်ပြန်ချက်မှာ ဆိုထားပြီး အခြားသော သတင်းတပုဒ်မှာတော့ နေအိမ်ပျက်စီးမှုက ၆၅၀၀၀ ကျော်ရှိတယ်လို့လည်း တွေ့ရပါတယ်။
အခုလို စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့တင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏ ဘယ်လောက် များပြားတယ် ဆိုတာကို သိရှိနိုင်ပါတယ်။ အခု ရေဘေးဒဏ်ခံစားနေရတဲ့ နယ်မြေတွေအနက် ထက်ဝက်နီးပါးမျှသော နယ်မြေတွေဟာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ နယ်မြေတွေ ဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ရိက္ခာသယ်ယူမှုတွေကို ထိန်းချုပ် ကန့်သတ်ထားတဲ့ ဒေသတွေလည်း ဖြစ်နေပါတယ်။ ဥပမာအားဖြင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ကျေးရွာတွေ ဒေသတွေကို ရိက္ခာ ဆေးဝါးတွေကို စစ်ကောင်စီက လွတ်လပ်စွာ သယ်ယူခွင့်မပြုတဲ့ အခြေအနေကို အခုရေဘေး အန္တရာယ် ကျရောက်နေချိန်မှာပင် ဆက်လက်လုပ်ဆောင်နေကြောင်း၊ အဆိုပါဒေသတွေဆီ ရေဘေး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဝေရာမှာ စစ်ကောင်စီဘက်က စောင့်ကြည့်မှတ်တမ်းတင်တာ၊ စစ်ဆေးတာတွေ လုပ်နေတဲ့အကြောင်း သတင်းဖော်ပြထားတာ တွေ့ရပါတယ်။
ပဲခူးတိုင်းရဲ့ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းလိုပဲ ကရင်နီဒေသမှာလည်း အခုရက်ပိုင်းအတွင်း မိုးဗြဲဆည်ရေ ဝင်ရောက်လာပြီး ရွှေ့ပြောင်းနေကြရတဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေဆိုရင်လည်း စစ်ကောင်စီဘက်က ပိတ်ဆို့ထားတဲ့ ဒေသတွေဖြစ်တာကြောင့် ရေဘေး ဒုက္ခသည်တွေကို အကူအညီပေးချင်သည့်တိုင် လွတ်လပ်စွာ ပေးခွင့်ရမယ့် အနေအထား မရှိပါဘူး။ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာပင်လျှင် လက်နက်ကိုင် ပဋိပက္ခအရ ပိတ်ဆို့ထားတဲ့ ကန့်သတ်ချက်တွေ ဖြတ် ၄ ဖြတ် ပိတ်ဆို့မှုတွေကို မဖြေလျော့နိုင်တဲ့ အဖြစ်က ဝမ်းနည်းစရာ နာကျည်းစရာတွေ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
အခုလို လူနေအိမ်တွေ ပျက်စီးဆုံးရှုံးသွားတာ၊ စိုက်ပျိုးထားတဲ့ သီးနှံတွေ ရေဝင်ပျက်စီးသွားတာ၊ မွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဆိတ် အစရှိတဲ့ တိရစ္ဆာန်တွေ သေဆုံးသွားရတဲ့ အဖြစ်တွေကနေ ရုန်းထကြဖို့ အားယူကြရဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ အကူအညီကို မျှော်လင့်ပေမယ့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ ရုရှားတို့နဲ့သာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိထားတဲ့ နိုင်ငံတွေ က ဘယ်လို ကူညီကြမလဲ၊ စစ်ကောင်စီဘက်က မကြာခဏ ဝေဖန်တိုက်ခိုက်လေ့ရှိတဲ့ ကုလသမဂ္ဂလို အဖွဲ့က ဘယ်လောက်ကူညီ နိုင်သလဲ ဆိုတဲ့ အသေးစိတ် သတင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
တောင်ကိုးရီးယားနိုင်ငံကတော့ ရေဘေးကြောင့် ဒုက္ခရောက်နေရသူတွေအတွက် ကန်ဒေါ်လာ ၁၃ သန်း ကူညီမယ်လို့ ကြေညာလိုက်ပါတယ်။ လတ်တလောမှာ လူသားချင်းစာနာမှု အကူအညီက အရေးတကြီးလိုအပ်နေပြီး ရေဘေးအန္တရာယ် ကျော်လွန်သွားချိန်မှာတော့ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေ ဖြစ်တဲ့ နေအိမ်တွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးက နှစ်နဲ့ချီကြာမြင့်မယ့် အနေအထားဖြစ်ပြီး စစ်မက်ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ထူထောင်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ပါ့မလားဆိုတာ သံသယရှိစရာ ကိစ္စတရပ်လည်း ဖြစ်ပါတယ်။
ရေဘေးအန္တရာယ်ကနေ နိုင်ငံရေးအရ သင့်မြတ်မှုရဖို့ အလားအလာထက် ရေဘေးအန္တရာယ် ကျရောက်နေသည့်တိုင် မြန်မာနိုင်ငံအခြားသော ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတာ တွေ့မြင်နေရတာကြောင့် ပြန်လည်ထူထောင်ရေး မျှော်လင့်ချက်က မှေးမှိန်နေဦးမယ့် သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar