Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒုက္ခသည်ကို လူပါးဝရင်း ကျဆုံးလာတဲ့ တပ်မတော်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒုက္ခသည်ကို လူပါးဝရင်း ကျဆုံးလာတဲ့ တပ်မတော်

(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၂၄


"မနေ့က မြစ်သားကို ရောက်တော့ ရေဘေးသင့်ပြည်သူ ၂၀၀၀ လောက်ရှိတယ် ပြောတယ်။ အဲဒါ အရပ်ဝတ်တွေနဲ့ တပ်က လူတွေက ပစ္စည်းတွေကို သူတို့ဆီ အပ်။ သူတို့ကနေတဆင့် အကုန်လုံးဆီ ရောက်အောင် ဖြန့်ဝေပေးမယ် ပြောတယ်။ ပြည်သူ ၂၀၀၀ လောက်ဆီ သူတို့ ဖြန့်ပေးမယ်ပေါ့။ ဒီလိုပြောတာ။ အဲဒီလိုကြီးတော့ ကျနော်တို့လည်း မအပ်နိုင်ဘူးလေ။ သူတို့က လှူချင်ရင် သူတို့ဆီအပ်။ မလှူချင်ရင်လည်းနေ သဘောမျိုး ပြောလာတာ" 

"ထန်းတပင်နဲ့ ရေတာရှည်ကို သွားတဲ့အဖွဲ့တွေကို စစ်တပ်က တားတယ်။ ပစ္စည်းတွေ ပါလာရင် ထားခဲ့။ သူတို့ လှူပေးမယ်။ လှူချင်တဲ့နေရာတွေကို သွားလှူခွင့်မပေးဘူး။ နယ်မြေလုံခြုံရေး အကြောင်းပြတယ်။ ပြီးတော့ ပစ္စည်းတွေ ထားခဲ့ခိုင်းတယ်။  သူတို့ လှူပေးလိုက်မယ်ပဲ ပြောတယ်" 

စားနပ်ရိက္ခာများဆိုပါက စစ်တပ်က စစ်ဆေးပြီးမှသာ ရေဘေးသင့် ပြည်သူများထံသို့ ဖြန့်ဝေပေးမယ်၊ စားနပ်ရိက္ခာများကို စစ်တပ်ထံတွင် ထားရှိပြီး စစ်ဆေးခြင်းနှင့် ဖြန့်ဝေခြင်းကို တပ်အစီအစဉ်ဖြင့်သာ လုပ်ဆောင်မယ်လို့ အလှူရှင်များကို ပြောဆိုခဲ့တယ်။ 

“ဒီဘက် PDF စိုးမိုးနယ်မြေဖြစ်နေတာ့ တချို့အလှူရှင်က ဒီဘက်ကို ၀င်လာပြီး ပစ္စည်းပို့ချင်တာကို စစ်ကောင်စီဘက်က အဖြတ်မခံဘူး။ အဓိက ဆန်နဲ့ဆေးနဲ့ဆိုရင် လုံး၀အတင်မခံဘူး။ ကညွှတ်ကွင်း လမ်းကြောင်းဆိုရင် ဒီဘက်ထဲကို ကူညီကယ်ဆယ်ရေး လာဖို့ကို ခွင့်မပြုဘူး။ အခုဆိုရင် ကညင်တိုင်း၊ ဆေးရိုးကုန်း၊ သင်္ဘောကျွန်း ဆိုရင်လည်း မြုပ်သွားပြီ။ အဲတော့ ဒီလိုနေရာတွေကို ရိက္ခာတွေကို လှူတဲ့သူရှိပေမဲ့ စစ်ကောင်စီက ဖြတ်ခွင့်မပေးတဲ့အတွက် အဆင်မပြေဘူးဖြစ်နေတယ်”

ရေဘေးသင့်သူတွေကို ရိက္ခာပို့ဖို့ လာတဲ့သူတွေကိုလည်း စစ်ကောင်စီရဲ့ ကညွှတ်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၃၉  တပ်စခန်းနဲ့ ဘန်းလောင်နဲ့ ဖြူးလမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းက တားမြစ်ထားလို့  ပြန်လှည့်သွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

“စစ်တောင်းမြစ်ကမ်းဘေး ရွာတွေအကုန် ရေလွှမ်းနေတယ်။ ဒီနေ့ဆို ရေကြီးတာ ၄ ရက်မြောက်နေပြီ။ အိမ်အောက်ထပ်တွေ အကုန်မြုပ်နေတယ်။ တချို့တွေက ဘုန်းကြီးကျောင်းနဲ့ အိမ်အမြင့်တွေမှာ သွားနေကြတယ်။ လောလောဆယ် အသေအပျောက်တွေတော့ မကြားမိသေးဘူး။ စားဖို့နဲ့ သောက်သုံးရေ အခက်အခဲရှိတယ်”

စစ်တောင်းမြစ်ကမ်းဘေးရှိ ရွာတွေဖြစ်တဲ့ ဘန်းလောင်၊ သင်္ဘောကျွန်း၊ လက်ပံတန်း၊ ကျောက်စောင်း၊ ကညင်ဒိုင်း၊ ဆေးရိုးကုန်း၊ ဇီးခုံ၊ နန္ဒမိတ်၊ ကိုင်းတဲစု၊ တဲစု ၊ မြောင်း၀လေး ၊ မြပဂိုး၊ မိဿလင် အစရှိတဲ့ ရွာပေါင်း သုံးဆယ်နီးပါး ရေဝင်နစ်မြုပ်နေတာလို့ ဆိုပါတယ်။ 

အဲဒီရွာတွေထဲက အနိမ့်ပိုင်းရွာတွေဖြစ်တဲ့ ကျောက်စောင်း၊ လက်ပံတန်း၊ ကိုင်းတဲစုနဲ့ သင်္ဘောကျွန်း စတဲ့ရွာတွေကတော့ ရေကြီးမှုကို ဆိုးဆိုးဝါးဝါး ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ လက်ရှိတပ်လုပ်ရေဘေးကို တပ်က ထပ်ဆင့်ဒုက္ခပေးတဲ့ သတင်းစကားတွေ။

ဒါမျိုးတွေက နာဂစ်မှာ ကောင်းကောင်းကြုံခဲ့ပြီးပြီ။ ပြည်တွင်း ပြည်ပ ဘယ်သူ လှူတာကိုမှ တိုက်ရိုက်မလုပ်ရ၊ တပ်က လက်ခံပြီးဝေမယ်ဆို လုပ်တာ၊ တပ်ဂိုဒေါင်နဲ့ ဈေးမှန်သမျှဆီ အဲဒီပစ္စည်းတွေ ရောက်သွားတာဘဲ။ အဲဒီတုန်းက သီတဂူဆရာတော် အဲဒီမှာပဲ အထိုင်ချပြီးလုပ်ပေးတယ်။ ပြန်လာရင် ပြန်ဝင်ရခက်မှာစိုးလို့ရယ် တခြားသူတွေကို ကာဗာပေးချင်တာရယ်ကြောင့် ပြန်မလာဘဲ လုပ်နေတာ၊ သူ့ဒကာ ဒကာမတွေက ဦးဆောင်အလှူခံပြီး ပစ္စည်းငွေကြေး မနားတမ်းပို့ပေးကြတယ်။ စစ်တပ်က ဘာလို့တားမြစ်လဲဆိုတော့ အရင်းခံကိုက ပြည်သူအပေါ် မေတ္တာမဲ့တာရယ်၊ ခြေဥ အတည်ပြုချင်တဲ့ဟာ ရက်မ‌ရွှေ့ချင်တာရယ်ကြောင့် မုန်တိုင်းပြင်းအားကို အသိမပေးဘဲ ထိမ်ချန်ထားလို့ လူသိန်းချီ သေတဲ့ ထိခိုက်မှုကြီးကို ဖုံးကွယ်ချင်တာရယ်။

ခုလဲ မုန်တိုင်းက တော်တော် အသိမပေးဘဲ ဆည်တံခါးတွေ ဖွင့်ချလို့ ရေနစ်မြုပ် သေဆုံးရတာတွေကို လူမသိစေချင်တာရယ်၊ ပြည်သူ့အပေါ်တော့ မေတ္တာရှိဖို့ထား ကိုယ်တိုင်တောင် မနေမနားလိုက်သတ်နေတာရယ်၊ ဒုက္ခသည်တွေကို စစ်သား စုဆောင်းချင်တာရယ်ကြောင့် ဘာဒုက္ခမှမဖြစ်သလိုမျိုး ချိုးနေတာ။ သေဆုံးပျက်စီးစာရင်းလဲ လိမ်ချင်သေးတာ။

နောက်တခုက ရိက္ခာ၊ ရိက္ခာဖြတ်အုပ်ချင်တာ။ မဟုတ်လဲ ရွာတွေဝင် စစ်ကြောင်းထိုးတယ်ဆိုပြီး ဓားပြတိုက်နေကျ မဟုတ်လား။ ခု လာကူကြတာ စားစရာအပြင် ငွေပါပါတော့ အကြိုက်လေ။ ဘီလူး သရဲတွေ ပါးစပ်ဟစောင့်နေကြတာ။ 

နာဂစ်တုန်းက ဆယ်လီ ဆရာတော်တပါး ရှိတယ်။ ဓမ္မစေတီဦးကောသလ္လတဲ့။ အတော်ကို နာမည်ကြီး လျှမ်းလျှမ်းတောက်နေချိန်။ အိုင်ပက်နဲ့ သင်တန်းပေးတဲ့ ပုံစံဆန်ဆန် တရားစဟောတဲ့ပုဂ္ဂိုလ်။ တလောက ရေကူးကန်ရှိတဲ့ ကျောင်းတကျောင်း လိုင်းပေါ်ဟော့လာတယ်၊ အဲဒါ သူ့ကျောင်းလို့ ပြောကြရဲ့။ အဲဒီပုဂ္ဂိုလ်က အဲဒီတုန်းက စစ်တပ်က အလှူရှင်တွေကို တားတာ မဟုတ်ပါဘူးဆိုပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောတဲ့အပြင် သတင်းစာမှာတောင် ဆောင်းပါးရေးလိုက်သေးတာ။ သူ့အလှူကားတွေကိုတောင် စစ်သားတွေက ဘယ်လို ကူပါတယ် ဘာညာပေါ့လေ။ အဲဒီမှာ သူ့တရားတွေ ဖွင့်နာနေတာ စရပ်ကြတာပဲ။ တိပ်ခွေခေတ်ဆုံးခါနီး CD ခေတ်ဦးပေါ့လေ။ သူ့တရားတိပ်ခွေတွေ CD ချပ်တွေ လက်မလည်အောင် ငှားနေရချိန် အုံနဲ့ကျင်းနဲ့ ကူးယူဖြန့်ချိနေတာတွေ တစတစ ဆုတ်ဆုတ်သွားလိုက်တာ သူ့ရဲ့ဓမ္မကထိက ဆယ်လီဘဝပါ အဆုံးသတ်သွားတာဘဲ။ ရုပ်ရှင်မင်းသားထက် ဝင်ငွေကြမ်းပြီး ပျိုတကာနဲ့ ဝန်ကတော်တွေ ဝိုင်းဝိုင်းလည်နေချိန်ပေါ့။ ကနေ့ထိ နာလန်မထူတော့တာ။ အဲဒီတုန်းကတော့ သီတဂူဆရာတော်က ဒုက္ခသည် လူထုဘက်က။

ဆယ်လီဆို လူဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ်၊ လူထုအပေါ်ဩဇာရှိတယ်လို့ ထင်ယောင်မှားတတ်တာချည်းဘဲ။ ၈၈ ဖြစ်ပြီးတော့ စတိတ်ရှိုးစင်ပေါ်ကနေ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားဖို့ ကျော်ဟိန်း ပြောတော့ အုတ်ခဲကျိုးတွေပျံဝဲ ကျော်ဟိန်းလဲ မြောင်းထဲ ရောက်သွား။ နောက်ပိုင်းမှာ ကျော်ဟိန်းက ဗွီဒီယိုခေတ်ဦးမှာ မင်းသမီး ဖြစ်ချင်တဲ့ ကောင်မလေးတွေနဲ့ ဂျပန်အလိုတော်ရိ သူကြီးသား၊ သူဌေးသားငပွေး၊ လူဆိုးဗိုလ်၊ ဗီလိန်ဇာတ်ရုပ်နဲ့ မုဒိမ်းခန်းတွေချည်း တန်းစီရိုက်တာ။ အဲဒီနည်းနဲ့ ရိုက်ရှင်လောကထဲ ပြန်ထိုးဖောက်လာတာဘဲ။ သူ့ရဲ့ မုဒိမ်းကျင့်ခန်းတွေက ဒီကနေ့ ဖြစ်ပေါ်နေတဲ့ မုဒိမ်းမှုကြီးတွေနဲ့တောင် ဆက်စပ်ကောင်းဆက်စပ်နိုင်တယ်။ အပြာကားတွေရုံနဲ့ ပြသတဲ့ ခေတ်ကြီးတခုလုံးနဲ့အပြိုင် သူ့မုဒိမ်းကားတွေ ရိုက်ခဲ့တာကိုး။

မုဒိမ်းကျင့်တာဟာ တပ်မတော်ရဲ့ ကာချာတောင် ဖြစ်နေတာကို ကြည့်ပေါ့။ အဲဒီတုန်းက ရုပ်ရှင်ရော ဂီတရောက ကျော်ဟိန်း ခေတ်ကြီးလေ။ နောက် ဇာတ်မင်းသား ချမ်းသာ။ ဒေါ်စုကို ထိုးနှက်သိက္ခာချတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ နိဗ္ဗာန်ရောက်မယ့် ကျနော့်မမ ဆိုတဲ့ ပြဇာတ် ကတယ်။ NLD ကို နှိမ်ပြီး တစညပါတီကို မြှင့်တဲ့ အော်ပရာတွေ ယိမ်းတွေ ကတယ်။ သူလဲ အုတ်ခဲကျိုးနဲ့ လစ်သွားရတာဘဲ။ အဲတုန်းက သူက လျှမ်းလျှမ်းတောက် ဇာတ်မင်းသား။ ဗမာပြည်ရဲ့ ဘုရားပွဲတိုင်း သူ့ဇာတ် မပါလို့ မရ။ လူထုရဲ့ နိုင်ငံရေးစံနှုန်းကို အထင်သေးပြီး သူတို့ကိုယ်သူတို့ သူတို့စင် သူတို့ပလ္လင်ထက် ပိုတွက်ကြတာ။ တကယ်တော့ လူထုက တကန့်စီ အားပေးကြတာ။ နိုင်ငံရေးမှာ ဆရာကြီးလုပ်၊ သူတို့ဒုက္ခကိုလူဝါးလာဝတာကိုတော့ ဘယ်ပရိသတ်မဆိုမှကို လက်မခံတာ။ 

လူထုကို လူဝါးဝလို့ ကျဆုံးသွားတဲ့ နိုင်ငံရေးသမားတောင် နည်းမှတ်လို့။ တပ်မတော်တခုလုံး နိုင်ငံရေးမှာကျဆုံးရတာလဲ ဒုက္ခသည် လူထုအပေါ် လူပါးဝလို့ပဲ။ သူတို့ပေးထားတဲ့ဒုက္ခနဲ့ လူပါးထပ်ဝတာလေ။ လူထုကို စဉ်ဆက်မပြတ် နှိပ်စက်ပါများလွန်းလို့ ဟော ခုတော့ တပ်မတော်ဟာ ကာကွယ်ရေးမှာပါ ကျဆုံး၊ တပ်မတော်ဟာ တပ်မတော်ဖြစ်ခြင်းပါ ပျက်သုဉ်း မျိုးတုံးကွယ်ပျောက် နိဂုံးချုပ်ချိန်တောင် ရောက်လာပါပေါ့လား။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar