အောင်ဝေး - အိမ်နီးချင်းဒေသနာ
အိမ်နီးချင်းဒေသနာ
အောင်ဝေး
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၄
ချင်းညီနောင်
မတူပီသိမ်းတော့
အငြိမ်း
စစ်အင်္ကျီတစ်ထည်ရတယ်။
အောင်မြေမှာ
တောင်ရေကြာတွေပွင့်ပြီလားအငြိမ်း။
တောင်သေလာမှာ
တွီးလီခေတွေပွင့်နေရောလား
အငြိမ်းရေ။
ရှမ်းတောင်
ပင်လောင်း- ဖယ်ခုံလမ်းက
တောင်နေကြာပန်းတွေ
သွေးစိုနီမြန်းခဲ့ပါတယ်။
မျက်ရည်တွေလည်း
စိုဖျန်းခဲ့ပါတယ်။
ဘုံရန်သူမှာ
မိတ်ဆွေရှိနေပါတယ်။
PNO ဟာ
အဓမ္မစုဆောင်း
တပ်သားတစ်သောင်းပေး
စကစနဲ့ပေါင်းနေရဲ့။
ကျားကို
သမင်ကျွေးပေါင်းတဲ့
မြေခွေးလောင်းတွေပါအငြိမ်းရယ်။
ရန်သူရဲ့ရန်သူဟာ
ငါတို့အတွက်
မိတ်ဆွေဟုတ်ချင်မှဟုတ်မယ်။
ရန်သူရဲ့မိတ်ဆွေကတော့
ငါတို့ရန်သူပဲအငြိမ်း။
PNLA သာ
ငါတို့မိတ်ဆွေ။
ဒီနေရာမှာ
ငါတို့သဘောထား
ပြတ်ပြတ်သားသား
ပြောသွားဖို့လိုပြီ။
CB မတူပီသိမ်းတာ
ချင်းသိမ်းတာမဟုတ်ဘူး
နွေဦးတော်လှန်ရေးကသိမ်းတာ။
MNDAA ရမခကြီးသိမ်းတာ
ကိုးကန့်သိမ်းတာမဟုတ်ဘူး
နွေဦးတော်လှန်ရေးကသိမ်းတာ။
TNLA သိမ်းသမျှ
တအေင်းပလောင်သိမ်းတာမဟုတ်ဘူး
နွေဦးကသိမ်းတာ။
ပြောလိုက်ဦးမယ်
AA က နပခ(အမ်း)သိမ်းလည်း
ဒါ အာရက္ခသိမ်းတာမဟုတ်
နွေဦးကသိမ်းတာပဲ။
KIA မြစ်ကြီးနားသိမ်းလည်း
ဒါ ကချင်သိမ်းတာမဟုတ်
နွေဦးကသိမ်းတာပဲ။
အေး... ကန္ဒရဝတီမှာ
KA, KNDF, PDF, ကလလတ
လွိုင်ကော်သိမ်းရင်လည်း
ဒါ ကရင်နီကသိမ်းတာမဟုတ်
နွေဦးကသိမ်းတာပဲ။
အားလုံးဟာ
နွေဦးတော်လှန်ရေးကသိမ်းတာပါအငြိမ်း။
ငါတို့ဟာ
တပ်ပေါင်းစုကဗျာဖြစ်တယ်။
ငါတို့မှာ
မဟာမိတ်ရစ်သမ်ရှိတယ်။
ငါတို့
ညှိနှိုင်း- ပူးပေါင်း- ကွပ်ကဲ
နယ်မြေခွဲပြီးတိုက်တယ်။
ဝန်ခံပါတယ်
စစ်ရေးမှာ
ဗဟိုစိုးကိုင်မှုမရှိသေးဘူး။
ငါတို့ဗဟိုစစ်ကော်မရှင်ဖွဲ့ဖို့
လိုသေးတယ်
ဝန်ခံပါတယ်။
ဒါပေမဲ့
ကျေနပ်ပါ
ငါတို့အခုစီးဆင်းနေတဲ့မြစ်ဟာ
စစ်ရေးဖက်ဒရယ်ပုံစံသစ်ပဲအငြိမ်း။
လတ်တလော
ရှမ်းမြောက်
မန်းမြောက်
မန်းတောင်(MDSO)
စစ်ဆင်ရေးတွေကိုကြည့်လိုက်။
ငါတို့ရဲ့
စစ်ရေးဖက်ဒရယ်ပုံစံသစ်
သေနင်္ဂဗျူဟာမြစ်
ခေတ်ကိုဖြတ်စီးနေတာမြင်လိမ့်မယ်။
ဒီလိုနဲ့ပဲ
လှိုင်းတွေဟာ
တစ်လှိုင်းပြီးတစ်လှိုင်း
ပိုကြီးမားမုန်တိုင်းထန်လာရမှာပဲ။
ငါတို့ဟာ
တစ်ခုချင်းလည်းဖြစ်တယ်
ငါတို့ဟာ
တစ်ခုလုံးလည်းဖြစ်တယ်။
ငါတို့တစ်ဖွဲ့ကိုထိရင်
အားလုံးကိုထိတာပဲ။
အားလုံးကိုထိရင်
နွေဦးကိုထိတာပဲ။
ကြည့်စမ်း...
တရုတ်(ရွှေလီကော်မတီ) ရာဇသံ
TNLA ထံပေးစာ။
ဒါဟာ
ငါတို့နွေဦးတော်လှန်ရေးကို
စော်ကားလိုက်တာပဲ။
ဒါဟာ
ငါတို့တော်လှန်ပြည်သူတွေကို
စိန်ခေါ်လိုက်တာပဲ။
တရုတ်ရာဇသံအပေါ်
ငါတို့သဘောထားက
ရှင်းတယ်။
တစ်အချက်–ဆန့်ကျင်တယ်
နှစ်အချက်–မကြောက်ဘူး။
ငါတို့ညီညွတ်ရင်
ဘယ်အိမ်နီးချင်း/အိမ်ဝေးချင်းဆိုးကိုမှ
စိုးရွံ့နေစရာမလိုဘူးအငြိမ်း။
အိမ်နီးချင်း/အိမ်ဝေးချင်းတွေနဲ့
ရန်မဖြစ်ချင်ပါဘူး။
သူတို့အရင်ရန်စရင်တော့
ငါတို့ပြန်ချရမှာပဲ။
တရားမျှတမှုဆိုတာ
မကြောက်တရားနဲ့
တိုက်ရိုက်အချိုးကျတယ်လေ။
ချင်းညီနောင်
မတူပီသိမ်းတော့
အငြိမ်း
စစ်အင်္ကျီတစ်ထည်ရတယ်။
အငြိမ်းဟာ
ကော်ပရာ(တပ်ကြပ်)ဖြစ်သွားတယ်။
(ယူကရိန်းက
ရုရှားကိုသိမ်းနေပြီ)
ကဲ...
တို့ဖက်ဒရယ်တပ်မတော်
ရွှေလီသိမ်းရင်
အငြိမ်း
ဘာယူမလဲ။ ။
အောင်ဝေး
(၈၊ ၃၁၊ ၂၀၂၄)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar