Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၆)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၆)

(မိုးမခ) စက်တင်ဘာ ၁ ၊ ၂၀၂၄



“စစ်တိုက်ရာတွင် စိတ်ဓာတ်သည် ရုပ်ပစ္စည်းထက် သုံးဆ တန်ဖိုးရှိသည်”

( နပိုလီယံဘိုနာပါတ် ၁၇၆၉ - ၁၈၂၁ )

လူ့အဖွဲ့အစည်းဟာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ တိုက်ခိုက်မှုတွေ၊ ပြေငြိမ်းမှုတွေ အသစ်တဖန် တိုက်ခိုက်မှုတွေ စတဲ့ ဖြစ်စဥ်တွေကို ဖြတ်သန်းရင်း တိုးတက်ဖြစ်ထွန်းလာခဲ့ပါ တယ်။ လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းလာသလို သိပ္ပံပညာရပ်ရဲ့ နယ်ပါယ်အသီးသီးဟာလည်း သဘာဝကျစွာဘဲ တိုးတက်ဖြစ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ 

သိပ္ပံပညာနယ်ပယ်တခုဖြစ်တဲ့ စစ်ပညာတွေမှာလည်း အံ့မခန်းအောင် တိုးတက်လာသလို စစ်လက်နက်ပစ္စည်းတွေ၊ စစ်မဟာဗျူဟာတွေ၊ စစ်သေနင်္ဂဗျူဟာတွေကလည်း တိုးတက်ဆန်းပြားစွာ ဖြစ်ပေါ်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။

မဟာဗျူဟာ ဆိုတာ ဘာလဲ။

မဟာဗျူဟာ၊ န - စစ်ရေး၊ နိုင်ငံရေး စသည်တွင် အဓိကရည်မှန်းချက် ပြီးမြောက်အောင်မြင်စေရေးအတွက် အကျုံးဝင်သော ကဏ္ဍအသီးသီးတို့ကို ဆက်စပ်လွှမ်းခြုံ၍ စီစဥ်ခင်းကျင်းခြင်း။ ( မြန်မာ အဘိဓာန် ) သေနင်္ဂဗျူဟာ၊ န - စစ်ဆင်နည်း (မြန်မာအဘိဓာန်) မှာ ဒီလိုအနက်ဖွင့်ထားတာ တွေ့ရပါတယ်။

မဟာဗျူဟာဆိုတာ ရည်မှန်းချက်ပန်းတိုင်ကို မည်သို့မည်ပုံ ရောက်ရှိနိုင်သလဲဆိုတာကို ဖော်ပြတာ ဖြစ်ပြီး သေနင်္ဂဗျူဟာ ဆိုတာကတော့ ရည်မှန်းချက်ပန်းတိုင်ကို သွားရာလမ်းကြောင်းတလျှောက် လုပ်ဆောင်ရမည့် အသေးစိတ်အချက်များကို ဖော်ပြတာဖြစ်တယ်လို့ ဆိုကြပါတယ်။ 

လွန်ခဲ့တဲ့ နှစ် ပေါင်း ၂၅၀၀ ခန့်က တရုတ်စစ်သေနာပတိ ဆွန်ဇူး SUN TZU က ‘စစ်အနုပညာကျမ်း THE ART OF WAR’ ဆိုတဲ့ ကျမ်းကို ရေးသားခဲ့ရာမှာ “သေနင်္ဂဗျူဟာမရှိတဲ့ မဟာဗျူဟာဆိုတာ အောင်ပွဲကို သွားရာမှာ အနှေးကွေးဆုံးသော လမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာ မရှိတဲ့ သေနင်္ဂဗျူဟာဆိုတာ စစ်ပွဲ မရှုံးနိမ့်မီ ထင်ရာ မြင်ရာ လုပ်ခြင်းသာဖြစ်တယ်” လို့ ဆိုပါတယ်။ 

သေနင်္ဂဗျူဟာနဲ့ မဟာဗျူဟာတို့ဟာ တခုနဲ့ တခု ဆန့်ကျင်ဘက် မဟုတ်ကြသလို အပြန်အလှန်ဆက်စပ် အကျိုးပြုနေကြတာ ဖြစ်တယ်ဆိုတာကို အလေးအနက်ထားဘို့လိုပါတယ်။

သေချာတာကတော့ မဟာဗျူဟာ Strategy ဆိုတာ သက်ဆိုင်ရာ လမ်းညွှန်သဘောတရားများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမဲ့ နည်းလမ်းတွေကို စနစ်တကျ တိကျစွာ ချမှတ်ပြီး အဆိုပါ ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်ခြင်းလို့ ဆိုရမယ် ထင်ပါတယ်။ 

နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကစပြီး နယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းအားလုံးလိုလိုကို မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လာကြတာ ကနေ့ခေတ်ရဲ့ တိုးတက်တဲ့အမြင်လို့ ပြောရမှာပါ။ စစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာတော့ မဖြစ်မနေ စစ်မဟာဗျူဟာတွေ၊ စစ်သေနင်္ဂဗျူဟာတွေကို အသေအချာ ရေးဆွဲဆောင်ရွက်ကြရလေ့ရှိတာ တွေ့ရပါတယ်။ 

ဆိုလိုချင်တာက စစ်ရေးဆိုတာ လူတွေအသက်တွေနဲ့ ရင်းပြီး အဖြေရှာရတာ မဟုတ်ပါလား။ အဖြူ အမည်း ကွဲဖို့ကလည်း တခါတလေမှာ နှစ်ကာလ ကြာရှည်တတ်သလို တခါတလေမှာ တိုတောင်းတဲ့ ကာလအတွင်းမှာ အဖြေထွက်လေ့ ရှိတတ်တာကိုလည်း သတိ ပြုမိပါတယ်။ ဒါကို စစ်မဟာဗျူဟာလို့လည်း ခေါ်ဝေါ် သတ်မှတ်ကြသလို စစ်ရေးလမ်းစဥ်လို့လည်း သုံးစွဲကြတာ တွေ့ရပါတယ်။

ကျနော်တို့ ဆင်ခြင်ဘို့လိုတာက ကျနော်တို့ရဲ့ ဂေါတမဗုဒ္ဓ ဖွားမြင်စဥ်ကာလ မတိုင်မီကတည်းက ခေတ်ပြိုင်အတွေးအခေါ်ပညာရှင်တွေ၊ ခေတ်ပြိုင်စစ်ရေးမဟာဗျူဟာတွေ ရှိခဲ့သလို စစ်ခေါင်းဆောင်တွေ၊ စစ်သူကြီးတွေလည်း ရှိခဲ့ကြပါတယ်။ အကြောင်းကတော့ စစ်ပွဲတွေဟာ လူ့အဖွဲ့အစည်းအတွင်း ပိုင်ဆိုင်မှုတွေ ဖြစ်တည်လာတာနဲ့ မညီမျှတဲ့စနစ်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလို့ ပြောရပါမယ်။ 

တကယ်တော့ အတွေးအခေါ်ဆိုတာ စဥ်းစားတွေးခေါ်မှုသက်သက်က ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းအတွင်းတည်ရှိနေတဲ့ ပဋိပက္ခတွေရဲ့ တိုက်ခိုက်မှုတွေ၊ ပြေငြိမ်းမှုတွေ အသစ်တဖန် တိုက်ခိုက်မှုတွေက ပဋိပက္ခအသစ်တွေကို မွေးဖွားလာသလိုပဲ စဥ်းစားတွေးခေါ်မှုဆိုတဲ့ အတွေးအခေါ် အယူအဆသစ်တွေကို လူ့အဖွဲ့အစည်းက ရရှိလာတာ ဖြစ်ပါတယ်။ 

လက်တွေ့နဲ့ ကင်းကွာတဲ့ စဥ်းစားတွေးခေါ်မှုကို စိတ်ကူးယဥ်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဒါကြောင့် မဟာဗျူဟာဆိုတာ လက်တွေ့နဲ့ကင်းပြီး စိတ်ကူးယဥ်သက်သက်နဲ့ ရေးသားမယ်ဆိုရင် ထိခိုက်နစ်နာမှုတွေ များစွာ ရှိနိုင်ပါတယ်။ ဆိုလိုချင်တာက မဟာဗျူဟာ ဆိုတာ သိပ္ပံပညာရပ်တခု ဖြစ်လို့ပါပဲ။

ဂေါတမဗုဒ္ဓမြတ်စွာကို လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊ နံနက် ၁ ချက်တီးအချိန် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတောမှာ ဖွားတော်မူခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့တာ တွေ့ရပါတယ်။

မြတ်ဗုဒ္ဓဟာ ဘုရားအဖြစ်နဲ့ (၄၅) နှစ်နေပြီး သက်တော် ( ၈၀ ) မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန် လပြည့်၊ အင်္ဂါနေ့၊ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ကျနော် တင်ပြလိုတာက ဗုဒ္ဓမြတ်စွာနဲ့ ခေတ်ပြိုင်တွေးခေါ်ပညာရှင်တွေ စစ်သူကြီးတွေဟာ ကမ္ဘာအရပ်ရပ်မှာ ထင်ထင်ရှားရှား ပေါ်ထွန်းနေကြပြီ ဖြစ်တယ်ဆိုတာကို ပြောလိုတာပါ။ အထူးသဖြင့် တရုတ် အတွေးအခေါ်ပညာရှင်ကြီးတချို့ဟာ အတော်စိတ်ဝင်စားဘို့ ကောင်းသလို ကမ္ဘာမှာလည်း ကျော်ကြားခဲ့ကြပါတယ်။

ကွန်ဖြူးရှပ် Confucious ( Kong Fuzi ၅၅၁ - ၄၇၉ ဘီစီ )

ကွန်ဖြူူရှပ်ဟာ ဘီစီ ၅၅၁ မှာ ဘီစီ ၄၇၉ မှာ ကွယ်လွန်တယ်ဆိုတော့ အသက် ၇၂ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ ဂေါတမဗုဒ္ဓ ဖွားတော်မူတာ ဘီစီ ၅၆၃ဆိုတော့ ဂေါတမဗုဒ္ဓနဲ့ ခေတ်ပြိုင်တွေလို့ ဆိုနိုင်ပါတယ်။ 

ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ ၁၀၀ ကို ဖတ်မိတဲ့ အခါ အနှစ် ၂၀၀၀ ကျော်လောက်အထိ တရုတ်ဘဝနဲ့ ဓလေ့တွေထဲမှာ ပျံ့နှံ့ပြီး လူသားအတော်များများအပေါ်မှာ အများကြီး လွှမ်းမိုးနေတယ် ဆိုတာကို သိလိုက်ရပါတယ်။ ကျနော် စိတ်ဝင်စားမိတာက သူ့ဘဝနဲ့ သူ့အတွေးအခေါ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ရှန်တုန်နယ်(Shantaung) ရှိ လု "နိုင်ငံငယ်လေးမှာ ဘီစီ-၅၅၁ ခုက မွေးခဲ့ပါတယ်။ 

ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်လာခဲ့တာပါ။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပေမဲ့ ဝန်ထမ်းသက် အတော်အကြာမှာ အလုပ်ထွက်ပြီး အတွေးအမြင်တွေကို စတင်ဟောပြောပို့ချခဲ့ပါတယ်။ 

နောက်ပါတပည့် များပြားလာပြီး အသက်ငါးဆယ်အရွယ်မှာ လု Lu အစိုးရက ရာထူးကြီးပေး တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းတာကြောင့် မင်းမှုထမ်းဖြစ်ခဲ့ပြန်ပါတယ်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ခံရပြီး ၁၃ နှစ်တိုင် ပြည်ပမှာ နေခဲ့ရပါတယ်။ ဒီ ၁၃ နှစ်အတွင်း တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးတွေမှာ နယ်လှည့်ဟောပြောပို့ချသူအဖြစ် နေထိုင် ရှင်သန်ခဲ့ရပါတယ်။ နာမည်ကျော်ဘဝနဲ့ ဇာတိသို့ ပြန်ရောက်ပြီး ၅ နှစ်အကြာ(အသက် ၇၂ နှစ်) တွင် ကွယ်လွန်ခဲ့ပါတယ်။

ကျနော် စိတ်ဝင်စားတာက သူဟာ သက်ရှိထင်ရှားရှိစဥ်မှာ နယ်နှင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသလို သူ သေပြီးတဲ့နောက်မှာ မြှောက်စားခံလိုက်၊ နှိပ်ကွပ်ခံလိုက် ဆိုတဲ့ ဖြစ်စဥ် ဖြစ်ပါတယ်။ အဲဒီကာလက အဘိဓမ္မာပညာရှင်တွေဘဝဟာ အသက်တွေ ဘဝတွေနဲ့ထပ်ပြီး အမှန်တရားကို ရှာဖွေကြရလေ့ရှိတယ် ဆိုတာကို သတိပြုမိတာ ဖြစ်ပါတယ်။ 

သမိုင်းမှာ ကွန်ဖြူးရှပ်ဝါဒီနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းသားတွေဟာ တရုတ်နိုင်ငံကို ပထမဆုံး စုစည်းအုပ်ချုပ်တဲ့ ချင်မင်းဆက်(Ch'in) လက်ထက် ပထမဆုံးဧကရာဇ် ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်)(Shih Huang Ti)လက်ထက် ဘီစီ-၂၂၁ခုမှာ ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရပါတယ်။ သူ့ကျမ်းစာတွေကို အဆိပ်အတောက်လို့ သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးရုံသာမက ကျမ်းဆောင်အကျော်အမော်တို့ကိုပါ မြေမြှုပ်သတ်ဖြတ်တဲ့အတွက် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်တဲ့ ကာလလို့ ဆိုနိုင်ပါတယ်။

ချင်မင်းဆက် အချိန်တိုအတွင်း ပျက်သုဉ်းပြီး နောက်တက်တဲ့ ဟန် (Han)မင်းဆက် လက်ထက်မှာတော့ အကြီးအကျယ် မြှောက်စားတဲ့အတွက် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ခေါင်းမော့လာကြပြန်ပါတယ်။ 

နောက်တစ်ကြိမ်ကတော့ မော်စီတုန်း ဦးဆောင်မှုနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး ဆင်နွှဲစဉ် ကာလမှာတော့ နောက်တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်ပါတယ်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုအတော်များများကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ 

တကယ်တော့ ကွန်ဖြူးရှပ်အတွေးအခေါ်တွေမှာ အသစ်အဆန်း များများစားစား ပါလှတာတော့ မဟုတ်ပါဘူး။ အဟောင်းကို ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းအဓိကထား ဆိုဆုံးမခြင်းသာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကွန်ဖြူးရှပ်ရဲ့ ကျော်ကြားတဲ့ အဆိုအမိန့်များ ( Famous Confucian Quotes ) ထဲက အချို့ကို မိတ်ဆက်ပေးလိုပါတယ်။ သူတို့ခေတ်ရဲ့ အဘိဓမ္မာတွေလို့ မှတ်ယူနိုင်မလားဘဲဗျာ။

*ငါးတောင်းတဲ့သူကို ငါးမပေးပါနဲ့ ငါးဖမ်းနည်းပဲကိုပဲ သင်ပေးပါ။

*ခြေလှမ်းနှေးတာ မြန်တာ အရေးမကြီးဘူး အရေးကြီးတာက လျှောက်နေဖို့ပဲ။

*ရှုံးနိမ့်မှုနဲ့ ကြုံလာတဲ့အခါ ရည်မှန်းချက်ကို ပြောင်းလဲဖို့ထက် လုပ်ပုံကိုင်ပုံ ပြောင်းလဲဖို့ ကြိုးစားပါ။

*လူတော်တွေက ကိုယ့်အပြစ်ကိုရှာပြီး ပြုပြင်ကြတယ်။ လူညံ့တွေက သူများအပြစ်ကို လိုက်ရှာပြီး ကဲ့ရဲ့ကြတယ်။

*ပြင်ဆင်ဖို့ ပျက်ကွက်တဲ့သူဟာ ကျရှုံးဖို့ ပြင်ဆင်နေခြင်းသာ ဖြစ်တယ်။

*မင်းမကောင်းကြောင်းကို နောက်ကွယ်မှာ ပြောနေပြီးဆိုရင် မင်းဟာ သူတို့ထက် ရှေ့ရောက်နေလို့ပဲ။

*လူတစ်ယောက်ကို မုန်းမိတာဟာ သူ့ကို ရှုံးသွားတာနဲ့ အတူတူပဲ။

*တပ်တော်ကြီးတခုရဲ့ နိုင်ငံကြီးတခုရဲ့ ခေါင်းဆောင်ဟာ တိုက်ပွဲပေါင်းများစွာ

နယ်မြေပေါင်းများစွာ အောင်မြင်သိမ်းပိုက်နိုင်ပေမယ့် သာမန်ပြည်သူတဦးရဲ့ စိတ်ကိုတော့

မပိုင်ဆိုင်နိုင်ပါဘူး။

*ပညာရှိတွေ မိုက်ပြီးရင် ပြန်လိမ္မာဖို့ ခက်တယ်။

နောက်တပတ် ပြန်ဆုံကြမယ်ဗျာ။


👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar